- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
ဘူးသီးတောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် စွဲချက်တင်
စွဲချက်တင်ခံရသူ နှစ်ဦးမှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှနှင့် မီးကျောင်းဈေးကျေးရွာ အုပ်ချုပ်ရေးမှူး အာမိန်းဟူးဆောင်တို့ ဖြစ်ကြသည်။
17 Jul 2023

DMG ၊ ဇူလိုင် ၁၇
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ဘူးသီးတောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇ (၁) (၂)တို့ဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။
ထိုသို့ စွဲချက်တင်ခံရသူ နှစ်ဦးမှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှနှင့် မီးကျောင်းဈေးကျေးရွာ အုပ်ချုပ်ရေးမှူး အာမိန်းဟူးဆောင်တို့ ဖြစ်ကြသည်။
“အုပ်ချုပ်ရေးမှူး နှစ်ဦးလုံးကို တရားစွဲဆိုထားတဲ့ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇ (၁) (၂)နဲ့ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ ဇူလိုင်လ ၂၅ ရက် လာမယ့်ရုံးချိန်းမှာ အမှုကို စစ်ဆေးသွားမယ်လို့ သိရတယ်”ဟု ဘူးသီးတောင်မြို့နယ်တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော်(AA)ကို ထောက်ပံ့မှု၊ ဆက်သွယ်မှုတို့ဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့ ရုံးချိန်းတွင် ဘူးသီးတောင်မြို့နယ်တရားရုံးက ၎င်းတို့နှစ်ဦးကို စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဘူးသီးတောင်အခြေစိုက် ဗျူဟာတပ်ရင်း စရဖတပ်မှ ဗိုလ်ကြီး နေမင်းဦးက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့သည်။
ဦးကျော်လှမှာ ဖမ်းဆီးခံရစဉ်က စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ရသည့် ဒဏ်ရာများကြောင့် ကျန်းမာရေး မကောင်းဖြစ်နေကြောင်းနှင့် ဖခင်ဖြစ်သူ ဦးကျော်လှကို ပြန်လွှတ်ပေးရန် သားဖြစ်သူက တောင်းဆိုသည်။
ဦးကျော်လှ၏ သားဖြစ်သူ ကိုမောင်ကျော်ဝင်းက “အဖေ ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရတော့ မိသားစုမှာတော့ အခက်အခဲတွေရှိတာပေါ့။ နောက်ပြီး အဖေက အသက်လည်းကြီးလာပြီ AA နဲ့လည်း ဆက်စပ်မှုတွေမရှိတော့ ပြန်လွှတ်ပေးစေချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးကို ဘူးသီးတောင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
DMG က ကောက်ယူထားသည့် စာရင်းများအရ ၂၀၂၂ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအထိ ငါးလအတွင်း ဖမ်းဆီးခံခဲ့ရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံ ၁၀ ထက်မနည်း ရှိခဲ့သည်။ ယင်းအထဲတွင် မောင်တောမြို့နယ်မှ ၃ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၃ ဦး၊ မင်းပြားမြို့နယ်မှ ၁ ဦး၊ ကျောက်ဖြူမြို့နယ်မှ ၄ ဦးတို့ ဖြစ်ကြသည်။
ဖမ်းဆီးခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့မှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇ (၁) (၂)တို့ဖြင့် တရားစွဲခံရသဖြင့် အခြားသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကလည်း စိုးရိမ်မှုရှိကြောင်း ပြောဆိုကြသည်။
ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်သား ၅၉၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောခွင့်ရသူ ဦးခိုင်သုခက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ ဖမ်းဆီးခံရသူများထဲမှ ၃၉၁ ဦးသာ ပြန်လွတ်မြောက်လာပြီး ၂၀၃ ဦးမှာ ဖမ်းဆီးချုပ်နှောင် ခံထားရဆဲဟုလည်း ၎င်းကဆိုသည်။
#I006