စစ်တွေတွင် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားသူ(၃)ဦးမှာ ALP တပ်ဖွဲ့ဝင်များဟု ဆို

သေဆုံးသွားသူများမှာ စစ်တွေမြို့တွင် စစ်ကောင်စီကပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ရန်သွားကြရာတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ခိုင်လုံသောသတင်းရင်းမြစ်ထံက သိရသည်။ 

By Admin 04 Jan 2023

စစ်တွေတွင် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားသူ(၃)ဦးမှာ ALP တပ်ဖွဲ့ဝင်များဟု ဆို

ဓာတ်ပုံ - ကိုလင်းလင်း (facebook)

DMG ၊ ဇန်နဝါရီ ၄

ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် (၁၃) ရှိ ဆီတန်းရှေ့တွင် ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၈ နာရီခန့်အချိန်က သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားသည့်  အမျိုးသား(၃)ဦးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ALP တာဝန်ရှိသူများထံမှ သိရသည်။

သေဆုံးသွားသည့် ALP တပ်ဖွဲ့ဝင်များမှာ အသက် (၄၀) ကျော်အရွယ် ဗိုလ်စောမြ၊ အသက် (၃၀) ကျော်အရွယ် ကျော်စိုးနှင့် သူရိန်ထက် တို့ဖြစ်ပြီး စစ်တွေမြို့တွင် စစ်ကောင်စီကပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ရန်သွားကြရာတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု စစ်တွေမြို့အခြေစိုက် ALP တာဝန်ရှိသူများနှင့် ခိုင်လုံသောသတင်းရင်းမြစ်က ဆိုကြသည်။

 “ALP က လူတွေ အပစ်ခံရတာ။ ဘယ်ကလူတွေ ပစ်သွားလဲတော့ မသိသေးဘူး။ AK (သေနတ်)နဲ့ပစ်လိုက်တာ။ အပစ်ခံရတဲ့ထဲ ရာထူးကြီးတဲ့သူ ပါတယ်။ သူတို့က နေပြည်တော်က အစည်းဝေးတက်ပြီးရောက်တာ ရက်ပိုင်းလောက်ပဲရှိသေးတယ် ”ဟု ခိုင်လုံသောသတင်းမြစ်က DMG ကို ပြောသည်။

သေဆုံးသွားသူများမှာ ALP တပ်ဖွဲ့ဝင်များဖြစ်သော်လည်း ၎င်းတို့နှင့်ပတ်သက်၍ အသေးစိတ်ပြောပြ၍ မရကြောင်း စစ်တွေအခြေစိုက် ALP တာဝန်ရှိသူများက ဆိုသည်။

သေဆုံးသွားသူ (၃) ဦးမှာ အိမ်စီးကားငယ်ဖြင့် စက်ရုံစုရပ်ကွက်ရှိ ငါးစင်ရိုင်းချောင်းကျောင်းအနီး ဖြတ်သန်းသွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ နဖူးကို ကျည်ထိဒဏ်ရာတို့ဖြင့် သေဆုံးလျက်ရှိနေသည်ကို တွေ့ရသည်ဟု အနီးပတ်ဝန်းကျင်မှ မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်ပစ်သံ ၅ ချက်၊ ၆ ချက်လောက် ဆက်တိုက်ကြားရတယ်။ ခဏနေတော့ လူတွေအုံလာကြတော့ သွားကြည့်လိုက်တာ ကားထဲမှာ အလောင်းသုံးလောင်းကို တွေ့တော့တာပဲ။ ကားမှန်ပြင်ကို ခေါင်းတွဲပြီးတော့ တွေ့တယ်” အဆိုပါ ဒေသခံက ပြောသည်။

သေဆုံးသွားသူများစီးလာသည့် ကားမှာလည်း ကျည်ထိမှန်သွားသဖြင့် ကားပြတင်းပေါက်အချို့ ပျက်စီးသွားသည်ဟုလည်း သိရသည်။ အခင်းဖြစ်ပွားပြီးချိန်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လုံခြုံရေးတင်းကျပ်စွာဖြင့် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် သေဆုံသွားသူသုံးဦး၏ အလောင်းများကို စစ်တွေဆေးရုံသို့ ယူဆောင်သွားကြောင်း  လှုမှုကူညီရေးအသင်းဖြစ်သည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ကိုလင်းလင်းက ပြောသည်။

“accident (မတော်တဆ)ဖြစ်တယ်ထင်လို့ သွားကြည့်တာ။ မတော်ဆတမဟုတ်ဘဲ သေနတ်နဲ့ အပစ်ခံရတယ်လို့ သိရတယ်။ ကားထဲမှာ အလောင်း ၃ လောင်းပေါ့။ အခုတော့ အလောင်းကို စစ်တွေဆေးရုံသို့ ယူသွားကြတယ်။  ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး”  ဟု သူက ပြောသည်။

လက်ရှိ သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားသူများ၏ အကြောင်းနှင့်ပတ်သက်၍ မိသားစုဝင်များကို DMG မှ မေးမြန်းရာတွင်လည်း တစ်စုံတစ်ရာပြောပြလိုခြင်းမရှိဟု ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)သည် ၂၀၁၅ ခုနှစ်က အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည်။ လက်ရှိတွင်လည်း စစ်ကောင်စီကကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို သွားရောက်တက်ရောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုလည်း ဖြစ်သည်။

#R005

ဗီဒီယိုများ