ရခိုင်ပြည်တွင် အောက်တိုဘာလအထိ ပြည်ပခရီးသွားဝင်ရောက်မှု ၄၀၀၀ နီးပါးရှိခဲ့သော်လည်း ပြန်လည်ကျဆင်းလာ

ရခိုင်ပြည်အတွင်းသို့ ယခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလ အထိ ပြည်ပခရီးသွားဝင်ရောက်မှုမှာ ၃၈၆၆ ဦး အထိရှိကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။

By Admin 15 Nov 2022

ရခိုင်ပြည်တွင် အောက်တိုဘာလအထိ ပြည်ပခရီးသွားဝင်ရောက်မှု ၄၀၀၀ နီးပါးရှိခဲ့သော်လည်း ပြန်လည်ကျဆင်းလာ

သံတွဲမြို့ ငပလီကမ်းခြေတွင် လာရောက်အပန်းဖြေနေသူများကိုတွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်အတွင်းသို့ ယခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလ အထိ ပြည်ပခရီးသွားဝင်ရောက်မှုမှာ ၃၈၆၆ ဦး အထိရှိကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ရခိုင်သို့ ပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၇၀၄ ဦးဝင်ရောက်မှုရှိခဲ့ရာမှ ယခုနှစ်တွင် သိသိသာသာတိုးမြင့်လာခြင်းဟု ၄င်းကဆိုသည်။

“အဲဒီ ၃၈၆၆ ယောက်ထဲမှာ ရခိုင်ပြည်ကို ခရီးသွားဗီဇာနဲ့ဝင်လာတာက ခုနှစ်ဆယ်ကျော်သွားပြီ။ အများအား ဖြင့်တော့ သံတွဲကိုဝင်တာပေါ့။ သံတွဲကိုဝင်တာက ၆၀ လောက်ရှိသွားပြီ။ ခရီးသွားဝင်ရောက်မှုက တိုးတယ်။ အခု လေကြောင်းလိုင်းတွေဖွင့်တဲ့အတွက် ပြည်ပခရီးသည်တွေ တစတစတိုးလာနေတယ်။ ဒါပေမယ့် အရှိန်အဟုန်နဲ့ မလာနိုင်ဘူးပေါ့”ဟု ဦးတင်ထွန်းအောင်ကပြောသည်။

ကိုဗစ်ကြောင့် ရပ်နားထားသည့် နိုင်ငံတကာ လေကြောင်းလိုင်းများကို ယခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီးနောက်တွင် ရခိုင်ပြည်သို့ ပြည်ပခရီးသွားဝင်ရောက်မှုများမှာ တိုးလာနေခြင်းဟု ၄င်းကဆိုသည်။

ယင်းအပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းက ရခိုင်သို့ ပြည်တွင်းခရီးသွားဝင်ရောက်မှုမှာ ၅၆၂၆၅ ဦးရှိခဲ့သော်လည်း ယခုနှစ်တွင် ပြည်တွင်းခရီးသွားဝင်ရောက်မှု ၂၉၂၇၁၅ အထိရှိလာသည်ဟု ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယခုနှစ် အောက်တိုဘာလတွင် သံတွဲမြို့ ငပလီကမ်းခြေသို့ ပြည်တွင်း/ပြည်ပခရီးသွားဝင်ရောက်မှု ပြန်လည်မြင့်တက်ခဲ့သော်လည်း လက်ရှိဒေသမတည်ငြိမ်မှုများကြောင့် ခရီးသွားဝင်ရောက်မှုများမှာ ပြန်လည်ကျဆင်းလာသည်ဟု ငပလီကမ်းခြေမှ AZ ဟိုတယ်လုပ်ငန်းရှင် ဒေါ်ခင်မာသူက ပြောသည်။

“ခရီးသွားဝင်ရောက်မှုက နိုင်ငံရေးနဲ့ဆိုင်တာပေါ့။ သီတင်းကျွတ်ရက်တွေကဆိုရင် ဧည့်သည်တော် တော်များများ ရောက်တယ်။ တန်းဆောင်တိုင်မှာတော့ ဧည့်သည်ရောက်ရှိမှုက ထက်ဝက်လောက်လျော့ကျသွားတယ်။ နိုင်ငံရေးမတည်ငြိမ်လို့ရှိရင် ပိုဆိုးတာပေါ့။ အဓိကတော့ နိုင်ငံရေးတည်ငြိမ်လို့ရှိရင် ကိုယ့်ပြည်တွင်းကလည်း သွားကြလာကြတာပဲ”ဟု သူကဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်များအပြင် အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်များတွင်လည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။ ထို့ပြင် သံတွဲ၊ကျောက်ဖြူ၊ မာန်အောင် စသည့်မြို့နယ်များတွင်လည်း မြန်မာစစ်တပ်က အရပ်သားများကို AA သံသယဖြင့် ဖမ်းဆီးမှုများရှိနေသည်။

ငပလီမြို့ရှိ Royal လင်းသာ ဟိုတယ်ပိုင်ရှင် ဦးခင်မောင်ထွန်းကလည်း “ကျနော်တို့ဟိုတယ်က ဖွင့်တော့ ဖွင့်ထားတယ်။ လူမရှိတော့ ပိတ်ထားရတဲ့သဘောမျိုး ဖြစ်နေတယ်။ ခရီးသွားတွေက ပင်လယ်နားမှာပဲ တည်းခိုကြတာများတယ်။ အဲဒီမှာလည်း ဈေးတွေဘာတွေ ချထားတာဆိုတော့ပေါ့။ ကျနော်တို့ဟိုတယ်တွေက အလုပ်မဖြစ်ဘူး။ ပိတ်ထားသလိုပဲ။ ဧည့်သည်လည်းမရှိဘူး။ တစ်လလုံးကုန်မှ တစ်ခန်းနှစ်ခန်းတောင် မရဘူး”ဟု လက်ရှိကြုံတွေ့နေရသည့် အခြေအနေကိုရှင်းပြသည်။

ယင်းအပြင် ယခုနှစ် တိုက်ပွဲငြိမ်သက်နေသည့်အချိန်က ရှေးဟောင်းအမွေအနှစ်များရှိသည့် မြောက်ဦးဒေသကို ပြည်ပခရီးသွားများဝင်ရောက်မှုရှိခဲ့သော်လည်း လက်ရှိတွင် ဒေသမတည်ငြိမ်မှုများကြောင်း ခရီးသွားဝင်ရောက်မှု မရှိတော့ကြောင်း မြောက်ဦးမြို့မှ အမည်မဖော်လိုသည့် ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။

“ဒီဘက်မှာက ခရီးသွားဝင်ရောက်မှုက လုံးဝမရှိဘူးလို့ပြောရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲ တွေကလည်း ဖြစ်နေတယ်။ ပြီးရင် နိုင်ငံရေးအခြေအနေတွေကလည်း မတည်ငြိမ်ဘူးဆိုတော့ ဒီဘက်ကို (ခရီးသွားတွေ) လုံးဝလာလို့ မရသလိုဖြစ်နေတာပေါ့။ ပြီးခဲ့တဲ့ ၆ လလောက်က နိုင်ငံခြားသား ၄ ယောက်လောက်ကို ကျနော်ဧည့်လမ်းညွှန် လိုက်သေးတယ်။ ဒါပေမယ့် ပြည်ပကလာတဲ့ နိုင်ငံခြား သားတွေ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့နိုင်ငံခြားသားတွေပေါ့”ဟု သူကဆိုသည်။

ယခုနှစ်သြဂုတ်လမှစတင်ကာ ရခိုင်မြောက်ပိုင်းမှ မြို့နယ်များတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီး ယခုအချိန်ထိ စစ်ရေးတင်းမာလျက်ရှိနေခြင်းဖြစ်သည်။

ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်ကျဆင်းနှင့်အမျှ ခရီးသွားလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များအပါအဝင် ဒေသခံများမှာလည်း အလုပ်အကိုင်အဆင်မပြေမှုများနှင့် ရင်ဆိုင်ကြရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က၊ ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခြင်း တို့ကြောင့် ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက် ၂၅ ရခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ပြည်နယ်ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရသိရသည်။

ဗီဒီယိုများ