ဒုက္ခသည်စခန်းအတွင်း အဓမ္မပြုကျင့်ခံရကြောင်း ဖွင့်ဟလာသည့် မွတ်ဆလင်အမျိုးသမီးများကို ရဲက ခေါ်စစ်

အမျိုးသမီး ၄၀ ကျော်ကို ဒုက္ခသည်စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီ ဆိုသူက အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ကျူးလွန်သူကို ထိရောက်စွာအရေးယူပေးရန် အမျိုးသမီး ၁၀ ဦးတို့က တောင်းဆိုထားကြသည်။

By Admin 21 Feb 2023

စစ်တွေမြို့နယ်၊ ဖွဲ့ရာကုန်း(မွတ်ဆလင်) ဒုက္ခသည်စခန်းတွင် အဓမ္မပြုကျင့်ခံရကြောင်း ပြောဆိုလာသည့် မွတ်ဆလင်အမျိုးသမီးအချို့။
စစ်တွေမြို့နယ်၊ ဖွဲ့ရာကုန်း(မွတ်ဆလင်) ဒုက္ခသည်စခန်းတွင် အဓမ္မပြုကျင့်ခံရကြောင်း ပြောဆိုလာသည့် မွတ်ဆလင်အမျိုးသမီးအချို့။

DMG ၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ဖွဲ့ရာကုန်း ဒုက္ခသည်စခန်းအတွင်း အဓမ္မပြုကျင့်ခံရသည့်အကြောင်း ဖွင့်ဟပြောဆိုခဲ့သည့် မွတ်ဆလင်အမျိုးသမီး ၁၀ ဦးကို ယနေ့(ဖေဖော်ဝါရီလ ၂၁ ရက်)တွင် စစ်တွေခရိုင် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖွဲ့ရာကုန်းဒုက္ခသည်စခန်းတွင် (၁၈)နှစ် မပြည့်သေးသည့် အမျိုးသမီးငယ်အချို့ အပါအဝင် အမျိုးသမီး ၄၀ ကျော်ကို အဆိုပါဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီ ဆိုသူက အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ကျူးလွန်သူကို ထိရောက်စွာအရေးယူပေးရန် အမျိုးသမီး ၁၀ ဦးတို့က တောင်းဆိုထားကြသည်။

ယင်းသို့ စခန်းတာဝန်ခံ၏ အဓမ္မပြုကျင့်ခြင်းကို ခံရကြောင်းပြောဆိုသည့် အမျိုးသမီးများကို ရဲကခေါ်ယူ စစ်ဆေးခဲ့ပြီး ဆေးစစ်ဆေးချက်များကိုလည်း ယူသွားကြောင်း ရခိုင်အမျိုးသမီးများအဖွဲ့  ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

“သူတို့ဆီက ဆေးစစ်ဆေးချက်တွေ ယူတယ်။ ကျမတို့ အဖွဲ့အစည်းကလည်း အမှုမဖွင့်ပေးတဲ့အတွက် စာတင်ထားတယ်၊ သူတို့လည်း စာတင်ထားတဲ့အတွက် ဒီနေ့ ခရိုင်မှူးက ဆင်းစစ်ဆေးတာ။ ဒီနေ့ ဆေးရုံမှာလည်း ဆေးစာယူတယ်။ သူတို့ ၁၀ ယောက်စလုံးကို စစ်ဆေးတယ်”ဟု ၎င်းကဆိုသည်။

ဖွဲ့ရာကုန်းဒုက္ခသည်စခန်း တာဝန်ခံမှာ စခန်းအတွင်းရှိ အမျိုးသမီးများကို အဓမ္မပြုကျင့်သည်မှာ ၂၀၁၂ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့အထိဆိုပါက ပြုကျင့်ခံရသည့်အမျိုးသမီး ၄၅ ဦးအထိရှိသည်ဟု ယင်းကိစ္စကို ဖွင့်ဟလာသည့် အမျိုးသမီး ၁၀ ဦးကပြောသည်။

အဓမ္မပြုကျင့်ခံရသူများထဲတွင် အိမ်ထောင်ရှိအမျိုးသမီး၊ တစ်ခုလပ်အမျိုးသမီး၊ စိတ်မနှံ့သူနှင့် အသက်(၁၈)နှစ် မပြည့်သေးသည့် အမျိုးသမီးငယ်များလည်းပါဝင်သည်ဟု ဆိုသည်။

“ကျမအိမ်ကို သူ(ဦးအုစ်ဖာန်ဂေါ်နီ) လာပြီးတော့ ပါးစပ်ပိတ်ပြီး (သားမယား)ကျင့်တယ်။ သူ့လက်ထဲမှာ ဓားမြှောင်တစ်လက်ပါတယ်။ ရင်ဘတ်ကို ဓားနဲ့ထောက်ထားတယ်။ အော်ရင် ဓားနဲ့ထိုးမယ်ဆိုပြီး ပြောတယ်”ဟု အဓမ္မပြုကျင့်ခံရသူ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကပြောသည်။

စစ်တွေမြို့နယ်ရှိ ဖွဲ့ရာကုန်း (မွတ်ဆလင်)ဒုက္ခသည်စခန်းတွင် လူဦးရေ ၂,၀၀၀ ကျော်ရှိပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် စစ်တွေမြို့ပေါ်မှ ထွက်ခွာသွားသူများဖြစ်သည်။

အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးများထဲမှ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့သဖြင့် စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီသည် ရာဇသတ်ကြီးပုဒ်မ ၉၂၃၊ ၃၇၆ တို့ဖြင့် ၅ လကြာ တရားရင်ဆိုင်ခဲ့ပြီးနောက်တွင် တရားလိုအမျိုးသမီးဘက်မှ အမှုကို ရုပ်သိမ်းခွင့်တင်ခဲ့သည်။

မည်သည့်အတွက်ကြောင့် အမှုကို ရုပ်သိမ်းလွှာတင်သည်ဖြစ်စေ ၎င်းအမှုအား ရုပ်သိမ်းခွင့်မပေးရန်နှင့် ထိရောက် ဟန့်တားလောက်သော ပြစ်ဒဏ်ပေးရန် လိုက်ပါကူညီပေးနေသည့် အမျိုးသမီးအဖွဲ့များက တောင်းဆိုကြသည်။

နောက်ထပ်ကျူးလွန်ခံရသည့် အမျိုးသမီး ၉ ဦးကလည်း ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီ ဥက္ကဌထံ တိုင်ကြားခဲ့ပြီး စစ်တွေမြို့မရဲစခန်းတွင်လည်း အမှုဖွင့်ပေးရန် တောင်းဆိုခဲ့သည်။ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို မေးမြန်းနေဆဲဖြစ်သည်။

#R007

ဗီဒီယိုများ