ငါးသယံဇာတ ရှာပါးလာမှုကြောင့် ကျောက်ဖြူတွင် ရေလုပ်သားများအချင်းချင်း အငြင်းပွားနေရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ငါးဖမ်းရန် မျှောပိုက်၊ ကျားပိုက် ဧရိယာများ သီးခြား သတ်မှတ်ပေးထားသော်လည်း လက်ရှိတွင် ငါးဖမ်းလုပ်ကွက်ရှားပါးလာမှု၊ ငါးသယံဇာတ ရှားပါးလာမှုကြောင့် သတ်မှတ်နေရာများထက် ကျူးကျော်ဝင်ရောက်ကာ ငါးဖမ်းလာနေမှုကြောင့် ရေလုပ်သား အချင်းချင်း အငြင်းပွားနေကြသည်။

By Admin 14 Dec 2022

ငါးသယံဇာတ ရှာပါးလာမှုကြောင့် ကျောက်ဖြူတွင် ရေလုပ်သားများအချင်းချင်း အငြင်းပွားနေရ

ကျောက်ဖြူ သံဇစ်မြစ်အတွင်း ကျားပိုက်ငါးဖမ်းလှေများအား တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၁၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ငါးဖမ်းရန် မျှောပိုက်၊ ကျားပိုက် ဧရိယာများ သီးခြား သတ်မှတ်ပေးထားသော်လည်း လက်ရှိတွင် ငါးဖမ်းလုပ်ကွက်ရှားပါးလာမှု၊ ငါးသယံဇာတ ရှားပါးလာမှုကြောင့် သတ်မှတ်နေရာများထက် ကျူးကျော်ဝင်ရောက်ကာ ငါးဖမ်းလာနေမှုကြောင့် ရေလုပ်သား အချင်းချင်း အငြင်းပွားနေကြသည်။

မျှောပိုက်သမားများ ငါးဖမ်းနေသည့်နေရာသို့ ပြီးခဲ့သည့် အောက်တိုဘာလကစတင်ကာ ယခု အချိန်ထိ ကျားပိုက်သမား ၃၀ ခန့် လာရောက် ငါးဖမ်းမှုများရှိသည့်အတွက် မျှောပိုက်သမား ၅၀၀ ခန့်မှာ အလုပ်လက်မဲ့ ဖြစ်ပေါ်နေပြီး စားဝတ်နေရေး အခက်အခဲရှိနေခြင်းဖြစ်သည်။

ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်မှ မျှောပိုက်ငါးဖမ်းသမား ဦးမောင်ယဉ်ထွေးက“ ကျနော်တို့ ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်းမှာ မျှောပိုက်သမားတွေ ငါးဖမ်းတဲ့နေရာ၊ ကျားပိုက်သမားတွေ ငါးဖမ်းတဲ့နေရာဆိုပြီးတော့ ကန့်သတ်ထားတယ်။ ဆိုတော့ အောက်တိုဘာလကတည်းက ကျနော်တို့ မျှော ပိုက်သမားတွေရဲ့နေရာကို ကျားပိုက်သမားတွေက ကျားပိုက်တိုင်တွေထောင်ပြီးတော့ ငါးဖမ်းတာတွေ လုပ်နေတာ။ ကျနော်တို့မှာ ငါးမဖမ်းရဘူး။ အခုဆိုရင် ငါးမဖမ်းရတာ ၃ လလောက်ရှိပြီ။ အခု ငါးမဖမ်းရတော့ စားဝတ်နေရေးတွေ အခက်အခဲရှိတာ” ဟု က DMG သို့ပြောသည်။

အဆိုပါ သံဇစ်မြစ်အတွင်း ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှစတင်ကာ ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် ခရိုင်အထွေထွေအုပ်ရေးအဖွဲ့တို့က ငါးဖမ်းရာတွင် အဆင်ပြေစေရန်အတွက် ကျားပိုက်သမားများ ငါးဖမ်းရမည့်နေရာနှင့် မျှောပိုက်သမားများ ငါးဖမ်းရမည့်နေရာကို စနစ်တကျ သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မျှောပိုက်သမားများအား သတ်မှတ်ပေးသည့် နေရာတို့မှာ ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်၊ မဒေးကျွန်း၊ ပေါက်လယ်ချေ၊ သစ်ပုတ်တောင်နှင့် ကုန်ဘောင်စသည့် ကျေးရွာအနီးအနားပါဝင်ကြောင်း သိရသည်။

မဒေးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသာစံအောင်က “ ကျနော်တို့ မဒေးကျွန်း ဒေသခံတွေက မျှောပိုက်ကို အဓိကထားပြီးတာ့ အသက်မွေးဝမ်းကျောင်း ပြုနေကြတာ။ ကျားပိုက်တွေလာထောင်ရင် မျှောပိုက်က မျှောမရတော့ဘူး။ ပိုက်တွေပျက်စီးတယ်။ ပိုက်မချရတော့ စားဝတ်နေရေးတွေ အခက်အခဲရှိတာပေါ့။ အခုလည်း ကျားပိုက်တိုင်တွေ ထောင်ထားတယ်” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကျောက်ဖြူခရိုင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြို့နယ်/ ခရိုင်ထွေအုပ်အဖွဲ့သို့ မျှောပိုက်သမားများ သွားရောက်တိုင်ကြားခဲ့ရာ ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်တွင် မျှောပိုက်သမားနှင့် ကျားပိုက်သမားများထံ ညွှန်ကြားစာပေးပို့ခဲ့ ကြောင်း သိရသည်။

ထိုညွှန်ကြားစာတွင် ရေလုပ်သားများအနေဖြင့် ၂၀၁၅ ခုနှစ်က သဘောတူညီချက်အတိုင်းသာ လုပ်ဆောင်ကြရန်နှင့် ယခင် သဘောတူညီချက်တို့အား အလေးထားလိုက်နာကြရန် အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

သို့သော် ကျားပိုက်သမားများက ဆက်လက်လုပ်ကိုင်နေပြီး မျှောပိုက်သမားများမှာ စားဝတ်နေရေးအခက်အခဲများရှိသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူမျာ းဖြေရှင်းပေးကြရန် ဒေသခံများက တောင်းဆိုနေကြသည်။

ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်မှ နောက်ထပ် မျှောပိုက်သမားတစ်ဦးက “ အခုချိန်ထိ သူတို့က လာရောက် ငါးဖမ်းနေတာရှိတယ်။ ငါးလုပ်ငန်းဦးစီးဌာနက ညွန်ကြားစာပို့ပေးမယ့် သူတို့က လိုက်နာမှုမရှိဘူး။ အခုလိုမျိုး နောက်ထပ်လုပ်နေမယ်ဆိုရင် ကျနော်တို့အတွက် အများကြီး အခက်အခဲရှိနိုင်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီဖြေရှင်းပေးဖို့တောင်းဆိုချင်တယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ သံဇစ်မြစ်အတွင်း ကျားပိုက်လုပ်ငန်းလုပ်ကိုင်သူ ၈၀ ကျော်ရှိသော်လည်း လက်ရှိတွင် သတ်မှတ်နေရာထက် ကျူးကျော်ကာ ငါးဖမ်းဆီးနေသူမှာ ၃၀ ဉီးခန့်ရှိကြောင်းလည်း ကျားပိုက်သမားများထံမှ သိရသည်။

ထို့အတူ ယင်းသို့ သတ်မှတ်နေရာထက်ပိုပြီး ငါးဖမ်းရခြင်းမှာလည်း လက်ရှိ သံဇစ်မြစ်တွင် ငါးသယံဇာတရှားပါး လာမှုကြောင့်ဖြစ်သည်ဟု ကျားပိုက်သမားများက ဖြေရှင်ချက်ပေးသည်။

ကျားပိုက် ငါးဖမ်းသမားတစ်ဦးက “ သူတို့က ဘာဖြစ်လို့ ကျုးကျော်ပြီးတော့ ငါးဖမ်းရလဲဆိုတော့ အဲဒီဖက်မှာက ငါးနည်းနည်းပေါများတယ်။ ဒီဖက်မှာက ငါးရှားလာတဲ့အတွက် သွားဖမ်းကြတာဖြစ်ပါတယ်။ မျှောပိုက်ဖက်မှာ ငါးမဖမ်းတဲ့ ကျနော်တို့ ကျားပိုက်သမား ၅၂ ယောက်ကတော့ လက်မှတ်ထိုးပြီးတော့ ခရိုင်ငါးလုပ်ငန်းရုံးကို စာတင်ထားပါတယ်” ဟု ရှင်းပြသည်။

ကျောက်ဖြူ သံဇစ်မြစ် အလယ်မှနေ၍ ကျောက်ဖြူဘက်ခြမ်းကို ကျားပိုက် ငါးဖမ်းသမားများအတွက် ငါးဖမ်း ဧရိယာအဖြစ်သတ်မှတ်ထားပြီး အခြားတစ်ဘက်ခြမ်းကို မျှောပိုက်သမားများ ငါးဖမ်းဧရိယာအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဗီဒီယိုများ