မင်ပြားတွင် ယခုရက်ပိုင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည်ဟု စစ်ကောင်စီ အသိပေး

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက ယခုရက်ပိုင်းအတွင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည်ဟု အနီးအနားကျေးရွာများကို အသိပေးထားသော်လည်း အချိန်နှင့်နေရာကို အတိအကျပြောဆိုခြင်းမရှိ၍ ဒေသခံများမှာ စိုးရိမ်မှုရှိနေကြသည်။

By Admin 28 Jul 2023

၂၀၁၉ ခုနှစ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာတပ်နယ်(မုန်တိုင်)၌ စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။
၂၀၁၉ ခုနှစ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာတပ်နယ်(မုန်တိုင်)၌ စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။

DMG ၊ ဇူလိုင် ၂၈

ရခိုင်ပြည်၊ မင်းပြားမြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် ခမရ ၃၇၉ တပ်ရင်းက ယခုရက်ပိုင်းအတွင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည်ဟု အနီးအနားကျေးရွာများကို အသိပေးထားသော်လည်း ပစ်ခတ်မည့် အချိန်နှင့်နေရာကို အတိအကျပြောဆိုခြင်းမရှိ၍ ဒေသခံများမှာ စိုးရိမ်မှုရှိနေကြသည်။

လက်နက်ကြီးစမ်းသပ်ရန်ရှိကြောင်းကို ခမရ ၃၇၉ တပ်ရင်းက ဇူလိုင်လ ၂၆ ရက်နေ့မှစပြီး ဘူးပင်၊ ဆင်ကြီးပြင်(ရခိုင်)၊ ဆင်ကြီးပြင်(မွတ်ဆလင်)၊ ဘူးချောင်းကြီး၊ ဘားဘူတောင်၊ င/တင်ဗျင်း စသည့်ကျေးရွာများကို အသိပေးလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ခမ၇ ၃၇၉ က လက်နက်ကြီးပစ်ခတ်မယ်လို မနေ့က ပြောခဲ့တာရှိတယ်။ ဘယ်နေ့ပစ်မယ်၊ ဘယ်နေရာကိုပစ်မယ် ဆိုတာတော့ ပြောမသွားဘူး။ လက်နက်ကြီးက သူတို့ပစ်ချင်တဲ့အချိန် ပစ်နိုင်တာပေါ့။ အဲလိုသာ ပစ်ခတ်လာရင် လယ်ထဲမှာ အလုပ်လုပ်နေသူတွေ၊ တောင်မှာ အလုပ်အလုပ်နေသူတွေနဲ့ ငါးရှာနေတဲ့သူတွေ အန္တရာယ်ဖြစ်မှာကို စိုးရိမ်ရတယ်” ဟု အမည်မဖော်လိုသည့် ဘူးပင်ရွာသားတစ်ဦးက ပြောသည်။

မင်းပြားအခြေစိုက် ခမရ ၃၇၉ တပ်ရင်းနှင့် ခမရ ၃၈၀ တပ်ရင်းကြားရှိ သင်းချပ်မြောင်တွင် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းကလည်း လက်နက်ငယ်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မင်းပြားမြို့နယ် အိမ်ရှေ့မင်းကျေးရွာမှ ဒေသခံတစ်ဦးက “မနေ့က သင်းချပ်မြောင်မှာ လက်နက်ငယ် ပစ်ခတ်သံတွေကို မိနစ် ၄၀ လောက်ကြာ ကြားခဲ့ရတယ်။ နောက်ထပ် လက်နက်ကြီးပစ်ခတ်မှုတွေလည်း ပြုလုပ်မယ်လို့ သိရတယ်။ ဘယ်တော့ ပစ်ခတ်မယ်ဆိုတာ မသိရသေးဘူး။ ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ရှိကြတယ်” ဟု ပြောသည်။

မင်းပြားမြို့ရှိ ကျိန်းတောင်အနောက်တွင် စစ်ကောင်စီ၏ ခမရ ၅၄၁၊ ခမ၇ ၃၇၉နှင့် ခမရ ၃၈၀ တပ်ရင်းတို့ ရှိပြီး ခမရ ၃၈၀ တပ်ရင်းအနီးတွင် ဆင်ကြီးပြင်(ရခိုင်)၊ ဆင်ကြီးပြင် (မွတ်ဆလင်)ကျေးရွာတို့ တည်ရှိသည်။ ခမရ ၅၄၁ တပ်ရင်းအနီးတွင် ဘူးချောင်းကြီး၊ အိမ်ရှေ့မင်း၊ ဘားဘူတောင်၊ င/တင်ဗျင်းနှင့် ဘူးပင် စသည့်ကျေးရွာများ တည်ရှိကြသည်။

စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးပစ်ခတ်စမ်းသပ်မှုများ ရှိနေခြင်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သော်လည်း အပစ်ရပ်ကာလတွင် ပစ်ခတ်မှုများ မလုပ်သင့်ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ထောက်ပြသည်။

“အခုလို အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ လက်နက်တွေပစ်ခတ်ပြီး သတိအနေအထားနဲ့ စစ်ပြင်ဆင်ထားတဲ့ အနေအထားတော့ မလုပ်သင့်ဘူးလို့ ထင်တယ်။ နှစ်ဖက် ယုံကြည်မှုတည်ဆောက်ထားတဲ့ ကာလမှာ တစ်ဖက်ကိုတစ်ဖက် ယုံယုံကြည်ကြည်နဲ့ သတိအနေအထားတော့ ရှိကြဖို့လိုတယ်။ ဒါပေမဲ့ တစ်ဖက်ရဲ့ ယုံကြည်မှုပျက်ပြားစေတဲ့ လုပ်ရပ်မျိုးတော့ မလုပ်သင့်ဘူး” ဟု သူက ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီက လက်နက်စမ်းသပ်မှုများကို ရက္ခိုင့်တပ်တော်(AA) ဖက်က တုံပြန်မှုများ မပြုလုပ်သော်လည်း မှတ်တမ်းအဖြစ်ထားရှိနိုင်ကာ တစ်ချိန်ချိန်တွင် တိုက်ပွဲခေါ်သည့် မှတ်တမ်းအချက်အလက်များအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ဦးဖေသန်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ တို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိလည်း မင်းပြားမြို့နယ် ကမ်းနီကျေးရွာအနီးက စစ်ကောင်စီ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း တိုင်းဗဟို(၉)တွင် လက်နက်ကြီး၊ လက်နက်ငယ် စမ်းသပ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဇွန်လ ၂၄ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်ရှိ သံဇစ်မြစ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် စမ်းသပ်ပစ်ခတ်မှုများ ရှိခဲ့သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်( AA) တို့၏ တကျော့ပြန်တိုက်ပွဲများမှာ နှစ်ဖက်နားလည်မှုဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရပ်တန့်ခဲ့ပြီး တိုက်ပွဲများငြိမ်သက်နေသည်မှာ ၈ လအထိ ရှိလာပြီဖြစ်သည်။

#I006 

ဗီဒီယိုများ