တိုင်းပြည်သည် အချိန်ကြာရှည်နိုင်သော နိုင်ငံရေးအကြပ်အတည်းအတွင်းသို့ ဆင်းသက်လျက်ရှိနေကြောင်း PPST ပြော

အာဏာသိမ်းခြင်း အကျိုးဆက်အဖြစ် နိုင်ငံတကာမှ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုများ အပါအဝင် အထွေထွေအကြပ်အတည်များ ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းစစ်ပုံသဏ္ဍန်အသစ်ဆီကို ဦးတည်သွားကြောင်းလည်း ယနေ့ ၇၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသဝဏ်လွှာတွင် ယင်းသို့ပြောဆိုလာခြင်းဖြစ်သည်။  

By Admin 12 Feb 2023

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး

DMG ၊ ဖေဖော်ဝါရီ ၁၂

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး စစ်တပ်က အာဏာသိမ်းခဲ့သည့်နောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့ရကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်မှုကော်မတီ(PPST-LC)က ပြောဆိုလာသည်။

အာဏာသိမ်းခြင်း အကျိုးဆက်အဖြစ် နိုင်ငံတကာမှ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုများ အပါအဝင် အထွေထွေအကြပ်အတည်များ ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းစစ်ပုံသဏ္ဍန်အသစ်ဆီကို ဦးတည်သွားကြောင်းလည်း ယနေ့ ၇၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသဝဏ်လွှာတွင် ယင်းသို့ပြောဆိုလာခြင်းဖြစ်သည်။  

“အာဏာသိမ်းမှုအကျိုးဆက်အဖြစ် နိုင်ငံတကာမှ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုများအပါအဝင် အထွေထွေအကြပ် အတည်များဖြစ်ပွားခဲ့ပြီး ပိုမိုကျယ်ပြန့်သည့် ပြည်တွင်းစစ်ပုံသဏ္ဍန်အသစ်ဆီသို့ ဦးတည်နေကာ တိုင်းပြည်သည် အချိန်ကြာရှည်နိုင်သော နိုင်ငံရေးအကြပ်အတည်းအတွင်းသို့ ဆင်းသက်လျက်ရှိနေသည်”ဟု PPST-LC ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

PPST အနေဖြင့် NCA ၏ အနှစ်သာရ ၃ ချက်ဖြစ်သည့် “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများကို အကာအကွယ်ပေးရေး”အချက်များကို ဆက်လက်ကိုင်ဆွဲပြီး လက်ရှိတိုင်းပြည်အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားထုတ်သွားမည်ဟု ဆိုသည်။

ယနေ့ပေးပို့သည့် ပြည်ထောင်စုနေ့သဝဏ်လွှာတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားခဲ့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု ကျရှုံးခဲ့ကြောင်း ဝန်ခံပြောဆိုလာသည်။

“ပြည်တွင်း/ပြည်ပ စွက်ဖက်မှု ပယောဂအမျိုးမျိုးနှင့် သက်ဆိုင်သူများ၏ နိုင်ငံနှင့်ပြည်သူအကျိုးကို စဉ်းစား လုပ်ဆောင်ရန် လိုအပ်ချက်တို့ကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် အလှမ်းကွာဝေးဆဲဖြစ်ရာ နိုင်ငံအတွက် ဝမ်းနည်း ဖွယ်ရာ၊ စိတ်မကောင်းရင်လေးဖွယ်ရာ ဖြစ်နေပါသည်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

စစ်ကောင်စီက ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ပြီး NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) စသည့် EAO ၇ ဖွဲ့နှင့် NCA လက်မှတ် မထိုးမရသေးသည့် “ဝ”UWSA၊ (မိုင်းလား)NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ယခင်ကလည်း စစ်အာဏာသိမ်းမှု အဆက်ဆက်ရှိခဲ့သော်လည်း ယခုအကြိမ် အာဏာသိမ်းမှုတွင် လက်နက်ကိုင်တပ်ဖွဲ့များ ပိုများလာပြီး ပြည်သူလူထု ပိုမိုဒုက္ခရောက်ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

“အရင်တုန်းက အာဏာသိမ်းတဲ့အခါတွေမှာလည်း ၈၈ အရေးအခင်းမှာ လူထုအုံကြွမှုဖြစ်မဲ့အခါ ထိန်းဖို့ဆိုပြီးတော့ စစ်တပ်က အာဏာယူလိုက်တယ်။ အာဏာသိမ်းလိုက်ပြီးတဲ့အခါကျတော့ မြို့ပေါ်က ငြိမ်းချမ်းစွ ဆန္ဒပြတဲ့သူတွေလည်း အဖြိုခွဲခံရတယ်။ ဖြိုခွဲခံရတဲ့အခါကျတော့ အဲဒီတုန်းက လက်နက်ကိုင်တိုက်ပွဲသဏ္ဍန်ကို ကူးပြောင်းသွားတဲ့ ဆန့်ကျင်တဲ့အင်အားစုတွေရှိခဲ့တယ်။ ဒါပေမယ့်နည်းတယ်”ဟု ဉီးရဲထွန်းကဆိုသည်။ 

ဆက်လက်ပြီး ဉီးရဲထွန်းက “ဒီတစ်ခေါက်ကတော့ မြို့ပေါ်က ဆန္ဒပြမှုတွေကတဆင့် ဖြိုခွဲခံလိုက်တဲ့အခါမှာ လက်နက်ကိုင်တိုက်ပွဲသဏ္ဍန်ကို ကူးပြောင်းသွားတဲ့အင်အားက ပိုများလာတယ်။ ပိုများပြီးတော့ ပြည်သူတွေရဲ့ ထိခိုက်မှုတွေ၊ စည်းစိမ်းဥစ္စာ ဖြိုခွဲခံရမှုတွေလည်း ပိုများလာတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့ရှိပြီး ယင်းအထဲမှ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့သည် အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည့်အပြင် လက်ရှိမှာလည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။

လက်ရှိနှင့် ပြီးခဲ့သည့်ကာလများက မြန်မာပြည် ငြိမ်းချမ်းရေးခရီးလမ်းမှာ ထင်သလောက် ခရီးမပေါက်ခဲ့ဘဲ လက်နက်ကိုင်တိုက်ပွဲများ၊ ပြည်သူလူထု နစ်နာမှုများဖြင့်သာ အချိန်ကုန်ခဲ့သည်ကို တွေ့ရကြောင်း နိုင်ငံရေးလေ့လာသူများက ပြောဆိုကြသည်။

#R007

ဗီဒီယိုများ