ပုစွန်သားပေါက်ရှားပါးမှုကြောင့် ရခိုင်ကလုပ်ငန်းရှင်များ အခက်တွေ့

ယခင်နှစ်က ပုစွန်သားပေါက်များကို သားဖောက်စခန်းများမှ ဝယ်ယူမွေးမြူခဲ့ပြီး မုန်တိုင်းကြောင့် သားဖောက်စခန်းများ ပျက်စီးသွားသည့်အတွက် ယခုနှစ်ပုစွန်မွေးမြူရန် အခက်အခဲရှိနေကြခြင်းဖြစ်သည်။

By Admin 30 Jun 2023

၂၀၂၂ ခုနှစ်က တွေ့ရသော စစ်တွေမြို့၊ အောင်တိုင် ပုစွန်သားဖောက်စခန်း လုပ်ငန်းခွင်တစ်ခု။
၂၀၂၂ ခုနှစ်က တွေ့ရသော စစ်တွေမြို့၊ အောင်တိုင် ပုစွန်သားဖောက်စခန်း လုပ်ငန်းခွင်တစ်ခု။

DMG ၊ ဇွန် ၃၀

မုန်တိုင်းကြောင့် ပုစွန်သားဖောက်လုပ်ငန်းများ ပျက်စီးသွားခြင်း၊ သဘာဝနည်းအတိုင်းဖမ်းယူသည့် သားပေါက်များမှာလည်း ရှားပါးပြီး ဝယ်ယူ၍မရတော့သဖြင့် ရခိုင်က ပုစွန်ကန်မွေးမြူလုပ်ကိုင်သူများမှာ အခက်အခဲတွေ့နေရကြောင်း သိရသည်။

ယခင်နှစ်က ပုစွန်သားပေါက်များကို သားဖောက်စခန်းများမှ ဝယ်ယူမွေးမြူခဲ့ပြီး မုန်တိုင်းကြောင့် သားဖောက်စခန်းများ ပျက်စီးသွားသည့်အတွက် ယခုနှစ်ပုစွန်မွေးမြူရန် အခက်အခဲရှိနေကြခြင်းဖြစ်သည်။

“ပုဇွန်သားပေါက်က ဘယ်ကမှ ဝယ်မရတော့ဘူး။ ပုစွန်ကန်လုပ်သူတွေမှာ သားပေါက်မွေးမှ အဆင်ပြေမှာ။ သားပေါက်မရရင် ဝင်ငွေဆိုတာလည်း မရှိတော့ဘူး။ ကျနော်မှာဆိုရင် ဒီပုစွန်ကန်မွေးမြူတာ တစ်ခုနဲ့ပဲ လုပ်ကိုင်စားသောက်နေတာ” ဟု ပေါက်တောမြို့နယ်၊ င/ပြီတက်ကျေးရွာမှ ပုစွန်ကန်လုပ်ကိုင်သူ ဦးသန်းမောင်က ပြောသည်။

ရခိုင်ပြည်အတွင်း စစ်တွေနှင့် ကျောက်ဖြူ မြို့နယ်တွင် ပုစွန်သားဖောက်စခန်း ၃ ခုရှိပြီး ပုစွန်သားဖောက်ကန် ၅၂ ကန်ရှိကာ မုန်တိုင်းကြောင့် စစ်တွေမြို့နယ်က သားဖောက်စခန်း ၂ ခု ပျက်စီးသွားခဲ့သည်။

ပျက်စီးသွားသော သားဖောက်ကန်များ၊ အဆောက်အအုံများနှင့် လုပ်ငန်းသုံးပစ္စည်းများကို မပြုပြင်နိုင်သေးသဖြင့် ပြန်လည်လည်ပတ်ရန် အခက်အခဲများရှိကြောင်း ပုစွန်သားဖောက်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

“ပုစွန်သားဖောက်လုပ်ငန်းတွေ ရပ်တန့်ထားရတော့ ပုစွန်မွေးမြူရေးလုပ်သူတွေ အခက်အခဲဖြစ်တယ်၊ ထိခိုက်မှုတွေဖြစ်ရတယ်” ဟု စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာ ပုဇွန်သားဖောက်စခန်း တာဝန်ခံ ဦးမိုးဆွေက ပြောသည်။

ပုစွန်သားဖောက်လုပ်ငန်းသုံးပစ္စည်းများမှာ ပြည်ပနိုင်ငံမှ မှာယူတင်တပ်ထားခြင်းဖြစ်၍ ပျက်စီးသွားသည်များကို ပြန်လည်ပြုပြင်ရန်အတွက် ၄ လ မှ ၅ လအထိ အချိန်ကြာမြင့်နိုင်ကြောင်း သိရသည်။

“အခုတော့ ပြုပြင်မယ်ဆိုပြီး စီစဉ်နေကြတယ်။ အကုန်ပျက်စီးသွားတာဆိုတော့ အစကနေ ပြန်လုပ်ရတော့မယ်။ အချိန်တော့ကြာအုံးမယ်ထင်တယ်” ဟု စစ်တွေမြို့နယ်၊ ရေချမ်းပြင် ပုဇွန်သားဖောက်စခန်းတာဝန်ခံ ဦးကျော်ထွန်းဇံက ပြောသည်။

ရခိုင်ပြည်အတွင်းရှိ ပုစွန်သားဖောက်စခန်းများမှ မွေးမြူထုတ်လုပ်သော သားပေါက်များကို ပေါက်တော၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်များမှ ပုစွန်ကန်လုပ်ကိုင်များက ဝယ်ယူမွေးမြူနေခြင်းဖြစ်သည်။

ပေါက်တောမြို့နယ်၊ ကံချောင်းကျေးရွာမှ ပုစွန်ကန်လုပ်ကိုင်သူ ဦးသန်းထွန်းက “ကျနော်တို့မှာ တခြားစီးပွားရေးလည်း မရှိဘူး။ ဒီပုဇွန်မွေးမြူရေးလုပ်ငန်းကိုပဲ အားကိုးနေရတာ။ သားပေါက်တွေကိုလည်း အောင်တိုင်၊ ရေချမ်းပြင်စခန်းတွေက ယူပြီးမွေးမြူနေရတာ။ ဒါကြောင့် အမြန်ဆုံးပြုပြင်ပြီး သားပေါက်ရောင်းချပေးနိုင်ဖို့ ကျနော်တို့မျှော်လင့်နေပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံများအပြင် ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများလည်း ပျက်စီးဆုံးရှုံးသွားသည်။

စစ်ကောင်စီက မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး ကူညီပေးသွားမည်ဟု ပြောဆိုထားသော်လည်း မည်သည့်အချိန်၊ ဘတ်ဂျတ်ငွေ မည်မျှပေးမည်ကို အတိအကျ မသိရသေးပေ။

#I010

ဗီဒီယိုများ