စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ရခိုင်ပြည်အနှံ့ တနိုင်တပိုင်ငါးဖမ်းလုပ်ငန်းများ ရပ်နားထားရ

ရခိုင်ပြည်အတွင်း တနိုင်တပိုင်းငါးဖမ်းသည့်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ငါးဖမ်းသမားများမှာ စက်သုံးဆီဈေး အဆမတန်မြင့်တက်လာမှုကြောင့် လုပ်ငန်းများရပ်နားထားရကာ အကျပ်အတည်းများစွာဖြစ်နေရကြောင်း သိရသည်။

20 Aug 2022

ကျောက်ဖြူမြို့နယ်မှ ငါးဖမ်းလှေများကို တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၂၀

ရခိုင်ပြည်အတွင်း တနိုင်တပိုင်းငါးဖမ်းသည့်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ငါးဖမ်းသမားများမှာ စက်သုံးဆီဈေး အဆမတန်မြင့်တက်လာမှုကြောင့် လုပ်ငန်းများရပ်နားထားရကာ အကျပ်အတည်းများစွာဖြစ်နေရကြောင်း သိရသည်။

လက်ရှိတွင် ငါးဖမ်းလုပ်ငန်းများ ရပ်နားထားရသည့်အတွက် မိသားစုစားဝတ်နေရေး ကျပ်တည်းနေကြရပြီး ရှေ့ဆက်ရပ်တည်ရန် မလွယ်ကူသည့်အခြေအနေကို ရင်ဆိုင်နေကြရကြောင်း ကျောက်ဖြူမြို့နယ် တောင်ရင်းရပ်ကွက်မှ ငါးဖမ်းလုပ်းငန်းလုပ်ကိုင်သူ ဦးကျန်သိန်းကပြောသည်။

“အခု ဓာတ်ဆီတစ်လီတာကို ၃၀၀၀ ရှိတယ်။ ပင်လယ်ကိုတစ်ခေါက်ထွက်ရင် ငါးလီတာလောက်ထည့်ရတယ်၊ တစ်ခေါက်ထွက်ရင် အနည်းဆုံးအရင်းစိုက်ငွေက ၁၅၀၀၀ နဲ့ ၂၀၀၀၀ ကြားမှာရှိတယ်။ ဒါပေမယ့် ငါးရောင်းလို့ရတာက ငွေ ၂၀၀၀၀ မပြည့်တဲ့ အခေါက်ရေကပိုများတော့ ဦးလေးတို့လို တနိုင်တပိုင်ငါးဖမ်းသမားတွေအတွက် အလုပ်ရပ်ရုံပဲရှိတာပေါ့”ဟု ဦးကျန်သိန်းက ပြောသည်။

ရခိုင်တွင် ငါးဖမ်းလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုနေကြသည့် မြို့နယ်များမှာ ကျောက်ဖြူ၊ မာန်အောင်၊ မြေပုံ၊ သံတွဲ၊ စစ်တွေ၊ ပေါက်တောတို့ဖြစ်ပြီး ယင်းမြို့နယ်များရှိ ငါးဖမ်းသမားအများစုမှာ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ငါးဖမ်းထွက်ရန်အတွက် အခက်အခဲဖြစ်ပေါ်နေကြသည်။

ထိုအခက်အခဲများကြောင့် တနိုင်တပိုင် ငါးဖမ်းသမားအများစုမှာ မိမိ၏ငါးဖမ်းလှေနှင့် ပိုက်များကိုရောင်းချပြီး ထိုင်း၊ မလေးရှား စသည့်နိုင်ငံခြားများသို့ ထွက်ခွာသွားသူများရှိလာကြောင်းလည်း ပေါက်တောမြို့နယ်၊ ပတင်းကျေးရွာမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်ကပြောသည်။

“ပေါက်တောကမ်းဖက်မှာရှိတဲ့ ရွာတွေအားလုံးက ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့သူတွေ များတယ်။ အခုသူတို့တွေအများစုဟာ ငါးဖမ်းအလုပ်တွေ မလုပ်ကြတော့ဘူး။ လှေတွေ၊ ပိုက်တွေကို မတန်တဆဈေးနဲ့ရောင်းပြီး မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ အလုပ်လုပ်ဖို့သွားကုန်ကြပြီ။ လုပ်နေသူတချို့လည်း အဆင်မပြေကြဘူး။ အကြွေးတင်တာပဲရှိတယ်”ဟု ဦးခင်မောင်ကပြောသည်။

အလားတူ မာန်အောင်မြို့နယ်၊ မိန်းမကြွယ်ရွာတွင်လည်း တရွာလုံးနီးပါး ငါးဖမ်းလုပ်ငန်းဖြင့်အသက်မွေးကျောင်းပြုကြသော်လည်း လက်ရှိတွင် အလုပ်ရပ်နားထားသူ အများအပြားရှိလာနေကြောင်း သိရသည်။

မိန်းမကြွယ်ကျေးရွာမှ ကိုမောင်းသန်းလှိုင်က “ကျနော်တို့က ဒီငါးဖမ်းတဲ့အလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုလာခဲ့ကြတာ။ဒါပေမယ့် အခုကဆီဈေးတက်တော့ အမြတ်ကအဲဒီမှာပါသွားပြီး ကိုယ့်အတွက် မကျန်တော့ဘူး။ ဒီရွာမှာဆိုရင် ငါးဖမ်းလုပ်သားတွေ အယောက် ၇၀ လောက်ရှိတယ်။ အခုသူတို့အားလုံး အလုပ်ရပ်နားကြမယ့် အခြေအနေဖြစ်နေတယ်”ဟု ကိုမောင်သန်းလှိုင်က ပြောသည်။

ယင်းသို့ ငါးဖမ်းလုပ်ငန်းများရပ်နားမှုကြောင့် ငါးအဝယ်ဒိုင်များမှာလည်း လုပ်ငန်းလည်ပတ်မှုအားနည်းလာနေပြီး အခက်အခဲများနှင့်ကြုံတွေ့ရကြောင်း သံတွဲမြို့နယ် ငပလီမြို့၊ ဂျိတ်တောရပ်ကွက်မှ ငါးပုဇွန်အဝယ်ဒိုင်ပိုင်ရှင် ကိုတင်ရွှေကပြောသည်။

“ငါးဖမ်းတဲ့လူမရှိတော့ ငါးအဝယ်ဒိုင်တွေလည်း ထိခိုက်တာပေါ့။ သူတို့နဲ့ ကျနော်တို့က အလုပ်ဆက်နွယ်နေတာဆိုတော့ အရင်တုန်းကလို ကျနော်တို့လည်း ဘယ်အဆင်ပြေမလဲ။ အဓိကတော့ စက်သုံးဆီဈေးကြောင့်ပေါ့။ ငါးပုဇွန်ရှာရခက်လာတဲ့အပြင် စက်သုံးဆီးပါ ဈေးတက်လာတဲ့အခါကျတော့ သူတို့ခမျှလည်း အမြတ်မထွက်တော့ဘူးလေ”ဟု ကိုတင်ရွှေကပြောသည်။

မြန်မာနိုင်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်မားလျက်ရှိရာ လက်ရှိရခိုင်တွင် ဓာတ်ဆီတစ်လီတာကို အပြင်ပေါက်ဈေး ၃၀၀၀ မှ ၄၀၀ဝ ကျပ်ခန့်ရှိပြီး ဆန်၊ ဆီ၊ ဆား စသည့်အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း မြင့်တက်နေသဖြင့် အခက်အခဲအကျပ်အတည်းဖြစ်နေကြရသည်။

ဗီဒီယိုများ