သမိုင်းဝင် ကျောက်တော်တောင်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု များလာ

ရခိုင်လူမျိုးများ အထွဋ်အမြတ်ထားအပ်သည့် သမိုင်းဝင်နေရာများတွင် ယခုကဲ့သို့ မူးယစ်ဆေးသုံးစွဲနေခြင်းမှာ မြို့ဂုဏ်သိက္ခာကို ကျဆင်းစေသောလုပ်ရပ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။  

By Admin 16 Aug 2023

ကျောက်တော်တောင်ပေါ်တွင် မူးယစ်ဆေးသုံးစွဲခဲ့သည့် ဆက်စပ်ပစ္စည်းများအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - လှစောခိုင်(ပုဏ္ဏားမြီ)
ကျောက်တော်တောင်ပေါ်တွင် မူးယစ်ဆေးသုံးစွဲခဲ့သည့် ဆက်စပ်ပစ္စည်းများအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - လှစောခိုင်(ပုဏ္ဏားမြီ)

DMG ၊ ဩဂုတ် ၁၆

ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ သမိုင်းဝင် သေလာဂီရိမောရပဗ္ဗတတောင်ပေါ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာ၍ ထိရောက်စွာ အရေးယူရန်လိုအပ်နေကြောင်း ဒေသခံများက ပြောကြသည်။ 

ကျောက်တော်တောင်ပေါ်တွင် မူးယစ်ဆေးဝါးသုံးမှုတချို့ကို ယခင်ကလည်းတွေ့ခဲ့ရပြီး လက်ရှိတွင် ဘုရားဖူးဧည့်သည်နည်းပါးနေသဖြင့် မူးယစ်ဆေးဝါးလာရောက်သုံးစွဲသူ ပိုမိုများလာခြင်းဖြစ်ကြောင်း ကျောက်တော်မြို့ရှိ မောရမြေသန့်ရှင်းရေးအသင်းမှ သိရသည်။  

“အခုက သူတို့(မူးယစ်ဆေးသုံးစွဲသူ)အတွက် ပိုပြီး အခွင့်အရေးရသွားတာတယ်။ ဘုရားဖူးတွေများရင်တော့ အဲလောက်ထိ အတင့်မရဲကြပါဘူး။ အခုက တော်တော်လေး ဆိုးဆိုးဝါးဝါး အခြေအနေတွေ ဖြစ်နေတာပါ” ဟု မောရမြေသန့်ရှင်းရေးအသင်းမှ ဦးကျော်မြတ်ထွန်းက ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲထားသည့် ရေသန့်ဗူးခွံများ၊ ပိုက်တံများ၊ ခဲပြားအခံပါသော စက္ကူစများနှင့် အခြားဆက်စပ်ပစ္စည်းများ ပြန့်ကြဲနေသည်ကို တောင်အောက်ဘက်ရှိ ရတနာ့မာန်အောင်ကျောင်းဝန်း၊ အရှေ့ဘက်ခြမ်းရှိ လက္ခဏဂျိုင်၊ ဇရပ်များတွင်တွေ့ရကြောင်း သူက ဆက်ပြောသည်။ 

ရခိုင်လူမျိုးများ အထွဋ်အမြတ်ထားအပ်သည့် သမိုင်းဝင်နေရာများတွင် ယခုကဲ့သို့ မူးယစ်ဆေးသုံးစွဲနေခြင်းမှာ မြို့ဂုဏ်သိက္ခာကို ကျဆင်းစေသောလုပ်ရပ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။  

“အနယ်နယ်အရပ်ရပ်ကလူတွေ လာရောက်စည်ကားနေတဲ့နေရာမှာ ဒီလိုမျိုးတွေရှိနေတာဟာ မသင့်တော်တဲ့ လုပ်ရပ်တွေဖြစ်တယ်။ ကျောက်တော်မြို့မှာဖြစ်နေတော့ ဒီမြို့ရဲ့ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေပါတယ်” ဟု ကျောက်တော်လူငယ်များအစည်းအရုံးမှ ကိုအောင်ဟိန်းလင်းက ပြောသည်။  

မူးယစ်ဆေးသုံးစွဲမှု များလာပြီးနောက် ဘုရားတောင်ပေါ်ရှိ အများပြည်သူလှူဒါန်းထားသော ပစ္စည်းတချို့ ပျောက်ဆုံးမှုရှိလာနေ၍ သက်ဆိုင်ရာက ထိရောက်စွာအရေးယူပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။  

ကျောက်တော်တောင်ဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်က “ဟိုတလောကဆိုရင် ကျနော်တို့ ရေတင်နေတဲ့ မော်တာစက်ကို ဖြုတ်ပြီးတော့ ယူသွားတာရှိတယ်။ ကျနော်တို့က ဒါတွေကို တားမြစ်ဖို့ မလွယ်ကူဘူး။ အာဏာပိုင်တွေကဖြေရှင်းပေးမှ ဒီကိစ္စတွေက လျော့နည်းသွားမှာ ဖြစ်တယ်” ဟု ပြောသည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်သွားမည်ကို သိရှိနိုင်ရန် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ညွန့်ထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။  

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း မြောက်ဦးမြို့ရှိ ဘုရားပုထိုးစေတီများ၊ သမိုင်းဝင် ဘုရားပရဝုဏ်များတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် လျော့နည်းသွားခဲ့သည်။  

#I008

ဗီဒီယိုများ