မုန်တိုင်းသင့်ဒေသအတွက် လှူဒါန်းငွေ ကျပ် ၃၃ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၇၅၆၀၀၀ ကျော် ရရှိခဲ့ကြောင်း စစ်ကောင်စီပြော

“မိုခါ” မုန်တိုင်းသင့် ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ လှူဒါန်းငွေ ကျပ် ၃၃ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၇၅၆,၇၁၄ ဒသမ ၆၂ သိန်းကျော် ရရှိခဲ့ကြောင်း စစ်ကောင်စီကပြောသည်။

By Admin 23 Aug 2023

ပေါက်တောမြို့နယ်မှ လျှပ်စစ်ဓာတ်တိုင်များ ပျက်စီးနေသည်ကို “မိုခါ”မုန်တိုင်းတိုက်ပြီး ရက်ပိုင်းအတွင်း တွေ့ရစဉ်။
ပေါက်တောမြို့နယ်မှ လျှပ်စစ်ဓာတ်တိုင်များ ပျက်စီးနေသည်ကို “မိုခါ”မုန်တိုင်းတိုက်ပြီး ရက်ပိုင်းအတွင်း တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၂၃

“မိုခါ” မုန်တိုင်းသင့် ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ လှူဒါန်းငွေ ကျပ် ၃၃ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၇၅၆,၇၁၄ ဒသမ ၆၂ သိန်းကျော် ရရှိခဲ့ကြောင်း စစ်ကောင်စီကပြောသည်။

“မုန်တိုင်းလွန် ကာလကနေ ဩဂုတ်လ ၂၁ ရက်နေ့အထိ မြန်မာကျပ်ငွေ ၃၃ ဘီလီယံကျော်နဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၇ သိန်း ရရှိခဲ့ပါတယ်။ တင်ပြခဲ့တဲ့ စာရင်းထဲမှာ မပါဝင်ဘဲ Volunteer (စေတနာ့ဝန်ထမ်း) အနေနဲ့ လာရောက်၊ သွားရောက် လှူဒါန်းသူတွေလည်း အများအပြားရှိခဲ့တယ်” ဟု ဩဂုတ်လ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ရခိုင်တွင် မုန်တိုင်းသင့်ပြည်သူများကို စစ်ကောင်စီက ကူညီထောက်ပံ့ပေးမှုများရှိသော်လည်း လုံလောက်မှု မရှိသေးကြောင်း ဒေသခံများကပြောသည်။ မုန်တိုင်းတိုက်ပြီး ၃ လကျော် ကြာသည့်တိုင် နေအိမ်များ မဆောက်လုပ်နိုင်သေးကြောင်းလည်း သိရသည်။

ပေါက်တောမြို့နယ်၊ ငှက်ချောင်းမွတ်ဆလင် ဒုက္ခသည်စခန်းမှ ကိုအေးကျော်က “အခုချိန်ထိ နေအိမ် ပြန်မဆောက်နိုင်သေးတဲ့သူတွေ ရှိသေးတယ်။ သူတို့(စစ်ကောင်စီ)က စာရင်းကောက်သွားတာတော့ ရှိတယ်။ ဒါပေမယ့် ဒီနေ့အထိ ဆောက်ပေးတာ မရှိသေးဘူး။ အိမ်ထောင်စု တစ်စုကိုတော့ ဆန် ၂ ပြည် ထောက်ပံ့လာတာတော့ရှိတယ်။ အဲဒီဆန်နဲ့ ဘယ်လုံလောက်မလဲ”ဟု ပြောသည်။

“မိုခါ”မုန်တိုင်းကြောင့် လူနေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀၆ ဘီလီယံ၊ လူနေအိမ်မဟုတ်သော အဆောက်အဦများပျက်စီးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၁၀ သန်း၊ အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၉၀ ရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ NDMC က ထုတ်ပြန်ထားသည်။ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃၇ သန်းရှိကြောင်း သိရသည်။

“မိုခါ”မုန်တိုင်းကြောင့် နေအိမ်ပေါင်း ၂၆၂,၉၅၄ အိမ်၊ ဘာသာရေးအဆောက်အဦ ၃,၀၅၇ခု၊ စာသင်ကျောင်းပေါင်း ၁,၈၉၂ ကျောင်း၊ ဆေးရုံနှင့် ကျန်းမာရေးအဆောက်အဦ ၄,၄၄ ခု ထိခိုက်ပျက်စီးခဲ့ရပြီး တိရစ္ဆာန်အကောင်ရေ ၂၉၉,၃၃၇ ကောင်၊ ဆက်သွယ်ရေးတာဝါတိုင် ၁၇ ခုနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဓာတ်တိုင်ပေါင်း ၈,၆၉၃ ခု ပျက်စီးခဲ့ရကြောင်းလည်း NDMC က ထုတ်ပြန်သည်။

#R007

ဗီဒီယိုများ