ဂွမြို့နယ်တွင် ရဟတ်ယာဉ်ကွင်းများရှိသော်လည်း ဘောလုံးကွင်း၌ ရဟတ်ယာဉ်ကွင်း ထပ်မံပြုလုပ်သည့်အပေါ် ဒေသခံများ ဝေဖန်

ရခိုင်ပြည်နယ် တောင်ပိုင်းရှိ ဂွမြို့နယ်တွင် ရဟတ်ယာဉ်ကွင်းများရှိသော်လည်း ဘောလုံးကွင်း၌ ရဟတ်ယာဉ်ဆင်းရန်အတွက် ရပ်နားသည့်နေရာထပ်မံပြုလုပ်သည့်အပေါ် ဒေသခံများက ဝေဖန်ပြောကြားနေကြကြောင်း သိရသည်။

By Admin 03 Dec 2022

ဂွမြို့နယ်တွင် ရဟတ်ယာဉ်ကွင်းများရှိသော်လည်း ဘောလုံးကွင်း၌ ရဟတ်ယာဉ်ကွင်း ထပ်မံပြုလုပ်သည့်အပေါ် ဒေသခံများ ဝေဖန်

ဂွမြို့နယ် ဘောလုံးကွင်း၌ ရဟတ်ယာဉ် ရပ်နားရန်ကွင်းပြုလုပ်နေသည်ကိုတွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၃

ရခိုင်ပြည်နယ် တောင်ပိုင်းရှိ ဂွမြို့နယ်တွင် ရဟတ်ယာဉ်ကွင်းများရှိသော်လည်း ဘောလုံးကွင်း၌ ရဟတ်ယာဉ်ဆင်းရန်အတွက် ရပ်နားသည့်နေရာထပ်မံပြုလုပ်သည့်အပေါ် ဒေသခံများက ဝေဖန်ပြောကြားနေကြကြောင်း သိရသည်။

ဂွမြို့နယ်တွင် ရဟတ်ယာဉ်ကွင်းဆောက်လုပ်ရန် နေရာများစွာရှိသည့်အနက် ဘောလုံးကွင်း၌ ရဟတ်ယာဉ် ရပ်နားကွင်းပြုလုပ်သည်မှာ မဖြစ်သင့်ကြောင်း ဂွမြို့နယ်မှ‌ ဒေသခံတစ်ဦးက DMGသို့ ပြောသည်။

“ဂွမြို့မှာက နေရာတွေအများကြီးရှိတယ်။ သူတို့မှာလည်း စစ်တပ်နှစ်တပ်ရှိတယ်။ တပ်နှစ်တပ်ထဲမှာရော ရဟတ်ယာဉ်ဆင်းလို့ရတဲ့ ကွင်းတွေရှိတယ်။ ကွင်းတွေရှိရဲ့သားနဲ့ ဘောလုံးကွင်းမှာ လာလုပ်တယ်။ ကွင်းမှာလာလုပ်တဲ့ အချိန်ခါလည်း ကစားနေတဲ့သူတွေကို ပြောလာတာလည်းမရှိဘူး။ သူတို့က ဒီကွင်းမှာ ငါတို့လုပ်မယ် ကစားနေတဲ့သူတွေ ဖယ်ပေးဆိုပြီး အာဏာရှင်ဆန်ဆန်လုပ်တာ။ ကျနော်တို့ကို ဘာမှမညှိနှိုင်း ဘာမှမသိရဘဲ သူတို့လုပ်တဲ့အတိုင်း ကျနော်တို့ခံရတာပေါ့ဗျာ” ဟု ၎င်းကပြောသည်။

ထို့အတူ ဘောလုံးကွင်း၌ မြေများကိုတူးဆွပြီး ကျောက်စရစ်များဖြင့် ပျက်စီးသွားအောင် ပြုလုပ်နေသည့်အတွက် နှမြောမိကြောင်း အဆိုပါဘောလုံးကွင်း၌ ဘောလုံးကန်လေ့ရှိသည့် ဒေသခံလူငယ်တစ်ဦးက DMG သို့ပြောသည်။

“ဒီဘောလုံးကွင်းက ကျနော်တို့ မမွေးခင်ကတည်းကနေရှိနေတာ။ အဲဒါကို ကျနော်တို့ ကိုယ်ထူကိုယ်ထနဲ့ လုပ်နေတာတွေရှိတယ်။ ကွင်းကောင်းကောင်း၊ မြေသားကွင်းတစ်ကွင်းကို သူတို့က ဘတ်ဖိုးကားတွေ စက်တွေနဲ့ မြေကြီးကိုတူးပြီး အထဲကို ကျောက်တွေအခိုင်အမာကျပြီး ဒီကွင်းကိုပျက်စီးသွားအောင်လုပ်တော့ ကျနော်တို့နှမြောတာဗျ။ ဒီဘောလုံးကွင်းလေးကို စဉ်းစားငဲ့ညှာပြီးတော့ အခုလိုလုပ်တာကို မြို့နယ်က အကြီးပိုင်းတွေက ကန့်ကွက်တာမရှိဘဲ လက်ခံနေရတော့ ကျနော်တို့ နှမြောပြီး ရင်ထဲမခံစားနိုင်ဘူး”ဟု ၎င်းကပြောသည်။

ထို့အပြင် ဘောလုံးကွင်း၌ ရဟတ်ယာဉ်ရပ်နားကွင်းပြုလုပ်နေသည့်အတွက်ကြောင့် ဂွမြို့နယ်မှ အားကစားဝါသနာပါသည့် လူငယ်များနှင့် လူကြီးများအပြင် ဘောလုံးကွင်း၌ ကစားခဲ့ဖူးသော ဘောလုံးဝါသနာပါသည့်လူများမှာလည်း များစွာ စိတ်မကောင်းဖြစ်နေရကြောင်း ၄င်းကဆက်ပြောသည်။

ယခုကဲ့သို့ ဘောလုံးကွင်း၌ ရဟတ်ယာဉ်ရပ်နားကွင်းပြုလုပ်နေသည့်ကိစ္စနှင့် ပတ်သက်၍ ဂွမြို့နယ်မှ သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးအား ဖုန်းဆက်သွယ်မေးမြန်းရာတွင် ရခိုင်ပြည်နယ် အစိုးရအမိန့်ဖြင့် လုပ်ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ ဒီအကြောင်းနဲ့တော့ စာတင်လာတာတော့ မရှိပါဘူး။ ပြည်နယ်အစိုးရရုံးက အမိန့်နဲ့ ဘောလုံးကွင်းမှာ ရဟတ်ယာဉ်ဆင်းကွင်းပြုလုပ်မယ်ဆိုပြီး လာလုပ်တာပါ။ ရဟတ်ယာဉ်ဆင်းပြီးလို့ သူတို့ကိစ္စပြီးသွားရင် ဘောလုံးကွင်းပုံစံမပျက် နဂိုအတိုင်းပြန်ပြီးလုပ်ပေးမယ်လို့တော့ ပြောခဲ့ပါတယ်။ မနေ့က ၁၀နာရီခွဲလောက်မှာ ဂွမြို့နယ် ခမရ ၅၆၂ တပ်က ဗိုလ်မှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေလာပြီး ပြောတာပါ။ မနေ့က ၁၂နာရီခွဲလောက်မှာ လုပ်ငန်းစပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ဂွချောင်းတံတားဖွင့်ပွဲရှိနေသည့်အတွက် စစ်ကောင်စီက အရာရှိများ လာရောက်နိုင်သောကြောင့် ဂွမြို့နယ် ဘောလုံးကွင်းတွင် ယခုကဲ့သို့ ရဟတ်ယာဉ်ရပ်နားကွင်းပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ဂွမြို့နယ်ဘောလုံးကွင်းကို ပြီးခဲ့သည့် ၁၉၉၁ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဘောလုံးကွင်းမှာ ရခိုင်၌တစ်ခုတည်းသော ဘောလုံး League ပြိုင်ပွဲပြုလုပ်သည့် ဘောလုံးကွင်းဖြစ်ကာ ဂွမြို့နယ်မှ အားကစားဝါသနာပါသည့် လူငယ်များအတွက် အားထားနေရသည့် ဘောလုံးကွင်းတစ်ကွင်းဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ