- ကျောက်ဖြူထောင်မှ ချုပ်ရက်စေ့၍ လွတ်လာသူ ၂ ဦးကို စစ်ကောင်စီ ပြန်ဖမ်း
- ပြိန်းချောင်း ဓားပြတိုက်လူသတ်မှု တရားခံ မပေါ်သေး
- ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုအတွက် ကမ္ဘောဒီးယား အမည်တင်သွင်းမည်
- CDF ဟု စွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီးထောင်ချခဲ့သည့် ပလက်ဝဒေသခံ ၁၆ ဦး ပြန်လွတ်
- စစ်ကောင်စီက ကျောက်ဖြူသို့ တင့်ကားနှင့် စစ်သင်္ဘောများ ထပ်ပို့
ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ
စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်များမှာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့်အပြင် စားဝတ်နေရေး အကျပ်အတည်းကြောင့် အစာအာဟာရ လုံလောက်စွာ မစားသုံးနိုင်သဖြင့် ဘေးကင်းစွာ ကလေးမွေးဖွားနိုင်ရေးအတွက် စိုးရိမ်စိတ်များဖြစ်နေကြသည်။
02 Dec 2024

DMG ၊ ဒီဇင်ဘာ ၂
ဆေးဝါးရှားပါးမှု၊ ဆေးရုံ/ဆေးခန်းများ ပိတ်ထားခြင်းကြောင့် သံတွဲမြို့နယ်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်များမှာ ကလေးမွေးဖွားရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေကြသည်။
စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်များမှာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့်အပြင် စားဝတ်နေရေး အကျပ်အတည်းကြောင့် အစာအာဟာရ လုံလောက်စွာ မစားသုံးနိုင်သဖြင့် ဘေးကင်းစွာ ကလေးမွေးဖွားနိုင်ရေးအတွက် စိုးရိမ်စိတ်များဖြစ်နေကြသည်။
"ကိုယ်ဝန်ဆောင်နေချိန်အတွင်း အစားအသောက်တွေ သေချာမစားရတော့ ကလေးမွေးရင် ခြေတွေ၊ လက်တွေ စုံမလားလို့တောင် တွေးပူမိတယ်။ ကလေးမွေးမှာကိုပဲ အမြဲတွေးပူနေမိတယ်။ အစားအစာတောင် မပြည့်စုံတာ၊ ဆေးဝါးဆိုတာ မပြောနဲ့ ဖောလစ်အက်စစ်(ကိုယ်ဝန်ဆောင်မိခင်များသောက်သုံးဆေး) တောင်မသောက်နိုင်တာ ဘယ်လို ကလေးမွေးမယ်ဆိုတာ တွေးမိတိုင်း စိတ်ပူနေရတယ်" ဟု စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ အစ်မဖြစ်သူက ပြောသည်။
ကလေးမွေးဖွားသူ အချို့မှာလည်း ကိုယ်ဝန်ဆောင်စဉ် အစာအာဟာရ ပြည့်ဝစွာ မစားသောက်နိုင်ခြင်း၏ နောက်ဆက်တွဲအဖြစ် မွေးဖွားပြီးနောက် နို့မထွက်ခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။
" မိခင်တွေ အာဟာရချို့တဲ့လာတာကြောင့် မွေးဖွားပြီးခါစ ရက်သားအရွယ် ကလေးတွေကိုလည်း မိခင်နို့အစား ထမင်းကျွေးရတာတွေ ရှိတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါး မလုံလောက်တာကြောင့် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်တွေ ကလေးမီးဖွားဖို့ အဆင်မပြေမှုတွေရှိလာတယ်" ဟု လေးဝတီ(သံတွဲ) စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ ဦးဖြိုးမောင်မောင်က ပြောသည်။
တစ်ဖက်တွင်လည်း ဆေးဝါးရှားပါးမှု၊ ဆေးရုံ/ဆေးခန်းပိတ်ထားမှုနှင့် လမ်းပန်းဆက်သွယ်ရေး ခက်အခဲကြောင့် အချိန်မီဆေးဝါးကုသခွင့်မရသဖြင့် အသက်သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်အထိရှိပြီး တောင်ကုတ်၊ ဂွမြို့နယ်တို့မှ ပါဝင်ကာ ကူညီထောက်ပံ့မှုနည်းပါးသဖြင့် စားဝတ်နေရေးအကျပ်အတည်းဒဏ်ကို ရင်ဆိုင်နေကြရသည်။
"စစ်ဘေးရှောင် အရေအတွက်များတာကြောင့် ကူညီစောက်ရှောက်ပေးမှုတွေ လုပ်ပေးပေမယ့် မပြည့်စုံတာတွေ ရှိတယ်။ တခါတလေဆို ကျနော်တို့မှာလည်း ရိက္ခာပြတ်သွားတော့ ကူညီပေးမှုတွေလည်း ရပ်သွားတာတွေရှိတယ်" ဟု သံတွဲမြို့နယ်က စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောသည်။
ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ ၇ သိန်းနီးပါးတိုးလာနေပြီး ထိုအထဲတွင် ကလေးငယ်နှင့် အမျိုးသမီး အများစုပါဝင်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးခက်အခဲဒဏ်ကို ပို၍ ခံစားနေကြရသည်။