ရခိုင်မှာ မြို့ပြကျေးလက်မကျန် စိတ်ကြွဆေးသုံးစွဲမှု များပြားလာ၍ မူးယစ် အသိပညာပေးမှုများ လိုအပ်နေ 

ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု မရှိသော်လည်း လွယ်လွင့်တကူ ရောင်းဝယ်ဖောက်ကားမှုများ တဖြည်းဖြည်း များပြားလာနေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ 

By Admin 21 Mar 2023

မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသောပစ္စည်းများကို မြောက်ဦးမြို့ တစ်နေရာတွင်  ယခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသောပစ္စည်းများကို မြောက်ဦးမြို့ တစ်နေရာတွင်  ယခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။

DMG ၊ မတ် ၂၁

ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု မရှိသော်လည်း လွယ်လွင့်တကူ ရောင်းဝယ်ဖောက်ကားမှုများ တဖြည်းဖြည်း များပြားလာနေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ 

ယခင်ကဆိုလျှင် ရခိုင်က ကျေးလက်ဒေသတို့တွင် မူယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများကို မတွေ့ခဲ့ရသော်လည်း ယခုအချိန်တွင် ကျေးလက်ဒေသများ၌ အစိချေ (ခေါ်) WY စိတ်ကြွဆေးပြားများကို အလွယ်တကူ ဝယ်ယူရရှိလာနေကြောင်း သိရသည်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ ဒေသခံတစ်ဦးက “ကျနော်တို့ဒေသမှာ အရင်တုန်းက မရှိခဲ့ဘူး။ ၂၀၁၇ နောက်ပိုင်းကနေ အခုအချိန်မှာတော့ လူငယ်တွေက မူးယစ်ဆေးဝါးသုံးစွဲမှု တွင်ကျယ်လာတယ်။ ဒီဘက်မှာတော့ အစိချေ(WY) စိတ်ကြွဆေးပြားတွေ သုံးတာများတယ်” ဟု DMG ကို ပြောသည်။

စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ စသည့် မြို့နယ်များတွင်လည်း မြို့ပြကျေးလက်မကျန် လွယ်လင့်တကူ ရောင်းဝယ်ဖောက်ကားမှုများကြောင့် လူငယ်အများအပြားမှာ မူးယစ်ဆေးသုံးစွဲမှုများရှိနေပြီး အများဆုံးမှာ WY  ဆေးပြားများဖြစ်ကြောင်း သိရသည်။

ထိုသို့ မူးယစ်ဆေးသုံးစွဲမှု များပြားလာခြင်းမှာ နိုင်ငံရေးမတည်ငြိမ်ခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း တို့အပြင် မူးယစ်ဆေးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့်ပတ်သက်ပြီး အသိပညာပေးမှုများ အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုကြသည်။

“အစိုးရတရပ်အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဆိုတာရှိတယ်။ ဒီအဖွဲ့ကနေပြီးတော့ သူတို့တွေကို (ဆေးသုံးစွဲသူတွေကို) ကုစားဖို့ စီမံကိန်းတွေချမှတ်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုရင်တော့ ဒီဟာကို လျော့ကျအောင်လုပ်ဖို့အတွက် အများကြီး အခက်အခဲရှိပါတယ်” ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ စောစံငြိမ်းသူက ပြောသည်။

မူးယစ်ဆေးအမှုများတွင်လည်း သုံးစွဲသူများကိုသာ ဖမ်းဆီးအရေးယူခြင်းများ အများဆုံးရှိနေပြီး ရောင်းဝယ်ဖောက်ကားသူများကို ဖမ်းဆီးရမိခြင်း အားနည်းနေမှုအပေါ်မှာလည်း ဝေဖန်မှုများ ရှိနေသည်။ 

“အဓိက ပြောချင်တာကတော့ ရောင်းချသူတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်တဲ့ အနေအထားမရှိဘူးဆိုရင် ဒါဟာ ပြဿနာရှိတယ်။ တစ်ဖက်မှာလည်း အသိပညာပေးမှုတွေက အခုချိန်ထိ အားနည်းနေသေးတဲ့အတွက် လူငယ်တွေအတွက် စိုးရိမ်စရာ ရှိနေပါတယ်” ဟု စောစံငြိမ်းသူက ပြောသည်။

မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးအရေးယူမှုများရှိသလို ဆေးသုံးစွဲမှုကို ဖြတ်တောက်ချင်သူများ အတွက်လည်း ပိုမိုကောင်းမွန်သော ကုစားရေးအစီအမံများ ရှိသင့်ကြောင်း တက်ကြွလှုပ်ရှားသူလူငယ်များက ထောက်ပြကြသည်။ 

“တချို့လူငယ်တွေက ဆေးဖြတ်ချင်ကြတယ်။ ဒါပေမယ့် ဆေးဖြတ်ချင်ပါတယ်လို့ သွားပြောရင်တောင် ဒီကောင်က ဆေးသမားပဲဆိုပြီး အဖမ်းခံရမယ့် အနေအထားမျိုး ရှိနေတယ်။ နောက်တစ်ခုက ဆေးသမားလို့ သိသွားရင် ပတ်ဝန်းကျင်က အထင်သေးဆက်ဆံတာတွေ ရှိကြတဲ့အတွက် သူတို့အတွက် အခက်အခဲတွေ ရှိနေတယ်။ ကျနော်တို့မှာ ပြုပြင်ပြောင်းလဲချင်တဲ့လူတွေကို အခွင့်အရေးပေးတာတွေလည်း ရှိဖို့လိုပါတယ်” ဟု ကျောက်ဖြူမြို့မှ သန္တာရင်သွီးလူငယ်များအသင်း ဒုဥက္ကဌ ကိုဇေယျာကျော်က ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးထိန်းသိမ်းပြီး ပြစ်ဒဏ်ချမှတ်မှုများ ရှိနေသော်လည်း မိမိဆန္ဒအလျှောက် မူးယစ်ဆေးဖြတ်လိုသူများအတွက် အခက်အခဲများ ဖြစ်ပေါ်နေရခြင်းလည်း ဖြစ်သည်။

အာဏာပိုင်များက မူးယစ်ဆေးဝါးများကို မောင်တော၊ မြောက်ဦး၊ စစ်တွေ၊ အမ်းနှင့် ကျောက်ဖြူ မြို့နယ်တို့တွင် အများဆုံး ဖမ်းဆီးရမိခြင်းကို တွေ့ရသည်။

ဘီလီယံနှင့်ချီ အများဆုံးဖမ်းဆီးရမိသည့် ဖြစ်စဉ်များမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့က အမ်းမြို့နယ်၊ ပဲပဒုံ စစ်ဆေးရေးစခန်းတွင် ငွေကျပ်ဘီလီယံ (၂၀)ခန့်နှင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က မောင်တောမြို့၊ ကျီးကန်ပြင် စစ်ဆေးရေးစခန်းတွင် ဆီဘောက်ဆာကားဖြင့် တင်ဆောင်လာသည့် ကျပ်ဘီလီယံ (၁၀)ခန့် တန်ဖိုးရှိ WY စိတ်ကြွဆေးများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးမှုများရှိသော်လည်း ရောင်းဝယ်ဖောက်ကားသူနှင့် သုံးစွဲသူများမှာ လျော့နည်းသွားခြင်းမရှိဘဲ တိုးလာနေကြောင်း ဒေသခံများက ပြောဆိုနေကြပြီး ခိုးဆိုးလုယက်မှု ပြုလုပ်နေသူတချို့မှာ မူယစ်ဆေးစွဲနေသူများ ဖြစ်ကြောင်း သိရသည်။

#I008

ဗီဒီယိုများ