ရခိုင်က အမျိုးသမီးများကို အပ်ခြုပ်ပညာ အခမဲ့ သင်ပေးနေသည့် ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းတွင် ငွေကြေးအခက်အခဲ ကြုံနေရ

အပ်ခြုပ်ပညာသင်တန်းကို ရခိုင်ပြည်အတွင်းမှ အမျိုးသမီးများ ပြည်ပထွက်ခွာမှု လျော့နည်းလာစေရန်နှင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်။ 

By Admin 14 Feb 2023

ဓာတ်ပုံ - May 
ဓာတ်ပုံ - May 

DMG ၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်အတွင်းက အမျိုးသမီးများ၏ အလုပ်အကိုင်ရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် သုံးလတစ်သုတ်လျှင် လူဦးရေ ၁၀၀ ခန့်ကို အပ်ခြုပ်အသက်မွေးဝမ်းကျောင်းပညာရပ် အမဲ့သင်ကြားပေးနေသည့် ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းတွင် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

သင်တန်းအတွက်လိုအပ်သည့် ပိုက်စနှင့်စက်ပစ္စည်းများကို လစဉ်ပုံမှန်ထောက်ပံ့ပေးနေသော အဖွဲ့အစည်းများမှာ ဘတ်ဂျတ်အခက်အခဲရှိနေမှုကြောင့် ယခုလမှစ၍ ထောက်ပံ့ပေးမှုများ လျော့နည်းသွားကြောင်း ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ စီမံကိန်းအရာရှိ ဒေါ်ခင်သန်းက ပြောသည်။

“အခု ကျမတို့မှာ အများကြီး အခက်အခဲဖြစ်သွားတယ်။ ကလေးတွေကို ရှေ့ဆက်သင်ကြားပေးနိုင်ဖို့ အလှူရှင်တွေ လိုက်ရှာနေရတယ်။ ငွေကြေးမရှိဘူးဆိုရင် သင်ခန်းစာတွေကို လျော့ချလိုက်ရမယ်။ သင်ခန်းစာတွေ များလာလေလေ ကျမတို့မှာ လိုအပ်တဲ့ပစ္စည်းတွေ များလာလေပါ” ဟု စီမံကိန်းအရာရှိ ဒေါ်ခင်သန်းက ပြောသည်။

ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းသည် ရခိုင်ပြည် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ တောင်ကုတ် မြို့နယ်တို့တွင် သင်တန်းဖွင့်လှစ်ကာ အခြေခံ အပ်ခြုပ်သင်တန်းနှင့်အတူ ဒီဇိုင်နာပညာရပ်များကို အခမဲ့သင်ကြားပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် အမျိုးသမီးဦးရေ ၁,၇၀၀ ကျော်အထိ သင်ကြားပေးထားပြီ ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အပ်ခြုပ်ပညာသင်တန်းကို ရခိုင်ပြည်အတွင်းမှ အမျိုးသမီးများ ပြည်ပထွက်ခွာမှု လျော့နည်းလာစေရန်နှင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်။ 

ယခုကဲ့သို့ အခမဲ့ အပ်ခြုပ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေမှုကြောင့် အမျိုးသမီးအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ ဘဝရပ်တည်ရေးမှာလည်း များစွာ အထောက်အကူပြုစေသည်ဟု မြောက်ဦးမြို့မှ သင်တန်းတက်ရောက်ခဲ့သူ မဟေမွန်လိုင်က ပြောသည်။

“ပညာကို လိုလိုလားလား သင်ကြားချင်တဲ့သူတွေအတွက်တော့ အများကြီးကောင်းတယ်။ ဒီဇိုင်နာကောင်းတစ်ယောက်လည်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ်ပိုင်အလုပ်အကိုင်လည်းဖြစ်သလို  အပ်ခြုပ်ပညာနဲ့ မိဘကိုလည်းလုပ်ကျွေးလို့ရတယ်။ အဲဒါကြောင့် တခြားမိန်းကလေးတွေကိုလည်း သင်ကြားစေချင်ပါတယ်” ဟု မဟေမွန်လိုင်က ပြောသည်။

အဆိုပါသင်တန်းတွင် အနောက်တိုင်းအဝတ်အစားများ၊ သတိုးသား/သတိုးသမီး မင်္ဂလာဝတ်စုံ၊ ရခိုင်ရိုးရာ အဝတ်အစားများနှင့် T-shirt စသည့် အဝတ်ခြုပ်သည့်ပညာရပ်များကို သင်ကြားပို့ချပေးနေခြင်းဖြစ်သည်။

သင်တန်းများ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ တိုက်တွန်းသည်။

“နယ်ဘက်က ပညာသင်ဖို့လာကြတဲ့ သင်တန်းသားတွေကို နေထိုင်စားသောက်ရေးတွေအတွက် ကူညီဆောင်ရွက်ပေးချင်ပေမယ့် ငွေကြေးအခက်အခဲကြောင့် ဒီနေ့အထိ မထောက်ပံ့နိုင်သေးပါဘူး”  ဒေါက်တာ စောမြအောင်ဖောင်ဒေးရှင်းမှ စီမံကိန်းအရာရှိ ဒေါ်ခင်သန်းက ပြောသည်။

စစ်ဘေးရှောင်များဖြစ်စေ၊ မြို့ပေါ်/ကျေးလက်မှဖြစ်စေ အပ်ခြုပ်ပညာကို လိုလားသူများအနေဖြင့် အသက် ၁၆ နှစ်ပြည့်ပြီးသူ၊ သင်တန်းချိန် ၃ လအတွင်း မပျက်မကွက် သင်ကြားနိုင်သူဆိုပါက ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းကို လာရောက်လျှောက်ထားနိုင်သည်ဟုလည်း ဖိတ်ခေါ်ထားသည်။

ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရခိုင်နှင့်ပတ်သက်သည့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍတို့တွင် ကူညီပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ 

#R010

ဗီဒီယိုများ