ကုလအကြီးအကဲ ရခိုင်ခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့သလဲ 

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ ဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက်တစ်နေ့တွင် ရခိုင်သို့ရောက်ရှိလာခြင်း ဖြစ်သည်။ 

By Admin 18 Aug 2023

ရွှေစေတီဆရာတော်နှင့်တွေ့ဆုံရန် ရွှေစေတီဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသော ကုလသမဂ္ဂအကြီး။ ဓာတ်ပုံ - Shwe Zeedy/ Facebook
ရွှေစေတီဆရာတော်နှင့်တွေ့ဆုံရန် ရွှေစေတီဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသော ကုလသမဂ္ဂအကြီး။ ဓာတ်ပုံ - Shwe Zeedy/ Facebook

DMG ၊ သြဂုတ် ၁၈

ရခိုင်က မုန်တိုင်းသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအခြေအနေများကို လေ့လာရန် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr.Martin Griffiths သည် သြဂုတ်လ ၁၆ ရက်နေ့က ရခိုင်ပြည် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ ဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက်တစ်နေ့တွင် ရခိုင်သို့ရောက်ရှိလာခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး မွတ်ဆလင်ဒုက္ခသည်စခန်းနှင့် ရွှေစေတီ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလအကြီးကဲနှင့် ပြည်နယ်စစ်ကောင်စီတို့ တွေ့ဆုံရာတွင် မုန်တိုင်းသင့်ပြည်သူများကို လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးကိစ္စ၊ ဒေသတည်ငြိမ်ရေး၊ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ရှေ့ပြေးစီမံကိန်းများကို ဆွေးနွေးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းထံမှ သိရသည်။ 

သို့သော်လည်း အသေးစိတ်အကြောင်းအရာများကို သူက မပြောပေ။

ကုလအကြီးအကဲနှင့် ရွှေစေတီဆရာတော်တို့ တွေ့ဆုံမှုတွင် ရခိုင်ပြည်သူများ ပြန်လည်ထူထောင်ရေးတွင် ကုလသမဂ္ဂအအနေဖြင့် ထိရောက်သောအကူအညီများပေးရန်  တင်ပြဆွေးနွေးခဲ့သည်ဟု ရွှေစေတီဆရာတော်က မိန့်သည်။ 

“အဓိက လူသားချင်းစာနာမှု ထောက်ပံ့ရေးနဲ့ပတ်သက်ပြီး လာတွေ့တာ။ ဦးဇင်က မိုခါဒဏ်သင့်၊ တိုက်ပွဲရှောင်၊ ရေဘေးသင့်တာတွေနဲ့ပတ်သက်ပြီး ကူညီပေးဖို့ တင်ပြတောင်းဆိုလိုက်တယ်။ မွတ်ဆလင်နဲ့ ပဋိပက္ခကိစ္စတွေကိုလည်း မေးမြန်းခဲ့တယ်။ ဒီမှာ လူသားချင်းစာနာမှု အခက်အခဲတွေရှိနေရင် သူတို့ကွင်းဆင်းခဲ့တဲ့ တစ်လျှောက်မှာ တွေ့ကြုံခဲ့တာတွေကို ကုလသမဂ္ဂကိုတင်ပြပြီး ဘာလုပ်ပေးရမလဲဆိုတာကို စီစဉ်သွားမယ်လို့ ပြောခဲ့တယ် ” ဟု ရွှေစေတီဆရာတော် ဘဒ္ဒန္တ အရိယဝံသ ကမိန့်သည်။

ယင်းအပြင် ကုလတာဝန်ရှိသူသည် စစ်တွေမြို့နယ်၊ အုန်းတောင်ကြီး မွတ်ဆလင်ဒုက္ခသည်စခန်းသို့လည်း သွားရောက်ခဲ့ပြီး မွတ်ဆလင်များ၏ လက်ရှိအခြေအနေနှင့် ကြုံတွေ့နေရသော အခက်အခဲများကို မေးမြန်းခဲ့သည်။ 
အုန်းတောင်ကြီးဒုက္ခသည်စခန်းတာဝန်ခံ ဦးလှကျော်က “စားဝတ်နေရေး အခက်အခဲရှိနေတဲ့ အခြေအနေရယ်၊ နောက်ပြီးတော့ နိုင်ငံသားကဒ်လုပ်ပေးဖို့ တင်ပြခဲ့တယ်။ သူတို့က ကျနော်တို့ပြောဆိုချက်တွေကို ကုလသမဂ္ဂကို တင်ပြသွားမယ်ဆိုပြီးတော့ ပြောတယ် ” ဟု ဆိုသည်။

လက်ရှိတွင် မုန်တိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့ပေးနေသည့် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများကို စစ်ကောင်စီက သွားလာခွင့် ကန့်သတ်ထားသည်။ ထို့ကြောင့် ကုလအကြီးအကဲက ရခိုင်ပြည်သို့ ကွင်းဆင်းပြီး ပြည်သူများ၏ အသံကိုနားထောင်ခြင်းမှာ ကောင်းမွန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမားများက ရှုမြင်ကြသည်။ 

“စစ်ကောင်စီက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုလုပ်ငန်းတွေမှာ ပိတ်ပင်ကန့်သတ်တာတွေ တောက်လျှောက်လုပ်ခဲ့တယ်။ ဒီလိုကန့်သတ်ပိတ်ပင်တာတွေကို စစ်ကောင်စီဘက်က ရပ်တန့်ဖို့လိုတယ်။ ကုလအကြီးအကဲတွေအနေနဲ့ အခုလို ပြည်သူ့အသံကို နားထောင်တာကောင်းတယ်။ လက်တွေ့မှာလည်း စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုတွေက ဘယ်လိုမှ အားရစရာမရှိဘူး။ ဒါကြောင့် ပြန်လည်ထူထောင်ရေး လုပ်ဖို့ဆိုရင် နိုင်ငံတကာရဲ့အကူညီတွေ အများကြီးလိုအပ်တယ်” ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ ဇူလိုင်လ ၂၁ ရက်နေ့ အစီရင်ခံစာတွင် ရခိုင်ဒေသပြန်လည်ထူထောင်ရေး အကူအညီရရှိမှုမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိပြီး လုံလောက်မှု မရှိသေးကြောင်း ဆိုသည်။ 

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ချင်း တို့တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ရခိုင်တွင်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ 

#R005 #R007

ဗီဒီယိုများ