တောင်ကုတ်မြို့နယ်တွင် ဒုစရိုက်မှုများလာ၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကင်းစောင့်နေရ

တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းမှစ၍ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုများ ဖြစ်ပွားလာနေပြီး အသက်ဆုံးရှုံးခဲ့ရသည်အထိ ရှိလာနေခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြရသည်။ 

By Admin 22 Feb 2023

တောင်ကုတ်မြို့နယ်တွင် ဒုစရိုက်မှုများလာ၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကင်းစောင့်နေရ

DMG ၊ ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ယခုနောက်ပိုင်း ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှု များလာသောကြောင့် လုံခြုံမှုရှိစေရန်အတွက် ကျေးရွာတချို့နှင့် မြို့ပေါ်ရပ်ကွက်တို့တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကင်းရုံများဆောက်လုပ်ကာ ကင်းစောင့်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ 

ဒုစရိုက်မှုများလာသောကြောင့် ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်လာကြ၍ ယခုကဲ့သို့ ကင်းရုံများဆောက်လုပ်ကာ အလှည့်ကျကင်းစောင့်မှုများကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း မှိုဟင်းတောကျေးရွာမှ ရပ်မိရပ်ဖ ဦးဖဲသာချေက ပြောသည်။ 

“ကင်းစောင့်တာတော့ တစ်ပတ်လောက်ရှိပါပြီ။ ထူးခြားမှုရှိလာတယ်လို့ ပြောလို့ရမယ်။ အရင်လို လူစိမ်းတွေ ရွာအဝင်အထွက် သိပ်မတွေ့ရတော့ဘဲ နည်းသွားပါတယ်။ အရင်တုန်းကဆိုရင် ရွာသားတွေမှာ မအိပ်ရဲ၊ မနေရဲဘဲ စိုးရိမ်စိတ်တွေ ဖြစ်နေကြတာ။ အခုတော့ နည်းနည်း စိတ်သက်သာရာ ရတာပေါ့။ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ စောင့်ရပြီးတော့ ညအချိန်မှာလည်း နာရီဝက် တစ်ကြိမ်လောက် ကင်းလှည့်ပါတယ်” ဟု ဦးဖဲသာချေက ပြောသည်။ 

တောင်ကုတ်မြို့ သင်္ဘောဆိပ်ရပ်ကွက်နှင့် မှိုဟင်းတော၊ ဝက်ကျိတ်၊ ရွာသစ်၊ ဝဲကြီး၊ နတ်မော်၊  အောင်သုခ၊ သာယာအေး စသည့်ကျေးရွာများတွင် ရွာအဝင်အထွက်နေရာများ၊ မြို့ပေါ်ရပ်ကွက် လမ်းဆုံနေရာတို့တွင် ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍  ကင်းရုံများဆောက်လုပ်ကာ ကင်းစောင့်နေကြခြင်းဖြစ်သည်။ 

တောင်ကုတ်မြို့ သင်္ဘောဆိပ်ရပ်ကွက်မှ ကိုကျော်ကဲက “ခိုးတာ၊ လုယက်တာက နေ့တိုင်းလိုလိုရှိနေတော့ လုံခြုံမှုရှိစေချင်တဲ့အတွက်ဖြစ်တယ်။ ဒါတွေကို ရာနှုန်းပြည့် မဟုတ်ရင်တောင်မှ လုံခြုံမှုရှိစေချင်လို့ တစ်ညမှာ လူ ၁၀ ယောက်စီ အလှည့်ကျကင်းစောင့်ပါတယ်။ ညဘက်ဆိုရင် ကင်းလှည့်တယ်။ ရွာအဝင်အထွက်တွေကို ၁၀ နာရီနောက်ပိုင်းဆိုရင် အသိစာရင်းပေးပြီးမှ သွားလာရမယ်ဆိုပြီး စည်းကမ်းချမှတ်ထားတာတွေ ရှိပါတယ်” ဟု ပြောသည်။ 

တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းမှစ၍ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုများ ဖြစ်ပွားလာနေပြီး အသက်ဆုံးရှုံးခဲ့ရသည်အထိ ရှိလာနေခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာက ဦးမောင်မြင့်နိုင် ဆိုသူ၏နေအိမ်ကို အမည်မသိလူတစ်ဦးက ဝင်ရောက်ကာ ရွှေ ၉ ကျပ်နှင့်၊ ငွေသား သိန်း ၂၀ ကျော်ကို ခိုးယူပြီး သမီးဖြစ်သူအသက် ၂၀ အရွယ်ကိုပါ ဓားနှင့်ထိုးကာ ထွက်ပြေးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းတွင်လည်း တောင်ကုတ်မြို့နယ်၊ ရန်ခေါ်ရွာအနီးတွင် အမျိုးသားတစ်ဦးကို အမည်မသိလူလေးဦးက ဓားနှင့်ထိုးကာ ဆိုင်ကယ်ကိုလုယူသွားခဲ့ကြောင်း ကာယကံရှင်က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။ 

ထိုသို့ ခိုးဆိုးလုယက်မှုများ ရှိလာနေခြင်းမှာ စီးပွားရေးကျပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးမှု တို့ကြောင့်ဖြစ်သည်ဟု တောင်ကုတ်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

“ အလုပ်အကိုင်တွေ အဆင်မပြေကြတော့ စိတ်တွေဖောက်ပြန်ပြီး ခိုးတာ၊ လုယက်တာတွေ လုပ်လာကြတယ်။ ဝမ်းရေးဖြေရှင်းဖို့ ဒီထက်ပိုပြီးတော့လည်း လုယက်မှုတွေ များလာနိုင်ပါတယ်။ အဓိကတော့ တရားဥပဒေလည်း စိုးမိုးမှုမရှိဘူး။ ဒေသအနေထားလည်း ပုံမှန်မဟုတ်တော့ သောင်းကျန်းလာကြတယ်။ ဒါတွေကိုလျော့ချဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို တိုင်ကြားကြပေမဲ့လည်း ထူးခြားမှုမရှိဘူးလို့ ကြားသိရပါတယ်” ဟု ၎င်းကပြောသည်။ 

ထို့ကြောင့် ဒေသခံပြည်သူများမှာ မိမိလုံခြုံမှု၊ မိမိကျေးရွာလုံခြုံမှုတို့အတွက် ကိုယ်အားကိုယ်ကိုးကာ ကင်းလှည့်နေလာနေကြခြင်း ဖြစ်သည်ဟု အဆိုပါ လူမှုရေးတက်ကြွလှုပ်ရှားသူက ဆက်ပြောသည်။ 

တောင်ကုတ်မြို့နယ်အတွင်း လုံခြုံနေရေးကိစ္စနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်နေသည်ကို သိရှိရန် တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်ပြည်အတွင်းက မြို့နယ်တချို့တွင် ယခုနောက်ပိုင်း ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုများ ပိုမိုများပြားလာနေပြီး ထိုသို့ဖြစ်ပွားရခြင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းမှုကြောင့်ဟု ဒေသခံများက ပြောဆိုနေကြသည်။ 

#R010

ဗီဒီယိုများ