ရခိုင်တွင် နိုင်ငံရေးပုဒ်မဖြင့် စွပ်စွဲခံထားရသူအချို့ ဆေးဝါးကုသမှုခံယူရန် လိုအပ်နေ 

ရခိုင်ပြည်အတွင်း နိုင်ငံရေးပုဒ်မဖြင့် စွပ်စွဲခံရပြီး တရားစွဲဆိုခံထားရသူနှင့် ကာလရှည်ကြာ အကျဉ်းကျနေသူအချို့ ကျန်းမာရေးမကောင်းဖြစ်နေသည့်အတွက် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

By Admin 25 Feb 2023

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်း
နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်း

DMG ၊ ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်အတွင်း နိုင်ငံရေးပုဒ်မဖြင့် စွပ်စွဲခံရပြီး တရားစွဲဆိုခံထားရသူနှင့် ကာလရှည်ကြာ အကျဉ်းကျနေသူအချို့ ကျန်းမာရေးမကောင်းဖြစ်နေသည့်အတွက် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့မှ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းမှာ ခါးကိုက်သည့်ဝေဒနာကို ခံစားနေရ၍ ဆေးကုသမှုခံယူရန် လိုအပ်နေသော်လည်း ဆေးကုခွင့်မရကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်လှဇံက ပြောသည်။ 

“သူအခု ခါးတအားကိုက်တယ်ပြောတယ်။ ခါးနေမကောင်းဖြစ်နေတဲ့အတွက် ဆေးဝယ်ပြီးတော့ ပို့ထားရတယ်။ အခုက အချုပ်မှာလည်း တွေ့ချင်တိုင်း တွေ့လို့မရဘူး။ အရင်တစ်ခေါက်က အတင်းတောင်းဆိုလို့ တစ်ခေါက်တော့ ဆေးခန်းပြလိုက်ရတယ်။ အခုနောက်ပိုင်း ဆေးကုခွင့်တောင်းလို့မရတော့ဘူး” ဟု ဒေါ်ခင်လှဇံက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ကိုဇော်ဝင်းအပါအဝင် ဒေသခံ ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။ 

၎င်းတို့ကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် စစ်ကောင်စီကတရားစွဲဆိုခဲ့ပြီး လက်ရှိမှာ အဆိုပါပုဒ်မဖြင့် စွဲချက်အမိန့်ချမှတ်ခံထားရသည်။ 

အလားတူ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ ဘယ်ဘက်မျက်စိ တိမ်စွဲကပ်နေသည့်အတွက် ဆေးကုသမှုခံယူရန် လိုအပ်နေသဖြင့် မိသားစုဝင်များက အကြိမ်ကြိမ် တောင်းဆိုနေသော်လည်း လက်ရှိအချိန်ထိ ဆေးကုသခွင့် မရရှိသေးကြောင်း သိရသည်။

“မျက်စိတစ်ခုက ဆေးကုသဖို့အရေးကြီးနေတယ်။ မိသားစုတွေနဲ့ တွေ့ခွင့်မပေးတော့ မသွားဖြစ်ဘူး။ အခု အထဲကပေးတဲ့ မျက်စိရောဂါပျောက်ကင်းဆေးနဲ့ သုံးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘာမှထူးခြားမှုမရှိဘူး” ဟု ဦးညီပု၏ သမီးဖြစ်သူ မကြည်ကြည်ဦးက DMG သို့ပြော သည်။

ဝန်ကြီးချုပ်ဟောင်းဦးညီပုမှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ လက်ရှိတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂)နှစ်၊ အဂတိလိုက်စားမှုပုဒ်မသုံးခုဖြင့် ထောင်ဒဏ်(၉)နှစ်အပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) နှင့် ထောင်ဒဏ် (၂) နှစ် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်ခံထားရသည်။ 

အကျဉ်းထောင်လက်စွဲဥပဒေအရ အကျဉ်းသားတိုင်းသည် ထောင်တွင်းအကျဉ်းကျနေစဉ်ကာလတွင် သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိပိုင်ခွင့်များရှိပြီး တစ်ပတ်တစ်ကြိမ် ထောင်ဝင်စာတွေ့ခွင့်ရှိကြောင်း ပြဌာန်းထားသည်။ 

အကျဉ်းသားများကို ဆက်ဆံရေးနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ထားသည့် အနိမ့်ဆုံးစည်းမျဉ်းများတွင် အကျဉ်းသားအားလုံးသည် ၎င်းတို့၏ မွေးရာပါဂုဏ်သိက္ခာနှင့်အညီ လူသားများကဲ့သို့ တန်ဖိုးထားပြီး လေးစားမှုဖြင့်ဆက်ဆံခံရမည့်အပြင် မိသားစုဝင်များနှင့် သူငယ်ချင်းများကို တွေ့ဆုံခွင့်ပြုပေးရမည်ဟု ဖော်ပြထားသည်။ 

သို့သော်လည်း မြန်မာနိုင်ငံအတွင်း တရားစွဲဆိုခံထားရသူနှင့် အကျဉ်းကျနေသူများမှာ ထိုရပိုင်ခွင့်အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ 

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည့် မောင်တောဒေသခံ ကိုညီညီနိုင်မှာလည်း စစ်ကြောရေးကာလအတွင်း ရိုက်နှက်စစ်ဆေးခံရမှုဒဏ်ကြောင့် ကျန်းမာရေးမကောင်းဖြစ်နေကြောင်း မိသားစုဝင်များက ပြောသည်။ 

ကိုညီညီနိုင်၏ အစ်ကိုဖြစ်သူ ကိုကိုနိုင်က “သူရဲ့(ညီညီနိုင်) စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အကုန်လုံးထိခိုက်နေရတယ်လို့ ကြားသိရတယ်။ ကျန်းမာရေးအခြေအနေကလည်း မကောင်းဖြစ်နေတယ်လို့ သိရတယ်။ စစ်ကြောရေးမှာအရိုက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် ထုံထိုင်းလာတာတွေ ဖြစ်နေတယ်လို့ သိရတယ်” ဟု ပြောသည်။ 

လက်ရှိတွင် ကိုဗစ်ကြောင်းပြချက်ဖြင့် ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ထားသည့်အတွက် ကိုညီညီနိုင်၏ ကျန်းမာရေးနှင့်ပတ်သက်၍ မိသားစုဝင်များကစိုးရိမ်နေကြပြီး ထောင်ဝင်စာတွေ့ခွင့်ရရှိရန်လည်း လိုလားနေကြသည်။ 

ယခုဖော်ပြခဲ့သည့် ကျန်းမာရေးမကောင်းသဖြင့် ဆေးကုမှုခံယူရန် လိုအပ်နေသူများမှာ DMG မှ စုံစမ်းမေးမြန်းခဲ့သူများဖြစ်ပြီး မြေပြင်အခြေအနေတွင် နောက်ထပ် ဆေးကုမှုလိုအပ်နေသူ အများအပြားရှိနိုင်သည်။ 

DMG က ကောက်ယူထားသည့်စာရင်းအရ ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူ ၅၀ ဦးခန့်ရှိသည်။

#R007

ဗီဒီယိုများ