စစ်ရေးတင်းမာနေသော ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပမည်

ကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအစောပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှု (၄)ကြိမ်ထက်မနည်းရှိခဲ့ပြီး လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိသည်။  

By Admin 02 Apr 2024

ကျောက်ဖြူမြို့တွင် ၂၀၂၂ ခုနှစ်က စစ်ကောင်စီကျင်းပခဲ့သည့် သင်္ကြန်ပွဲဗဟိုမဏ္ဍပ်။ (ဓာတ်ပုံ - MNP)
ကျောက်ဖြူမြို့တွင် ၂၀၂၂ ခုနှစ်က စစ်ကောင်စီကျင်းပခဲ့သည့် သင်္ကြန်ပွဲဗဟိုမဏ္ဍပ်။ (ဓာတ်ပုံ - MNP)

DMG ၊ ဧပြီ ၂

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ယခုနှစ်သင်္ကြန်ပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပရန် ခရိုင်စစ်ကောင်စီအဖွဲ့က စီစဉ်နေကြောင်း သိရသည်။

ကျောက်ဖြူခရိုင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနေမင်းသူက ဧပြီ ၁ ရက်တွင်ပြုလုပ်သည့် ကျောက်ဖြူမြို့၌ သင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“သင်္ကြန်ပွဲတော်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှအဖွဲ့များနှင့် ဖျော်ဖြေရေးရေးအစီအစဉ်များဖြင့် ဆင်နွှဲသွားမည်ဖြစ်ပြီး ရေပက်ခံလာရောက်သူများအား ဌာနဆိုင်ရာများက စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေး သွားမည်” ဟု ဦးနေမင်းသူက ပြောဆိုခဲ့ကြောင်း ဧပြီ ၂ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာတွင် ဖော်ပြသည်။

ကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအစောပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှု (၄)ကြိမ်ထက်မနည်းရှိခဲ့ပြီး လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိသည်။  

စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ ကျောက်ဖြူဒေသခံများက စိတ်မဝင်စားမကြပေ။

“စစ်ကောင်စီဟာ ကျနော်တို့အပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်နေတယ်ဆိုတာ အားလုံးသိပြီးသားပါ။ သူတို့ကျင်းပတဲ့ သင်္ကြန်ပွဲတော်ဆိုတာဟာလည်း သူတို့လက်အောက်ခံ အသိုင်းအဝန်းတွေအတွက်ပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီသင်္ကြန်ပွဲတော်ဟာ ဒေသခံတွေအတွက်မဟုတ်သလို ဒေသခံတွေနဲ့လည်း ဘာမှပတ်သက်မှုရှိမှာ မဟုတ်ပါဘူး” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ရခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ကန့်သတ်ပိတ်ဆို့ထားသည့်အတွက် ကျောက်ဖြူဒေသခံများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှုနှင့် လူမှုဘဝမလုံခြုံမှုများကို ခံစားနေကြရသည်။

ယခုလအတွင်းကျရောက်မည့် သင်္ကြန်ပွဲတော်ကို ရခိုင်ပြည်အတွင်း စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် ကျင်းပရန် စစ်ကောင်စီက စီစဉ်ထားပြီး သံတွဲ၊ ဂွ၊ တောင်ကုတ်နှင့် မာန်အောင်မြို့တို့တွင်လည်း ကျင်းပင်မည့်အခြေအနေရှိနေကြောင်း ဒေသခံများက ခန့်မှန်းကြသည်။  

“စစ်ကောင်စီအုပ်ချုပ်တဲ့နေရာတွေမှာ တည်ငြိမ်မှုရှိတယ်၊ ဒေသခံတွေက သူတို့ကိုထောက်ခံပြီး ပျော်ရွှင်နေကြတယ် ဆိုတာမျိုးကိုချပြဖို့ ဒီသင်္ကြန်ကာလကို အသုံးချလိမ့်မယ်” ဟု ကျောက်ဖြူဒေသခံ နောက်တစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည်။

လက်ရှိတွင် ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး AA က ထိုးစစ်အရှိန်အဟုန်မြှင့် တိုက်ခိုက်နေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချူပ်ရှိရာ အမ်းမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ဗီဒီယိုများ