ပေါက်တောမြို့နယ်တွင် မုန်တိုင်းအလွန် ၄ လကျော်သည့်တိုင် နာလန်ထူရန်ခက်ခဲနေသေး 

မုန်တိုင်းဒဏ်ကို အများဆုံးခံခဲ့ရသော သဲခုံ၊ ချိုင်ပြင်၊ ကြွီပြင်၊ ဝါးလမ်းကုန်း၊ သစ်ပုတ်ချိုင်၊ ညောင်ပင်ချိုင်၊ ကြိမ်ခွေမော် စသည့်ကျေးရွာများတွင် ၆၀ ရာခိုင်နှုန်းသာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်သေးသည်။ 

By Admin 05 Oct 2023

ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ မုန်တိုင်းသင့် နေအိမ်တစ်လုံးအား စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ 
ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ မုန်တိုင်းသင့် နေအိမ်တစ်လုံးအား စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ 

DMG ၊ အောက်တိုဘာ ၄ 

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်တွင် မုန်တိုင်းအလွန် ၄ လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ပြန်လည်နာလန်ထူနိုင်ရန် အခက်အခဲများရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။  

မုန်တိုင်းဒဏ်ကို အများဆုံးခံခဲ့ရသော သဲခုံ၊ ချိုင်ပြင်၊ ကြွီပြင်၊ ဝါးလမ်းကုန်း၊ သစ်ပုတ်ချိုင်၊ ညောင်ပင်ချိုင်၊ ကြိမ်ခွေမော် စသည့်ကျေးရွာများတွင် ၆၀ ရာခိုင်နှုန်းသာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်သေးသည်။ 

“ပျက်စီးဆုံးရှုံးမှုက အရမ်းများခဲ့တော့ အခုချိန်ထိ အခက်ခဲနေကြဆဲပါ။ ကယ်ဆယ်ရေးတွေလည်း မရောက်တော့ဘူး။ အစိုးရ(စစ်ကောင်စီ)ဆီက ထောက်ပံ့ပေးခဲ့တာက ဆန် ၃ ပြည်ဆိုတဲ့ မဖြစ်စလောက်ပဲ ရှိပါတယ်” ဟု ပေါက်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ကျော်ခိုင်က ပြောသည်။ 

မုန်တိုင်းကြောင့်ပျက်စီးသွားသည့် နေအိမ်အများစုမှာ တာပေါ်လိပ်များဖြင့် မိုးကာထားရဆဲဖြစ်ပြီး အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေ၍ မုန်တိုင်းသင့်ပြည်သူများမှာ ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ရန် အခက်အခဲများ ရှိနေကြသည်။ 

ပေါက်တောမြို့နယ်က ဒေသခံအများစုမှာ လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ငါးဖမ်းလုပ်ငန်းများ မလည်ပတ်နိုင်သေး၍ စားဝတ်နေရေး ထိခိုက်နေကြရသည်။  

သဲခုံကျေးရွာမှ ဦးကျော်သောင်းက “ကျနော်တို့ဘက်က တခြားဒေသလိုမျိုး စိုက်ပျိုးရေးလုပ်ငန်းလည်း လုပ်လို့မရဘူး။ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာ။ ပိုက်တို့၊ လှေတို့ ပျက်စီးဆုံးရှုံးသွားတော့ ပိုပြီးခက်ခဲတယ်” ဟု ပြောသည်။  

ပေါက်တောမြို့နယ်တွင် မုန်တိုင်းကြောင့် အိမ်ခြေ ၂၈,၀၀၀ ကျော်ပျက်စီးသွားပြီး ဒေသခံပြည်သူ တစ်သိန်းကျော် လေဘေးသင့်ခဲ့ရသည်။ မုန်တိုင်းသင့်ကျေးရွာပေါင်း ၁၀၀ ကျော်တွင် ကျွဲ၊ နွားအကောင်ရေ ထောင်နှင့်ချီသေဆုံးကာ မျိုးစပါး၊ ငါးဖမ်းပိုက်၊ ငါးဖမ်းစက်လှေ အများအပြားပျက်စီးသွား၍ ဒေသခံများမှာ လူမှုစီးပွားဘဝရပ်တည်ရေး စိန်ခေါ်မှုများရှိနေကြသည်။ 

“လုပ်ကိုင်စားသောက်နေတဲ့အရာတွေက ပျက်စီးသွားတော့ အလုပ်အကိုင်လည်းမရှိဖြစ်နေတယ်။ အခုက ထမင်းနပ်မှန်အောင်စားဖို့တောင် ဖြစ်သလို ရုန်းကန်နေရပါတယ်။ တချို့ဆိုရင် ထမင်းမစားရတဲ့နေ့တွေ လည်းရှိပါတယ်” ဟု ပေါက်တောမြို့နယ်၊ သစ်ပုတ်ချိုင်ကျေးရွာမှ ဦးမောင်သန်းတင်က ပြောသည်။  

စစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအပြင် စားနပ်ရိက္ခာထောက်ပံ့မှုများကိုလည်း လုပ်ဆောင်ထားကြောင်း ပြောဆိုနေသော်လည်း မြေပြင်တွင် လိုအပ်ချက်များစွာ ရှိနေသေးသည်။ 

“ပြန်လည်ထူထောင်ရေးကိစ္စတွေ ပြီးသင့်သလောက် ပြီးစီးနေပါပြီ။ ကျေးရွာအကုန်လုံးကို ကျနော်တို့က ပြန်လည်ထူထောင်ရေးပစ္စည်းတွေ ထောက်ပံ့ပေးတယ်။ ဦးစားပေးအနေနဲ့ဆိုပြီးတော့ မရှိဘူး။ အကုန်လုံးကို‌ ပေးတာပါ” ဟု ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက ပြောသည်။ 

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော “မိုခါ” မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် နေအိမ်အဆောက်အအုံ အများအပြားပျက်စီးသွားပြီး ပြည်သူ ၁၁ သိန်းကျော်ထိခိုက်နစ်နာခဲ့ရကာ ပြန်လည်ထူထောင်ရေး အတွက် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်သည်။ 

#R010 

ဗီဒီယိုများ