- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ယာဉ်မတော်တဆ အဖြစ်များသည့် သင်္ကြန်ကာလမှာ ယာဉ်ကို သတိပြုမောင်းနှင်ကြရန် လိုအပ်
သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုအများစုမှာ အရက်သေစာ အလွန်အကျွံသောက်စားပြီး မောင်းနှင်မှုကြောင့် ဖြစ်သည်ဟု သိရသည်။
11 Apr 2023

DMG ၊ ဧပြီ ၁၁
ရခိုင်ပြည်တွင် နှစ်စဉ်သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု များပြားခဲ့သောကြောင့် ယာဉ်များကို အထူးသတိပြု မောင်းနှင်ကြရန်လိုအပ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ထောက်ပြပြောဆိုကြသည်။
သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုအများစုမှာ အရက်သေစာ အလွန်အကျွံသောက်စားပြီး မောင်းနှင်မှုကြောင့် ဖြစ်သည်ဟု သိရသည်။
သင်္ကြန်ကာလ ယာဉ်မတော်တဆမှုများနှင့် တခြားသော မတော်တဆမှုများ တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက အချိန်နှင့်တပြေးညီ ကူညီပေးမှုများလုပ်ဆောင်နိုင်ရန် စီစဉ်ထားကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
“သင်္ကြန်အတွင်းမှာ အရက်တွေ အလွန်သောက်ပြီး ဆိုင်ကယ်တွေ၊ ကားတွေမောင်းလို့ မတော်တဆမှုဖြစ်တာ များပါတယ်။ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး လိုအပ်ရင်လိုအပ်သလို ၂၄ နာရီလုံး အကူအညီပေးသွားမှာပါ။ ဒါကတော့ နှစ်စဉ်နှစ်တိုင်း ကျနော်တို့ လုပ်ဆောင်နေကျပါပဲ။ အက်ဆီးဒင့်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အကူအညီပေးနိုင်ဖို့ အတွက်ကိုတော့ ကျနော်တို့က အသင့်ဖြစ်အောင် ဆောင်ရွက်နေပါတယ်”ဟု စစ်တွေမြို့မှ ‘ရွှေရောင်မေတ္တာဖောင်ဒေးရှင်း’ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးမင်းထည်ဝါက ပြောသည်။
ရခိုင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း ဧပြီလ ၁၃ ရက်နေ့ နောက်ပိုင်းတွင် ကျရောက်မည့် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားခြင်း လျော့နည်းစေရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း DMG ကို ပြောဆိုသည်။
စစ်တွေမြို့မှ ‘မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း’ လူမှုကူညီရေးအသင်းဥက္ကဌ ကိုလင်းလင်းက “ကျနော်တို့က တကယ်လို့ မတော်တဆမှု တစ်ခုခုဖြစ်ပွားခဲ့ရင် ချက်ချင်းကူညီနိုင်အောင် ဂျူတီတွေခွဲပြီး လုပ်ဆောင်သွားမှာပါ။ လက်ရှိမှာတော့ ယာဉ်ထိန်းရဲဘက်ကလည်း သင်္ကြန်ကာလအတွင်း တစ်လမ်းမောင်းစနစ်တွေ လုပ်ဖို့ရယ်၊ ယာဉ်မတော်တဆမှုတွေ တက်နိုင်သမျှ လျော့နည်းအောင်လုပ်ဖို့ စီစဉ်နေတာတွေကို တွေ့ရှိရပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်တွင် ၂၀၂၁ ခုနှစ်အတွင်းက ယာဉ်မတော်တဆမှုပေါင်း ၂၈၃ ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၂၁ ဦးနှင့် ဒဏ်ရာရရှိသူ ၂၈၃ ဦးရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ယာဉ်မတော်တဆမှုပေါင်း ၁၄၉ မှုဖြစ်ပွားကာ သေဆုံးသူ ၈၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၂ ဦး အထိရှိခဲ့ကြောင်း ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းအရ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုစာရင်းများမှာ ရခိုင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကောက်ယူထားသော စာရင်းသာဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက်ပိုများပြားနိုင်သည်။
#I005