ရခိုင်တေးရေးဆရာ ကိုဒိုးမောင် ကွယ်လွန်မှုအပေါ် ရခိုင်အဆိုတော်များ နှမြောတသဖြစ်နေကြ

ရခိုင့် အနုပညာလောကတွင် ထင်ရှားသည့် တေးရေးဆရာတစ်ဦးဖြစ်သူ ဂီတစာဆို ကိုဒိုးမောင်မှာ ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By Admin 23 Dec 2022

ရခိုင်တေးရေးဆရာ ကိုဒိုးမောင် ကွယ်လွန်မှုအပေါ် ရခိုင်အဆိုတော်များ နှမြောတသဖြစ်နေကြ

DMG | ဒီဇင်ဘာ ၂၃

ရခိုင့် အနုပညာလောကတွင် ထင်ရှားသည့် တေးရေးဆရာတစ်ဦးဖြစ်သူ ဂီတစာဆို ကိုဒိုးမောင်မှာ ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အသက် ၇၇ အရွယ်ရှိပြီဖြစ်သည့် ဦးဒိုးမောင်မှာ အသည်းရောဂါနှင့် ဆီးချိုရောဂါတို့ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ၍ စစ်တွေဆေးရုံကြီးတွင် ဆေးကုသခံယူနေစဉ် ယမန်နေ့ညက ကွယ်လွန် သွားခြင်း ဖြစ်သည်။

“ အဖေက မယ်ဒလင်တွေတီးပြီး အမြဲတမ်းလိုလို သီချင်းတွေ ရေးစပ်နေတာကို တွေ့ရတယ်။ မကွယ်လွန်ခင်အချိန်ထိလည်း ရေးလက်စသီချင်း လေးပုဒ်ရှိခဲ့တာကို တွေ့ရတယ် ” ဟု သမီးဖြစ်သူ မလင်းလင်းနွယ်က DMG ကို ပြောသည်။

တေးရေးဆရာ ကိုဒိုးမောင်ကို စစ်တွေမြို့နယ်၊ မောင်နီပြင် ကျေးရွာတွင် ဦးထွန်းစိန်ဦးနှင့် ဒေါ်ကျီးမစိန်တို့မှ ဖွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၅ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။

ငယ်စဉ်ကတည်းက ဂီတဝါသနာပါသူဖြစ်သည့်အတွက် အလယ်တန်းကျောင်းသား ဘဝကစပြီး မယ်ဒလင်တီးခြင်း၊ သီးချင်းရေးခြင်း၊ သီချင်းဆိုခြင်းတို့ဖြင့် ပျော်မွေ့သူတစ်ဦးလည်း ဖြစ်သည်။

တေးရေးဆရာ ကိုဒိုးမောင်ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ ရခိုင်အဆိုတော်ကြီး တစ်ဦးဖြစ်သူ ဦးဦးမောင်သိန်းက ရခိုင့်အနုပညာလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး အထူးဝမ်းနည်းနှမြောမိကြောင်း ပြောဆိုထားသည်။

“ပြောရမယ်ဆိုရင် ဆရာဒိုးဟာ ကျနော့်အတွက် ကျေးဇူးရှင် လက်ဦးဆရာပါပဲ။ ကျနော့်ရဲ့ အမှတ် (၁) တေးစီးရီး စသွင်းကတည်းက သူရေးစပ်တဲ့ ငယ်ပေါင်းဆိုတဲ့ တေးသီချင်း ပါဝင်ခဲ့တယ်။ နောက်ပြီး သာသနာ့အမွေခံဆိုတဲ့ တေးသီချင်းနဲ့လည်း ဦးမောင်သိန်းဆိုတဲ့ နာမည်တစ်လုံးကို ရရှိခဲ့တာ ဖြစ်တဲ့အတွက် သူကွယ်လွန်သွား တဲ့အပေါ် ဝမ်းနည်းနှမြောမိသလို ရခိုင့်အနုပညာလောက အတွက်လည်း ဆုံးရှုံးမှုတစ်ခုလို့ ခံစားရပါတယ် ” ဟု တေးသံရှင်ဦးမောင်သိန်းက DMG ကိုပြောသည်။

ကိုဒိုးမောင်၏ လက်ရှိအချိန်ထိ ရခိုင်ပရိတ်သတ်အကြား ရေပန်းစားသော တေးသီချင်းများမှာ သာသနာ့အမွီခံ၊ ငယ်ပေါင်း၊ တောင်စိုင်ရွာမိုး၊ ကျွန်းသားမှာလေ့ အသည်းနဲ့ပါ၊ ချစ်ကံကောင်း စသည့်သီချင်းများ ဖြစ်သည်။

ထို့အတူ ရခိုင်တေးသံရှင် ရီလှိုင်းပြာကလည်း “ ဆရာ ဒိုးမောင်က အဖေတို့နဲ့ အတူ မယ်ဒလင်တွေ တီးတာကို ငယ်ငယ်ကတည်းက မြင်ခဲ့ရတော့ သတင်းကို ကြားရတာ စိတ်မကောင်း ဖြစ်မိပါတယ်။ ပြီးတော့ သူ့သီချင်းတွေက တစ်ပုဒ်ဆိုတစ်ပုဒ် ရခိုင့်အနုပညာလောကအတွက် တကယ့် ရှားပါးတဲ့ ပညာရှင်တွေပါ။ ဆရာဆုံးတာဟာ ရခိုင့်အနုပညာလောကအတွက် ရှားပါးတဲ့ ကြယ်ပွင့်ကြီးတစ်ပွင့် ဆုံးရှုံလိုက်ရသလို ခံစားမိပါတယ် ” ဟု DMG ဟု ပြောသည်။

တေးရေးဆရာ ကိုဒိုးမောင်သည် ၂၀၁၄ ခုနှစ်က တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ရေးကော်မတီမှ ပေးအပ်သည့် ဂီတစာဆိုဆုကို ရရှိခဲ့သည်။ ယင်းအပြင် ၎င်းမကွယ်လွန်မီအချိန်ထိ တေးသီချင်း ၂၁ ပုဒ်အထိ အသံသွင်းထားရှိခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုထားသည်။

ရခိုင်ဂီတစာဆို တေးရေးဆရာ ကိုဒိုးမောင်၏ ရုပ်အလောင်းကို လာမည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ်တွေမြို့ သုသာန်မှာ သင်္ဂြိုဟ်သွားမည်ဟု သိရသည်။

ဗီဒီယိုများ