ငါးခြောက်ရောင်းအားမကောင်း၍ ပေါက်တောမှ ဆိုလာစနစ်ဖြင့် ငါးခြောက်လှန်းလုပ်ငန်း လည်ပတ်ရန်ခက်ခဲနေ

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ချောင်းဝကျေးရွာတွင် ဆိုလာစနစ်ဖြင့် အခြောက်ခံကာ ထုတ်လုပ်ရောင်းချနေသော ငါးခြောက်များမှာ ရောင်းအားမကောင်းသည့်အတွက် ပုံမှန်လည်ပတ်ရန် အခက်အခဲဖြစ်နေကြောင်း အဆိုပါကျေးရွာမှ ငါးခြောက်လှန်းလုပ်ငန်းကော်မတီ တာဝန်ရှိသူများက ပြောသည်။

By Admin 20 Dec 2022

ငါးခြောက်ရောင်းအားမကောင်း၍ ပေါက်တောမှ ဆိုလာစနစ်ဖြင့် ငါးခြောက်လှန်းလုပ်ငန်း လည်ပတ်ရန်ခက်ခဲနေ

ချောင်းဝကျေးရွာတွင် ဆိုလာစနစ်ဖြင့် ငါးများအား အခြောက်ခံထားပုံကို တွေ့ရစဉ် ၊

DMG | ဒီဇင်ဘာ ၂၀

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ချောင်းဝကျေးရွာတွင် ဆိုလာစနစ်ဖြင့် အခြောက်ခံကာ ထုတ်လုပ်ရောင်းချနေသော ငါးခြောက်များမှာ ရောင်းအားမကောင်းသည့်အတွက် ပုံမှန်လည်ပတ်ရန် အခက်အခဲဖြစ်နေကြောင်း အဆိုပါကျေးရွာမှ ငါးခြောက်လှန်းလုပ်ငန်းကော်မတီ တာဝန်ရှိသူများက ပြောသည်။

ယခုနှစ် အောက်တိုဘာလအတွင်းမှ စတင်ကာ ဆိုလာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ငါးခြောက်လှန်းလုပ်ငန်းတွင် ကုန်စိမ်းများရှိသော်လည်း ငါးခြောက်များကို ဝယ်ယူသူနည်းပါးသဖြင့် အခက်အခဲဖြစ်နေကြောင်း ချောင်းဝကျေးရွာမှ ငါးခြောက်လှန်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဦးစိန်ထွန်းက ပြောသည်။

“ငါးခြောက်ရုံက အမိုးအကာအကုန်လုံးပိတ်ထားတယ်။ ဆိုလာပြားတွေ တပ်ဆင်ထားတယ်။ အထဲမှာ ပန်ကာတွေလည်း ပါတယ်။ နေရောင်ခြည်က ငါးတွေကို တိုက်ရိုက်မထိဘူး။ အမိုးအကာတွေက အပူကိုရရှိတယ်။ အဲဒီ အပူရှိန်နဲ့ ငါးခြောက်ဖြစ်လာတယ်။ လုပ်တာက မကြာသေးဘူး။ ငါးခြောက်တွေကို စစ်တွေက အယူနည်းလို့ လည်ပတ်ဖို့ခက်ခဲနေတာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ ငါးခြောက်လှန်းလုပ်ငန်းကို လုပ်ကိုင်နိုင်ရန်အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ချောင်းဝကျေးရွာတွင် ဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး ကျေးရွာသားများအနေဖြင့် ၁၂ ရာသီ ငါးခြောက်လှန်းနိုင်ရန်နှင့် ရာသီမပြတ် ဝင်ငွေရရှိစေရန် ပြုလုပ်ပေးထားခြင်းဖြစ်ကြောင်း ငါးခြောက်လှန်းလုပ်ငန်းကော်မတီမှသိရသည်။

ယခင်က ငါးများကို အခြောက်ခံရန်အတွက် သဘာဝနေရောင်ခြည်ကို အသုံးပြုခဲ့ရသော်လည်း လက်ရှိတွင် UNDP မှ စီစဉ်ဆောင်ရွက်ပေးထားသည့် ဆိုလာစနစ်ဖြင့် ငါးများကို အခြောက်ခံရသည့်အတွက် သန့်ရှင်းသောငါးခြောက်များကို ထုတ်လုပ်နိုင်သည်ဟု ဦးဦးစိန်ထွန်းက ပြောသည်။

“ အခုလို UNDP ကပေးတဲ့ နည်းပညာတွေနဲ့ လုပ်လိုက်တော့ မိုးရာသီမှာ နေအပူရှိန်မရရင်လည်း အဆင်ပြေတယ်။ အဓိက ငါးခြောက်ကို နေပူနဲ့ တိုက်ရိုက်လှန်းရင် အပြင်လေထိတယ်။ ယင်ကောင်တွေ လာနားတာရှိမယ်။ ငါးမှာ သဲတွေလာစင်မယ်ပေါ့။ အခုလို လေလုံမိုးလုံလုပ်တာက ယင်ကောင်လည်းမလာတော့ဘူး။ နောက်ပြီး ငါးအနံ့ အသက်ကိုလည်း စုပ်ယူတဲ့စနစ်တွေလည်းပါတော့ ငါးက အနံ့အသက်လည်းမထွက်ဘူး။ သန့်သန့်ရှင်းရှင်းရတာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပေါက်တောမြို့နယ်အတွင်းမှ ရရှိလာသည့်ငါးများကို ချောင်းဝကျေးရွာရှိ ဆိုလာစနစ်ဖြင့် ငါးခြောက်လှန်းရုံ၌ အခြောက်ခံကာ စစ်တွေမြို့သို့ အဓိကတင်ပို့ရောင်းချနေခြင်းဖြစ်သည်။

ငါးခြောက်လှန်းလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးကျော်နိုင်က “ကုန်စိမ်းက အချိန်မရွေးရတယ်။ ကုန်ခြောက်ကို ကျတော့ စစ်တွေကိုတင်ပို့တာ ဝယ်သူနည်းတယ်။ လုပ်ငန်းကလည်း စလုပ်တာ မကြာသေးဘူးလေ။ တင်ပို့မှုနည်းတော့ အလုပ်က သိပ်မလည်ပတ်နိုင်ဘူး။ အလုပ်သမားစရိတ်တွေလည်း ရှိသေးတယ်” ဟု ၎င်းက‌ ပြောသည်။

ဆိုလာစနစ်ဖြင့် ထုတ်လုပ်ရောင်းချနေသည့် ငါးခြောက်များကို စစ်တွေမြို့သို့ တင်ပို့ရောင်းချနေခြင်းမှာ ပုံမှန်မရှိသော်လည်း နှစ်လလျှင် အနည်းဆုံးတစ်ကြိမ်သာ တင်ပို့နေခြင်းဖြစ်ပြီး တစ်ကြိမ်ပို့လျှင် ငါးခြောက်ပိဿာ ၈၀ မှ ၁၀၀ အထိသာ တင်ပို့နိုင်သည်ဟု ချောင်းဝကျေးရွာ ငါးခြောက်လှန်းလုပ်ငန်းကော်မတီမှ သိရသည်။

ထို့ကြောင့် ဆိုလာစနစ်ဖြင့်ထုတ်လုပ်ပြီး တင်ပို့ရောင်းချနေရသည့် ငါးခြောက်လုပ်ငန်းမှာ လက်ရှိအချိန်ထိ တင်ပို့နိုင်မှု အားနည်းနေသဖြင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲကြုံနေရခြင်းဖြစ်သည်။ ယင်းသို့ အခက်ကြုံနေရခြင်းမှာ အခြားမြို့နယ်များမှ မှာယူမှုမရှိသေးသည့်အတွက်ဖြစ်ကြောင်းလည်း သိရသည်။

“ တခြားမြို့နယ်တွေကလည်း မှာယူတာမရှိသေးဘူး။ ဒီလိုပဲ စစ်တွေဘက်ကလည်း မှာယူမှုနည်းသေးတာပါ။ ဈေးကွက်လည်း မရှိသေးဘူးတဲ့အတွက်ကြောင့်လို့ ပြောလို့ရတာပေါ့။ ဒီကလုပ်ပြီး တင်ပို့လိုက်တာကို တစ်ဘက်ကပစ္စည်းလက်ခံဝယ်ယူသူများလာရင်တော့ လုပ်ငန်းလည်ပတ်မှုက ပိုများလာမှာပေါ့။ အဓိက ဝယ်သူရှိဖို့လိုမယ်။ အဲဒါမှ အဆင်ပြေမယ် ” ဟု ဦးကျော်နိုင်က ဆက်ပြောသည်။

ချောင်းဝကျေးရွာရှိ ဆိုလာစနစ်ဖြင့် အခြောက်ခံထုတ်လုပ်နေသည့် ငါးခြောက်လှန်းရုံမှာ အလျားပေ ၁၂၀ ခန့်၊ အနံပေ ၃၀ ခန့်ရှိပြီး လုပ်ငန်းရှင်များနှင့် အလုပ်သမားစုစုပေါင်း လူဦးရေ ၄၀ ခန့်ဖြင့် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ဗီဒီယိုများ