ငပုတောတွင် မွတ်ဆလင် ၇၀ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်းသို့ အထောက်အထားမဲ့ ဝင်ရောက်လာသည်ဟုဆိုကာ မွတ်ဆလင် ၇၀ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသူ ၇ ဦးတို့ကို စစ်ကောင်စီရေတပ်က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

By Admin 21 Apr 2023

ဧပြီလ ၁၉ ရက်နေ့က  ငပုတောမြို့နယ်တွင် ဖမ်းဆီးခံလိုက်ရသည့် မွတ်ဆလင်များ။ (ဓာတ်ပုံ - PAN မီဒီယာ)
ဧပြီလ ၁၉ ရက်နေ့က  ငပုတောမြို့နယ်တွင် ဖမ်းဆီးခံလိုက်ရသည့် မွတ်ဆလင်များ။ (ဓာတ်ပုံ - PAN မီဒီယာ)

DMG ၊ ဧပြီ ၂၁

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်းသို့ အထောက်အထားမဲ့ ဝင်ရောက်လာသည်ဟုဆိုကာ မွတ်ဆလင် ၇၀ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသူ ၇ ဦးတို့ကို စစ်ကောင်စီရေတပ်က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဧပြီလ ၁၉ ရက် နံနက်ပိုင်းက ငပုတောမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် သွားလာနေသည့် စက်လှေတစ်စီးကို စစ်ကောင်စီရေတပ်က မသင်္ကာ၍ စစ်ဆေးရာတွင် မွတ်ဆင်လင် ၇၀ ဦး၊ စက်လှေမောင်းသူနှင့် ခေါ်ဆောင်လာသူ ၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ငပုတောမြို့မရဲစခန်းနှင့် နီးစပ်သူက ပြောသည်။

“ငပုတောမြို့နယ်က ပင်လယ်ပြင်မှာ ရေတပ်က ကင်းလှည့်နေတုန်း ဖမ်းမိတာ။ စက်လှေတစ်စီးကို မသင်္ကာလို့ လိုက်လံစစ်ဆေးကြည့်တော့ မွတ်ဆလင်တွေကို တွေ့သွားတာပေါ့။ ဖမ်းဆီးခံရတဲ့အထဲမှာ အကုန်လုံးက သက်လတ်ပိုင်းတွေ များတယ်” ဟု ၄င်းက ပြောသည်။

ဖမ်းဆီးခံမွတ်ဆလင်များမှာ အမျိုးသား (၅၈) ဦးနှင့် အမျိုးသမီး (၁၂ ) ဦးတို့ဖြစ်ပြီး ဘူးသီးတောင်၊ မောင်တော ဒေသတို့မှဖြစ်ကြောင်း ၎င်းတို့ပြောဆိုချက်အရ သိရသည်ဟု ရဲစခန်းနှင့်နီးစပ်သူ သတင်းရင်းမြစ်က ဆိုသည်။

၎င်းတို့သည် ဧရာဝတီတိုင်းမှတစ်ဆင့် မွန်ပြည်နယ်ကိုဖြတ်ကာ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ထွက်လာသူများဖြစ်ပြီး စက်လှေမောင်းသူအပါအဝင် ခေါ်ဆောင်လာသူ အမျိုးသား ၇ ဉီးမှာ ဧရာဝတီတိုင်းတွင် နေထိုင်သည့် ရခိုင်လူမျိုးများဖြစ်ကြောင်း အဆိုပါနီးစပ်သူက ဆိုသည်။

လက်ရှိတွင် မွတ်ဆလင်များကို ငပုတောမြို့ အရှေ့ပိုင်းရပ်ကွက်ရှိ ရေသန့်စက်ရုံဂိုဒေါင်တွင် ထိန်းသိမ်းထားပြီး ခေါ်ဆောင်သူ ၇ ဦးကိုမူ ငပုတောမြို့မရဲစခန်းသို့ စစ်တပ်နှင့် ရဲက ခေါ်ဆောင်သွားကြောင်း မျက်မြင်မြို့ခံများထံမှ သိရသည်။

“မွတ်ဆလင်တွေကို ရေသန့်စက်ရုံ ဂိုဒေါင်ထဲမှာ ထိန်းသိမ်းထားတယ်။ အနားမှာလည်း စစ်တပ်၊ ရဲကပါ ကင်းချထားတယ်။ လှေမှာပါလာတဲ့ ၇ ဦးကိုတော့ ရဲစခန်းထဲကို ဖမ်းခေါ်သွားတာ တွေ့ခဲ့ရတယ်”  ဟု ငပုတောအရှေ့ပိုင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ ရခိုင်ပြည်မှ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများသို့ သွားရောက်ရန်ကြိုးစားသူ မွတ်ဆလင် (၆၀၀) ကျော်အထိရှိခဲ့ပြီး ၎င်းတို့ကို လဝကအက်ဥပဒေပုဒ်မတို့ဖြင့် တရားစွဲဆိုမှုများ ရှိခဲ့သည်။

#F004

ဗီဒီယိုများ