ICJ တွင် မျက်နှာရရန် မွတ်ဆလင်လက်ခံရေးစခန်းများကို လေ့လာရန်ခေါ်ခြင်းဟု ဒုက္ခသည်များ ဝေဖန်

စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အရ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများနှင့် မွတ်ဆလင်ဒုက္ခသည် ၂၀ ဦး ပါဝင်သောအဖွဲ့သည် တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် စသည့် စခန်းများကို လာရောက်လေ့လာခဲ့ကြသည်။

By Admin 05 May 2023

မောင်တောဒေသသို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများနှင့် မွတ်ဆလင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ
မောင်တောဒေသသို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများနှင့် မွတ်ဆလင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ မေ ၅

မောင်တောမြောက်ပိုင်းရှိ ပြန်လည်လက်ခံရေးစခန်းများကို လေ့လာရန် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အရ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများနှင့် မွတ်ဆလင်ဒုက္ခသည် ၂၀ ဦး ပါဝင်သောအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခန့်က ရောက်ရှိလာခဲ့ပြီး တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် စသည့် စခန်းများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ယခုဖိတ်ခေါ်ချက်မှာ လာမည့်ရက်ပိုင်းအတွင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သို့ ကန့်ကွက်လွှာတင်သွင်းမည့်ကိစ္စနှင့် တိုက်ဆိုင်နေ၍ စစ်ကောင်စီအနေဖြင့် နိုင်ငံတကာတွင်မျက်နှာရရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း မွတ်ဆလင်ဒုက္ခသည်များ ဝေဖန်ကြသည်။

ကူတူပါလောင် အမှတ်(၇) ဒုက္ခသည်စခန်းမှ ကိုအောင်မြိုင်က “သူတို့(စစ်ကောင်စီ)က ဒီလ ၂၄ ရက်နေ့မှာ ICJ ရုံးကို ကန့်ကွက်လွှာတင်ရမှာဖြစ်တဲ့အတွက် ပြန်လည်လက်ခံရေးစခန်းတွေကို ခေါ်ပြတာဖြစ်တယ်။ မွတ်ဆလင်အရေးကိုလုပ်ဆောင်နေတယ် ဆိုပြီးတော့ နိုင်ငံတကာကိုပြချင်တဲ့အတွက် အခုလိုလေ့လာဖို့ ခေါ်ပြတာဖြစ်တယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

မောင်တောဒေသက မွတ်ဆလင်များကို ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟုဆိုကာ အဖွဲ့ဝင် အစ္စလာမ်နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သည့် OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကန့်ကွက်လွှာတင်မည်ဟု ICJ တရားရုံးကို တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး ယခုနှစ် မေလ ၂၄ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းရမည်ဖြစ်သည်။

လက်ခံရေးစခန်းများကိုလေ့လာရန် မောင်တောမြောက်ပိုင်းသို့ ရောက်ရှိခဲ့သူများမှာ ဒုက္ခသည်များ၏ကိုယ်စားလှယ်အဖွဲ့ မဟုတ်ဘဲ ပြန်လာရန်စာရင်းပေးထားသူများသာ ဖြစ်သဖြင့် မွတ်ဆလင် အများစုက အယုံအကြည် မရှိကြပေ။

အမည်မဖော်လိုသူ ဒုက္ခသည်တစ်ဦးက “အဓိကတော့ ICJ ကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီက အခုလိုလုပ်နေတာလို့ မြင်တယ်။ ကျနော်တို့က သူတို့(စစ်ကောင်စီ)လုပ်ဆောင်ချက်တွေကို အယုံအကြည်မရှိဘူး။ ကောက်ယူထားတဲ့ စာရင်းတွေမှာလည်း ကျနော်တို့မပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ပြန်ဝင်လာပါက နိုင်ငံသားဖြစ်ခွင့်ပေးရေး၊ မူလနေရာတွင် နေထိုင်ခွင့်ရရေး၊ လွတ်လပ်စွာသွားလာခွင့်၊ အသက်အာမခံချက် စသည့် အချက်များကို မွတ်ဆလင်ဒုက္ခသည်များက တောင်းဆိုထားကြသည်။

လက်ရှိ ရခိုင်ပြည်အခြေအနေသည် မွတ်ဆလင်ဒုက္ခသည်များအတွက် ရေရှည်နေရပ်ပြန်ရေး မဖြစ်သေးဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA)က မတ်လအတွင်းက ထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် မွတ်ဆလင် ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်း နိုင်ငံတကာက ပြောဆိုထားသည်။ မြန်မာအာဏာပိုင်များကမူ ထွက်ပြေးသွားသည့် မွတ်ဆလင် အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ဆိုထားသည်။

#R007

ဗီဒီယိုများ