စစ်တွေ မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီး ၄၀ ကျော်ကို သားမယားပြုကျင့်ခဲ့သူအား ထိရောက်စွာအရေးယူပေးရန် နစ်နာသူများတောင်းဆို

သားမယားပြုကျင့်ခံရသူများထဲတွင် အိမ်ထောင်ရှိ အမျိုးသမီး၊ တစ်ခုလပ် အမျိုးသမီး၊ စိတ်မနှံ့သည့် အမျိုးသမီး နှင့် အသက်(၁၈)နှစ် မပြည့်သေးသော အမျိုးသမီးငယ်များပါဝင်ပြီး ၎င်းတို့ကို စခန်းတာဝန်ခံက တုတ်၊ ဓားများဖြင့် ခြိမ်းခြောက်ကာ သားမယားပြုကျင့်ခြင်းဖြစ်သည်ဟု နစ်နာသူ အမျိုးသမီးများက ပြောဆိုကြသည်။ 

By Admin 20 Feb 2023

ဖွဲ့ရာကုန်းဒုက္ခသည်စခန်းမှ သားမယားပြုကျင့်ခံခဲ့ရသည့် မွတ်ဆလင် အမျိုးသမီးအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - DMG
ဖွဲ့ရာကုန်းဒုက္ခသည်စခန်းမှ သားမယားပြုကျင့်ခံခဲ့ရသည့် မွတ်ဆလင် အမျိုးသမီးအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - DMG

DMG ၊ ဖေဖော်ဝါရီ ၂၀ 

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဆေးသမားကျေးရွာအုပ်စု၊ ဖွဲ့ရာကုန်း (မွတ်ဆလင်) ဒုက္ခသည်စခန်းတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် အမျိုးသမီးငယ်အချို့အပါအဝင် အမျိုးသမီး ၄၅ ဦးကို အဆိုပါဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီ ဆိုသူက သားမယားပြုကျင့်ခဲ့ကြောင်း နစ်နာသူ ကာယကံရှင်များထံမှ သိရသည်။ 

သားမယားပြုကျင့်ခံရသူများထဲတွင် အိမ်ထောင်ရှိ အမျိုးသမီး၊ တစ်ခုလပ် အမျိုးသမီး၊ စိတ်မနှံ့သည့် အမျိုးသမီး နှင့် အသက်(၁၈)နှစ် မပြည့်သေးသော အမျိုးသမီးငယ်များပါဝင်ပြီး ၎င်းတို့ကို ဦးအုစ်ဖာန်ဂေါ်နီဆိုသူက တုတ်၊ ဓားများဖြင့် ခြိမ်းခြောက်ကာ သားမယားပြုကျင့်ခြင်းဖြစ်သည်ဟု နစ်နာသူ အမျိုးသမီးများက ပြောဆိုကြသည်။ 

“အဲဒီနေ့က ကျမအိမ်ကို သူကလာပြီးတော့ ပါးစပ်ပိတ်ပြီးတော့ (သားမယား)ကျင့်တယ်။ သူ့လက်ထဲမှာ ဓားမြှောင်တစ်လက်ပါတယ်။ ရင်ဘတ်ကို ဓားနဲ့ထောက်ထားတယ်။ အော်ရင် ဓားနဲ့ထိုးမယ်ဆိုပြီး ပြောတယ်” ဟု သားမယားပြုကျင့်ခံရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးက  ပြောသည်။ 

အဆိုပါမိန်းကလေးကို စခန်းတာဝန်ခံက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ပြီး စခန်းကော်မတီထံသို့ တိုင်တန်းရာတွင်လည်း ထိုကိစ္စကို ဖုံးဖိထားရန် ဖိအားပေးခဲ့ကြောင်းနှင့် ငွေကျပ် ၂ သိန်းပေးပြီး၊ လက်မခံလျှင် စခန်းမှနှင်ထုတ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်း သူမကပြောသည်။ 

အလားတူ သားမယားပြုကျင့်ခံရမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကိုမှ မတိုင်ကြားရန်နှင့် တိုင်ကြားပါက အသက်အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ပြောဆိုထားခြင်းများရှိသည်ဟု နစ်နာသူအမျိုးသမီးများက ဆိုကြသည်။ 

ဖွဲ့ရာကုန်း(မွတ်ဆလင်)ဒုက္ခသည်စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီ ဆိုသူသည် စခန်းရှိအမျိုးသမီးများကို သားမယားပြုကျင့်နေသည်မှာ  ၂၀၁၂ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့အထိ သားမယားပြုကျင့်ခဲ့သည့် အမျိုးသမီး ၄၅ ဦးအထိ ရှိကြောင်း သိရသည်။

ထိုသို့ သားမယားပြုကျင့်ခံရသည့်အမျိုးသမီးများထဲမှ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်တွေမြို့မရဲစခန်းမှ အမှုဖွင့်လှစ်ပေးခဲ့ပြီး စစ်တွေမြို့နယ်တရားရုံး ရာကြီးအမှုအမှတ် ၉၂၃/၂၀၂၂ ဖြင့် တရားစွဲတင်ခဲ့သည်။ 

သားမယားပြုကျင့်သူ ဦးအုစ်ဖာန်ဂေါ်နီသည် ရာဇသတ်ကြီးပုဒ်မ ၉၂၃၊ ၃၇၆ ဖြင့် တရားစွဲဆိုခံရပြီးနောက် စစ်တွေမြို့နယ် တရားရုံးတွင် ၅ လအကြာ အမှုရင်ဆိုင်ခဲ့ရသည်။ ယင်းနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တရားလိုဖြစ်သည့် အသက် ၃၀ အရွယ်အမျိုးသမီးသည် အမှုအားရုပ်သိမ်းခွင့်တင်ခဲ့သည်ဟု သိရသည်။  

ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျန်ရှိသည့် သားမယားပြုကျင့်ခံရသူ ၄၄ ဦးထဲမှ အမျိုသမီး ၉ ဦးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အား တိုင်ကြားခဲ့သည့်အတွက် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးပြီးဖြစ်သည်ဟု သိရှိရသည်။ ထိုနောက် ၎င်းအမှုအား အမှုဖွင့်ရန်လည်း မြို့မရဲစခန်းတွင် တိုင်တန်းခဲ့ကြသည်ဟု သိရှိရကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းထံမှ သိရသည်။ 

မည်သည့်အတွက်ကြောင့် အမှုကို ရုပ်သိမ်းလွှာတင်သည် ဖြစ်စေ၊ ၎င်းအမှုအား ရုပ်သိမ်းခွင့် မပေးပါရန်နှင့် ထိရောက်ဟန့်တားလောက်သော ပြစ်ဒဏ်ရရှိရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တက်ကြွလှုပ်ရှားနေသော အမျိုးသမီးအဖွဲ့များက  ဆိုကြသည်။ 

“သူ(သားမယားပြုကျင့်ခဲ့သူ)က ကျေအေးစာတင်မယ်ဆိုပြီး လုပ်ဆောင်ချက်တွေရှိနေတဲ့အတွက် ကျမတို့အနေနဲ့ ဒီလို အမျိုးသမီးတွေကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်တဲ့သူကို ကျေအေးစာ မပေးသင့်ဘူးဆိုပြီး အစိုးရအဖွဲ့တွေဆီကို စာတင်ထားတယ်။ ဒီကိစ္စဟာ ကျေအေးပေးသင့်တဲ့ ကိစ္စမဟုတ်ဘူး။ အစိုးရဖက်ကလည်း ဒါတွေကို ကျေအေးမပေးသင့်ဘူး” ဟု ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်မှ သဘာပတိဖြစ်သူ ဒေါ်စောပုစိန်က ပြောသည်။

မွတ်ဆလင် အမျိုးသမီး ၄၅ ဦးကို သားမယားပြုကျင့်ခဲ့သည့် ဦးအုစ်ဖာန်ဂေါ်နီ၏ လက်ရှိ အမှုအခြေအနေနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန်အတွက် စစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိသူများကို DMG မှ ဆက်သွယ်နေဆဲ ဖြစ်သည်။ 

ဒုက္ခသည်စခန်းတွင်းရှိ အမျိုးသမီးများကို သားမယားပြုကျင့်ခဲ့သည့် ဦးအုစ်ဖာန်ဂေါ်နီဆိုသူကို သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် တရားမျှတမှုရှိစွာနှင့် ထိရောက်စွာအရေးယူပေးရန် တောင်းဆိုကြောင်း သားမယားပြုကျင့်ခံခဲ့ရသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။ 

“ကျမတို့က နစ်နာသူတွေဖြစ်တဲ့အတွက် ဒီအမှုမရုပ်သိမ်းပေးဘဲ သူ့ကို ထောင်ကျအောင်လုပ်ချင်တယ်။ ကျမတို့က သူများဆီမှာ အလုပ်လုပ်ပြီးတော့ စားနေရတာ။ ကျမတို့ အခုလည်း စခန်းကိုလည်း မပြန်ရဲဘူး။ နောက်ပြီးတော့ ကျမတို့မှာ သမီးငယ်တွေလည်းရှိတယ်။ သူတို့ကိုလည်း နောက်ထပ် အဲဒီလိုမလုပ်ဘူးလို့ မပြောနိုင်ဘူးလေ။ ဒါ ကြောင့် သူကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်” ဟု သူက ဆိုသည်။ 

စစ်တွေမြို့နယ်ရှိ ဖွဲ့ရာကုန်း (မွတ်ဆလင်) ဒုက္ခသည်စခန်းတွင် ဒုက္ခသည် လူဦးရေ ၂,၀၀၀ ကျော်ရှိပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးရေးဆန်ဆန်ပဋိပက္ခကြောင့် စစ်တွေမြို့ပေါ်မှ ထွက်ခွာသွားသူများဖြစ်သည်။ 

#R007

ဗီဒီယိုများ