စစ်တွေမြို့တွင် အမျိုးသမီးများ အကြမ်းဖက်သတ်ဖြတ်ခံရမှုရှိလာနေ၍ စိုးရိမ်မှုမြင့်တက်နေ

စစ်တွေမြို့တွင် ယခုကဲ့သို့ အမျိုးသမီးငယ်များ သတ်ဖြတ်ခံရမှုများအပြင် ခိုးဆိုးလုယက်မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေသည်မှာ မူးယစ်ဆေးဝါးများအား ငွေအနည်းငယ်ဖြင့် လွယ်ကူစွာ ဝယ်ယူနိုင်ခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း တို့ကြောင့်ဖြစ်သည်ဟု ဒေသခံမျာက ရှုမြင်ကြသည်။

By Admin 20 Mar 2023

သေဆုံးသွားသည့် မင်းဂံရပ်ကွက် (၁၅) မှ အသက် ၁၁ နှစ်အရွယ် မိန်းကလေး၏ နာရေးအား တွေ့ရစဉ်။
သေဆုံးသွားသည့် မင်းဂံရပ်ကွက် (၁၅) မှ အသက် ၁၁ နှစ်အရွယ် မိန်းကလေး၏ နာရေးအား တွေ့ရစဉ်။

DMG ၊ မတ် ၂၀ 

ရခိုင်ပြည်၊ စစ်တွေမြို့တွင် အမျိုးသမီးများ အကြမ်းဖက်သတ်ဖြတ်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ လုယက်ခံရခြင်းများကို မကြာခဏ ကြုံတွေ့နေရသည့်အတွက် ဘေးကင်းလုံခြုံမှုမရှိသလို ခံစားလာရသည်ဟု အမျိုးသမီးများက ပြောဆိုကြသည်။

မိန်းကလေးငယ်များ အဓ္ဓပြုကျင့်သတ်ဖြတ်ခံရမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် သားသမီးများကို နေအိမ်တွင်ထားပြီး အပြင်သို့ အလုပ်ထွက်လုပ်ရန် စိတ်မချနိုင်ဘဲ ဖြစ်နေရသည်ဟု မင်းဂံရပ်ကွက်(၁၅)မှ ဒေါ်ဝင်းဝင်းသန်းက ပြောသည်။

“ကိုယ့်သားသမီးအတွက် စိတ်မချဘူး။ ဒီလိုမျိုး (မိန်းကလေးတွေ အသတ်ခံနေရတာ)  ခဏခဏဖြစ်နေတော့ ကျမတို့အတွက် ဘယ်လိုမှ မလုံခြုံနိုင်ဘူး။ ကျမတို့မှာသားသမီးရှိတယ်။ ဆင်းရဲပင်ပန်းတဲ့အတွက် အပြင်ကိုထွက်ပြီး လုပ်ကိုင်စားသောက်ကြရတယ်။ အခုလိုမျိုးဖြစ်စဉ်တွေ မကြာခဏဖြစ်နေတော့ သားသမီးတွေကို ထားပြီး အလုပ်လုပ်ဖို့တောင် စိတ်မချတော့ဘူး” ဟု ၎င်းက ပြောသည်။ 

ယခု မတ်လ ၁၅ ရက်နေ့၊ ညအချိန်တွင် မင်းဂံရပ်ကွက် (၁၅) မှ အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦးမှာ နေအိမ်မှပျောက်သွားကာ မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မင်းဂံရပ်ကွက်ရှိ မီးရထားလမ်းအောက်တွင် ရိုက်နှက်ဒဏ်ရာများဖြင့် အဝတ်အစားမပါဘဲ သတိမေ့လျော့နေသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါမိန်းကလေးမှာ စစ်တွေဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် မတ်လ ၁၈ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး အဓ္ဓမပြုကျင့်ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့မှ ကောက်ချက်ချနေပြီး မိသားစုဝင်များကလည်း အဓ္ဓမပြုကျင့်ခံခဲ့ရသည်ဟု ယူဆနေကြသည်။ လက်ရှိတွင် အမှုနှင့်ပတ်သက်၍ တရပ်ကွက်တည်းနေ သံသယရှိသူ အသက် (၁၇) နှစ်အရွယ် လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ 

သေဆုံးသွားသည့် မိန်းကလေး၏ ဆေးစစ်ဆေးချက်အဖြေ ထွက်မလာသေး၍ မုဒိမ်းမှုကျူးလွန်ခံခဲ့ရခြင်း ရှိ/မရှိကို တိတိကျကျ မသိရသေးသော်လည်း သံသယရှိသူနှစ်ဦးမှာ ပြစ်မှုကျုးလွန်ကြောင်း ဝန်ခံနေပြီဖြစ်သဖြင့် ထိရောက်စွာအရေးယူပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။ 

“သူတို့နှစ်ယောက်ပါးစပ်က ပြောနေပြီဖြစ်တယ်။ သူတို့လုပ်တာလို့ ဝန်ခံတယ်လို့ပြောတယ်။ ကျမသမီးသေသွားသလို သူတို့လည်း သေရပါမယ်။ သေဒဏ်ပေးရပါမယ်။ သူတို့ကို သေဒဏ်ကျစေချင်တယ်” ဟု ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးသွားသည့် မိန်းကလေး၏ မိခင် ဒေါ်ညိုညိုဝင်းက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးအနီးရှိ ဆိုင်တစ်ဆိုင်၌ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးမှာ အဓ္ဓမပြုကျင့်ခံရပြီး ဓားထိုးဒဏ်ရာနှစ်ချက်၊ မျက်နှာနှင့် မေးစေ့တို့တွင် ညိုမဲစွဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့မြင်ခဲ့ရသည်။ 

လက်ရှိမှာ စစ်တွေမြို့တွင် ညအချိန်သာမက နေ့ခင်းအချိန်မှာတောင် ဖုန်း၊ လက်ကိုင်အိတ်များကို ဆိုင်ကယ်ပေါ်ကနေ လုယက်ထွက်ပြေးမှုများ၊ အုပ်စုဖွဲ့လုယက်မှုများ စသည့် ဒုစရိုက်မှုများ တဖြည်းဖြည်း များပြားလာသည့်အပြင် အဓ္ဓမပြုကျင့် သတ်ဖြတ်မှုများပါရှိလာနေခြင်းကြောင့် စစ်တွေမြို့နေပြည်သူများမှာ လုံခြုံမှုကင်းမဲ့နေသလို ခံစားနေကြရသည်။  

ရခိုင့်တံခါးအလင်းအဖွဲ့ ဥက္ကဌ ဒေါ်ကျော့စိန်က “ပတ်ဝန်းကျင်မှာ ကလေးတွေကို စိတ်ချပြီးထားလို့ မရတော့ဘူး။ လုံခြုံရေးကင်းမဲ့ဇုန်လို ဖြစ်နေတယ်။ ရဲတွေကလည်း ညဆိုရင် ကင်းမလှည့်ကြတော့ဘူး။ အဲဒီတော့ ပတ်ဝန်းကျင်မှာ ခိုးမှု၊ မုဒိမ်းမှု၊ လူသတ်မှုတွေ ဖြစ်နေတာဟာ လုံခြုံရေးကင်းမဲ့နေတာလို့ မြင်တယ်” ဟု သူက ပြောသည်။ 

စစ်တွေမြို့တွင် ယခုကဲ့သို့ အမျိုးသမီးငယ်များ သတ်ဖြတ်ခံရမှုများအပြင် ခိုးဆိုးလုယက်မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေသည်မှာ မူးယစ်ဆေးဝါးများအား ငွေအနည်းငယ်ဖြင့် လွယ်ကူစွာ ဝယ်ယူနိုင်ခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း တို့ကြောင့်ဖြစ်သည်ဟု ဒေသခံမျာက ရှုမြင်ကြသည်။

“အဓိက ဇစ်မြစ်ကတော့ စားဝတ်နေ‌ရေး ကျပ်တည်းတယ်။ လုပ်ကိုင်စားသောက်ဖို့ အခွင့်အလမ်းတွေ မရှိဘူး။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ တချို့လူတွေက ကိုယ့်ကိုယ်ကျိုးအတွက် အသုံးချပြီးတော့ ကလေးတွေကို မူးယစ်ထုံထိုင်းစေတဲ့ ဆေးဝါးတွေကို ရောင်းချမှုတွေ မြင့်တက်လာတယ်လို့ ပြောရမှာပေါ့။ အဲဒီနောက်ပိုင်း ဒီလိုကိစ္စတွေဖြစ်ဖို့ တွန်းအားပေးသလိုဖြစ်နေတယ်” ဟု ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။ 

#R005

ဗီဒီယိုများ