ရခိုင်တွင် သင်္ကြန်ကာလ၌ အပျော်အပါးမလွန်ကျူးကြရန် မေတ္တာရပ်ခံ

လက်ရှိအချိန်တွင် အခြားတိုင်းနှင့်ပြည်နယ်အသီးသီး၌ ရာနှင့်ချီသောပြည်သူများ သေကြေပျက်စီးနေကြရပြီး စိတ်မချမ်းမြေ့ဖွယ်ခံစားနေရသော အချိန်ဖြစ်သည့်အတွက် ယဉ်ကျေးသိမ်မွေ့သော ရခိုင်ပြည်သူ အပေါင်းတို့အနေဖြင့် သင်္ကြန်ကာလအတွင်း အပျော်အပါးလွန်ကျူးမှုများ မပြုလုပ်ကြစေလိုကြောင်း မဟာရက္ခိတအဖွဲ့က မေတ္တာရပ်ခံလိုက်သည်။

31 Mar 2021

DMG | မတ် ၃၁  

လက်ရှိအချိန်တွင် အခြားတိုင်းနှင့်ပြည်နယ်အသီးသီး၌ ရာနှင့်ချီသောပြည်သူများ သေကြေပျက်စီးနေကြရပြီး စိတ်မချမ်းမြေ့ဖွယ်ခံစားနေရသော အချိန်ဖြစ်သည့်အတွက် ယဉ်ကျေးသိမ်မွေ့သော ရခိုင်ပြည်သူ အပေါင်းတို့အနေဖြင့် သင်္ကြန်ကာလအတွင်း အပျော်အပါးလွန်ကျူးမှုများ မပြုလုပ်ကြစေလိုကြောင်း မဟာရက္ခိတအဖွဲ့က မေတ္တာရပ်ခံလိုက်သည်။

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာဆိုသည့် စကားပုံအတိုင်း အခြားတိုင်းနှင့်ပြည်နယ်များတွင် စိတ်မချမ်းမြေ့ဖွယ် ခံစားနေရချိန်တွင် ရခိုင်ပြည်သူများအနေဖြင့် ကားကြီး၊ ကားငယ်များပေါ်တွင် ဆောင်းဘောက်(စ်)များတင်ကာ အပျော်အပါးလွန်ကျူးမှုများကို မပြသစေလို၍ ယခုကဲ့သို့ မေတ္တာရပ်ခံရခြင်းဖြစ်ကြောင်း မဟာရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ အာရကန်မောင်လှ (ခေါ်) ဦးအောင်သန်းနုက ဆိုသည်။

“အဓိကတော့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ စိတ်မချမ်းသာစရာတွေနဲ့ ကြုံနေရတဲ့အချိန် ရခိုင်တွေက ကြေနပ်နေတယ်၊ အားရဝမ်းသာဖြစ်နေတယ်ဆိုပြီး မဖြစ်ရအောင်အတွက် အခုလိုမျိုး တိုက်တွန်းနှိုးဆော်ပြီး မေတ္တာရပ်ခံရတာပါ။ အရင်တုန်းက ရခိုင်မှာ စစ်ဖြစ်နေတုန်းက လူအချို့က အားရဝမ်းသာမှုတွေရှိခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့ဟာ ရက္ခိတမျိုးဖြစ်တဲ့အတွက် အခုအချိန်မှာ မေတ္တာထားကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

ထိုသို့ နှိုးဆော်မေတ္တာရပ်ခံကြောင်း စာရွက်အချို့ကိုလည်း မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့တွင် လိုက်လံဝေငှခဲ့ကြောင်း ဦးအောင်သန်းနုက ပြောသည်။

ယခုကဲ့သို့ နှိုးဆော်မေတ္တရပ်ခံချက်မှာ ကောင်းမွန်သည့် လုပ်ရပ်ဟု မြင်မိကြောင်း ရခိုင်တိုင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ အတွင်းရေးမှူးဖြစ်သူ ကိုဇော်ဇော်ထွန်းကဆိုသည်။

“ငါတို့မှာဖြစ်တုန်းက သူတို့ကြည့်နေခဲ့တာကြောင့် သူတို့ဖြစ်ရင် ငါတို့ပြန်ကြည့်နေမယ်ဆိုတဲ့ ပုံစံမျိုးမစဉ်းစားဘဲ ကိုယ်တွေက သူတို့ကို စာနာပေးခြင်းကနေပြီး စာနာမှုကို အပြန်အလှန် ဖလှယ်ကြရမှာပါ။ အခုဆိုရင် အချို့တွေလည်း မှားခဲ့ကြတာတွေအတွက် တောင်းပန်နေတာပဲလေ။ ဒါကြောင့် ဒီအချိန်မှာ အမှတ်ထားပြီး အရွဲ့တိုက်ဖို့ မကောင်းပါဘူး ” ဟု သူ၏ အမြင်ကိုပြောပြသည်။

ရခိုင်ပြည်နယ်တွင် သင်္ကြန်အပါအဝင် ပွဲလမ်းသဘင်များမပြုလုပ်ရသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် အလွန်အကျူး ပျော်ပါးပြခြင်းမျိုးထက် ရိုးရာမပျက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်မှုများ ပြုလုပ်ဆောင်သင့်ကြောင်းကိုလည်း ကိုဇော်ဇော်ထွန်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ပုံမှန်ကျင်းပမြဲဖြစ်သော ပွဲတော်များမကျင်းပဖြစ်သည်မှာ ကာလအတန် ကြာမြင့်နေပြီ ဖြစ်သဖြင့် လက်တလော စစ်ရေးငြိမ်သက်နေစဉ်အချိန်တွင် ပြည်သူများသင်္ကြန်ပွဲတော်ကျင်းပလိုသည်မှာ အပြစ်ဆိုဖွယ်ရှိသည်ဟု မမြင်မိကြောင်း စစ်တွေဒေသခံတစ်ဦးဖြစ်သူ ကိုညီခိုင်သွီးက ပြောသည်။

“မပျော်ကြနဲ့လို့လည်း မပြောချင်ပါဘူး။ ဒါပေမယ့် ကားတွေဘာတွေနဲ့ ပတ်တာထက် ကိုယ့်အိမ်ရှေ့မှာ မဏ္ဍပ်ချပြီး ထမင်းချက်စားတာတို့ အခြားပျော်လို့ရတဲ့နည်းတွေလည်း အများကြီးရှိပါသေးတယ်။ အဲလိုနည်းတွေနဲ့ ပျော်တာက ပိုကောင်းမယ်လို့ မြင်မိပါတယ်” ဟု သူ၏ ယူဆချက်ကို ချပြသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် သင်္ကြန်ပွဲတော်ကို အကန့်အသတ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ DMG သို့ ပြောဆိုထားသည်။

ဗီဒီယိုများ