သင်္ကြန်ကာလ ရေလမ်း၊ကုန်းလမ်းယာဉ်လိုင်းများ တစ်ပတ်ခန့် ယာယီရပ်နားမည်

ရခိုင်ပြည်အတွင်း စစ်တွေ-မြောက်ဦး၊ စစ်တွေ-ပေါက်တောနှင့် စစ်တွေ-ကျောက်ဖြူ ပြေးဆွဲနေသည့် ရေကြောင်းခရီးစဉ်လိုင်းများကိုလ်း ဧပြီလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရပ်နားသွားမည်ဖြစ်သည်။

By Admin 06 Apr 2023

သင်္ကြန်ကာလ ရေလမ်း၊ကုန်းလမ်းယာဉ်လိုင်းများ တစ်ပတ်ခန့် ယာယီရပ်နားမည်

DMG ၊ ဧပြီ ၆

ရခိုင်ပြည်အတွင်း မြို့နယ်တချို့သို့ပြေးဆွဲနေသည့် ရေကြောင်းလိုင်းများနှင့် ပြည်မသို့ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်များကို သင်္ကြန်ကာလအတွင်း တစ်ပတ်ခန့်ကြာ ယာယီရပ်နားသွားမည်ဖြစ်ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်တွေမှ-ရန်ကုန်-မန္တလေး စသည့် ပြည်မသို့ပြေးဆွဲနေသည့် ယာဉ်လိုင်း ၁၇ လိုင်းရှိပြီး ယာဉ်လိုင်းအများစုကို ဧပြီလ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ယာယီရပ်နားသွားမည်ဖြစ်ကြောင်း စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် ရွှေပြည်သစ် ကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သင်္ကြန်ကာလမှာ ငပလီ၊ ချောင်းသာတွေကို သွားဖို့အတွက် စီးလုံးချင်း ကားငှားတာတွေရှိတော့ ကားတွေအကုန်လုံးက အငှားလိုက်ဖို့ လက်ခံထားကြတယ်။ တချို့ယာဉ်လိုင်းတွေမှာဆိုရင်လည်း ဒရိုင်ဘာတွေက အိမ်ပြန်ကြတာတွေရှိတော့ လိုင်းဆွဲတာတွေကို အစောကြီးပိတ်လိုက်ကြတယ်”ဟု ၎င်းကပြောသည်။

ယာဉ်လိုင်းပြေးဆွဲမှုကို ယာယီရပ်နားထားသော်လည်း သင်္ကြန်ကာလတွင်း အရေးပေါ်ကိစ္စများကြောင့် ခရီးသွားလာရမည်ဆိုပါက သက်ဆိုင်ရာကားဂိတ်သို့ ဆက်သွယ်နိုင်ကြောင်းလည်း တာဝန်ရှိသူများက ပြောဆိုကြသည်။

ရခိုင်ပြည်အတွင်း စစ်တွေ-မြောက်ဦး၊ စစ်တွေ-ပေါက်တောနှင့် စစ်တွေ-ကျောက်ဖြူ ပြေးဆွဲနေသည့် ရေကြောင်းခရီးစဉ်လိုင်းများကိုလ်း ဧပြီလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရပ်နားသွားမည်ဖြစ်သည်။

ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းက “အရင်နှစ်တွေကတော့ သင်္ကြန်ကာလမှာ ပြေးဆွဲခဲ့တယ်။ ဒါပေမဲ့ သွားမယ့်သူတစ်ယောက်မှ မရှိဘူး။ ဒါကြောင့် ဒီနှစ်သင်္ကြန်ကာလမှာ မပြေးဆွဲဘဲ ရပ်နားလိုက်ရတာ”ဟု ပြောသည်။

လေကြောင်းလိုင်းများမှာလည်း သင်္ကြန်ကာလအတွင်း စစ်တွေမြို့ကနေ Air KBZ လေကြောင်းလိုင်းတစ်ခုသာ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ပြီး မြန်မာ့လေကြောင်းလိုင်းနှင့် မန်းရတနာပုံ လေကြောင်းလိုင်းများမှာ အလှည့်ကျ ပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့လေကြောင်းလိုင်းခရီးစဉ်ကို ဧပြီလ ၁၃ နှင့် ၁၄ ရက်နေ့တွင် ရပ်နားမည်ဖြစ်ပြီး မန်းရတနာပုံလေ ကြောင်းလိုင်းကို ဧပြီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရပ်နားသွားမည်ဖြစ်ကြောင်း စစ်တွေမြို့ရှိ ‘ခိုင်ထူး’လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ခံ မစောခင်အေးက ပြောသည်။

“မြန်မာ့လေကြောင်းရပ်နားချိန်မှာ မန်းရတနာပုံလေကြောင်းလိုင်းက ပြေးဆွဲမယ်။ မန်းရတနာပုံလေကြောင်းလိုင်း ရပ်နားချိန်မှာ မြန်မာ့လေကြောင်းလိုင်းက ပြေးဆွဲသွားမှာဖြစ်တယ်။ ခရီးသည်တွေ အဆင်ပြေပြေ သွားလာလို့ရအောင်အတွက် အလှည့်ကျနဲ့ ပြေးဆွဲပေးမယ်”ဟု သူကဆိုသည်။

သင်္ကြန်ကာလအတွင်း စစ်တွေ-ရန်ကုန် ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်များအတွက် ဧပြီ ၆ ရက်နေ့မှ ၁၃ ရက်နေ့အထိ လေယာဉ်လက်မှတ်အများစုကို ကြိုတင်ရောင်းချထားပြီးဖြစ်ကြောင်း လက်မှတ်အရောင်းဌာနများမှ သိရသည်။

ယခုနှစ် ၂၀၂၃ ခု၊ ဧပြီလ ၁၃ ရက်နေ့နောက်ပိုင်း ကျရောက်မည့် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို အထူးစည်ကားစွာ ကျင်းပရန်အတွက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပြိုင်အဆိုင် ပြင်ဆင်နေကြသည်။

#R010

ဗီဒီယိုများ