အပူချိန်မြင့်တက်ခြင်းကြောင့် ပန်ကာအပါအဝင် ဆိုလာသုံးလျှပ်စစ်ပစ္စည်း ဝယ်ယူအသုံးပြုမှုများလာ

လက်ရှိ အီလတ်ထရောနစ်ဈေးကွက်တွင် ဆိုလာ၊ Air Cooler၊ Air Con၊ ပန်ကာ၊ ဘက်ထရီအိုး၊ အင်ဗာတာနှင့် အခြား လျှပ်စစ်ပစ္စည်းများမှာ ယခင်ထက် ရောင်းအားသွက်နေကြောင်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ သိရသည်။

By Admin 24 Apr 2023

စစ်တွေမြို့မှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် တစ်ဆိုင်အားတွေ့ရစဉ်။
စစ်တွေမြို့မှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် တစ်ဆိုင်အားတွေ့ရစဉ်။

DMG ၊ ဧပြီ ၂၄

ရခိုင်ပြည်တွင် အပူချိန်မြင့်တက်နေပြီး လျှပ်စစ်မီးမှာလည်း အချိန်ကြာမြင့်စွာ မကြာခဏ ပြတ်တောက်နေခြင်းကြောင့် ဒေသခံပြည်သူများမှာ အအေးဓာတ်ကို ရရှိရန်အတွက် ပန်ကာအပါအဝင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူအသုံးပြုမှု များလာနေကြောင်း သိရသည်။

လက်ရှိ အီလတ်ထရောနစ်ဈေးကွက်တွင် ဆိုလာ၊ Air Cooler၊ Air Con၊ ပန်ကာ၊ ဘက်ထရီအိုး၊ အင်ဗာတာနှင့် အခြား လျှပ်စစ်ပစ္စည်းများမှာ ယခင်ထက် ရောင်းအားသွက်နေကြောင်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ သိရသည်။

ပူပြင်းမှုဒဏ်ကို ကြုံတွေ့လာပြီးနောက် လျှပ်စစ်စနစ်နှင့် အားဖြည့်အသုံးပြု၍ရသည့် ပန်ကာ၊ ပလက်ပေါက်သုံးပန်ကာများကို အများအပြား ဝယ်ယူမှုများရှိနေသဖြင့် လက်ရှိတွင် ပစ္စည်းတချို့ပြတ်လပ်မှုရှိနေကြောင်း စစ်တွေမြို့ရှိ အာရှတံခွန် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။

“ဒီနှစ်မှာ အပူချိန်နည်းနည်းမြင့်တော့ အရင်နှစ်တွေကထက် ပန်ကာတွေ ပိုရောင်းရတယ်။ အရင်နှစ်က ဒီလောက်မရောင်းရဘူး။ အခု တစ်နေ့မှာ အားဖြည့်ပန်ကာ ၁၅ လုံးလောက်ရောင်းရတဲ့အတွက် ကျမတို့ဆိုင်မှာဆိုရင် ပစ္စည်းပြတ်သွားလို့ ထပ်မှာထားရတယ်” ဟု ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။

လျှပ်စစ်စနစ်နှင့်အားဖြည့်အသုံးပြုသည့် ပန်ကာတစ်လုံးကို ယခင်က ၆၅,၀၀၀ ကျပ်ရှိပြီး လက်ရှိမှာ ၇၅,၀၀၀ ကျပ်နှင့် ပလက်ပေါက်သုံးပန်ကာတစ်လုံးကို ယခင်က ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိဈေးနှုန်းမြင့် တက်လျက်ရှိသည်။

ယင်းအပြင် ယခင်က ဝပ် ၁၈၀ ရှိသော ဆိုလားပြားတစ်ချပ်ကို ငွေကျပ် ၂၂၅,၀၀၀ ရှိခဲ့ပြီး လက်ရှိ ငွေကျပ် ၂၅၅,၀၀၀ အထိရှိကာ အခြား ဘက်ထရီအိုး၊ အင်ဗာတာစသည့် လျှပ်စစ်ပစ္စည်းများမှာလည်း အမျိုးအစားတစ်ခုလျှင် ငွေကျပ် ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိဈေးမြင့်တက်နေသည်။

“အခုက မီးတွေမကြာခဏပြတ်တော့ ဆိုလာရယ် ဘက်ထရီအိုး၊ အားဖြည့်ပန်ကာ Air Cooler တွေ ရောင်းတယ်။ မီးကမမှန် ရာသီဥတုကလည်း ပူတော့ အားဖြည့်လို့အသုံးပြုနိုင်တဲ့ ပန်ကာတွေကို အများဆုံးဝယ်ကြတယ်” ဟု ကျောက်ဖြူမြို့၊ Lucky Electronic လျှပ်စစ်ပစ္စည်းအရောင်းပိုင်ရှင် ဦးထက်ဇင်ထွန်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေပြီး လက်ရှိ ရခိုင်ပြည်တွင် တစ်နေ့လျှင် ၆ နာရီအထိ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်နေသည်။

ရာသီဥတုပူပြင်းမှုဒဏ်ကို ကြုံနေရသည့်အထဲ လျှပ်စစ်မီးပါ ပြတ်တောက်နေမှုကြောင့် လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်သည့်အတွက် စိတ်အနှောက်အယှက်ဖြစ်ရသည်ဟု စစ်တွေမြို့မှ ခိုင်ထူး လေယာဉ်လက်မှတ်အရောင်းဆိုင်ပိုင်ရှင် ဒေါ်စောခင်အေးက ပြောသည်။

“ရာသီဥတုကပူရတဲ့အထဲ မီးကပျက်တော့ ပန်ကာဖွင့်မယ်ဆိုရင်လည်း မရဘူး။ ညဆိုရင်လည်း ပူလွန်းအားကြီးလို့ အိပ်မရဘူး။ အလုပ်ထဲမှာဆိုရင်လည်း အဆင်မပြေဖြစ်ရတယ်။ ဖြစ်နိုင်ရင် မီးကို ၂ နာရီပေးပြီး ၂ နာရီ ပြတ်တောက်စေချင်တယ်” ဟု ဒေါ်စောခင်အေးက ပြောသည်။

ရခိုင်ပြည်တွင် ယခင်က နွေရာသီ ပျမ်းမျှအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် အမြင့်ဆုံး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထ ိရောက်ရှိနေပြီး လာမည့်ကာလတွင် အပူချိန် ဆက်လက်မြင့်လာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

အပူချိန်မြင့်တက်မှုကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ နာတာရှည်ရောဂါရှိသူများအပြင် အဝလွန်သူများမှာ ရာသီဥတုပူပြင်းမှုဒဏ်ကို သာမန်လူများထက် ခံနိုင်စွမ်းအားနည်းသည့်အတွက် အထူးဂရုစိုက်ကြရန် ကျန်းမာရေးဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က မြောက်ဦးမြို့နယ်မှ အသက် (၆၀) အရွယ် အမျိုးသားတစ်ဦး သတိလစ်သေဆုံးသွားခဲ့ပြီး ထိုသေဆုံးမှုမှာ အပူချိန်မြင့်တက်ခြင်းကြောင့်ဖြစ်နိုင်သည်ဟု မိသားစုဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက မှတ်ချက်ပြုထားကြသည်။

#I001

ဗီဒီယိုများ