ညောင်ဦးတွင် ကျေးရွာပေါင်း ၄၀ ကျော် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရ

ညောင်ဦးမြို့နယ်သည် မိုးခေါင်ရေရှား အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်သည့်အတွက် ကျေးလက်နေပြည်သူများမှာ ရေရှားပါးမှုပြဿနာကို နှစ်စဉ်ကြုံတွေ့ကြရသည်။

By Admin 08 May 2023

ဓာတ်ပုံ - ညောင်ဦးမြို့ ဖြူစင်မေတ္တာရေအလှူအသင်း
ဓာတ်ပုံ - ညောင်ဦးမြို့ ဖြူစင်မေတ္တာရေအလှူအသင်း

DMG ၊ မေ ၈

မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ ကျော်မှာ နွေရာသီကာလ သောက်သုံးရေရှားပါမှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပုဂံ - ညောင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၁၆၀ ကျော်ရှိပြီး အိုရင်း၊ ပုတော၊ ဖလန်းကန်၊ စက်စက်ယို၊ မြက်ခါးတော၊ ထန်းပေါက်ကုန်း၊ အောင်သာ၊ ဝက်လူးအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်မှာ သောက်သုံးရေရှားပါးမှုကို အများဆုံး ကြုံတွေ့နေရခြင်းဖြစ်သည်။

ညောင်ဦးမြို့နယ်သည် မိုးခေါင်ရေရှား အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်သည့်အတွက် ကျေးလက်နေပြည်သူများမှာ ရေရှားပါးမှုပြဿနာကို နှစ်စဉ်ကြုံတွေ့ကြရသည်။ လက်ရှိမှာ ညောင်ဦးမြို့၊ ဖြူစင်မေတ္တာရေအလှူအသင်းက သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ရှစ်ဘီးကားကြီး သုံးစီးဖြင့် တစ်နေ့လေးကြိမ်ကျ ရေဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။

“ပိုပူတော့ ရေပိုလိုအပ်လာကြတယ်။ ဒီနှစ်က ရေလိုအပ်ချက် တော်တော်ကြီးတယ်။ သုံးရေပါပြတ်တော့ ပိုဆိုးတယ်။ ခါတိုင်းနှစ်တွေက ဒီလောက် အခြေအနေမဆိုးဘူး။ ဒီနှစ်ကပိုဆိုးတယ်” ဟု ဖြူစင်မေတ္တာရေအလှူအသင်းတာဝန်ခံ ဦးတင့်က ပြောသည်။

ဓာတ်ပုံ - ညောင်ဦးမြို့ ဖြူစင်မေတ္တာရေအလှူအသင်း

ညောင်ဦးဒေသခံများမှာ တစ်နှစ်ပတ်လုံး သောက်သုံးရေအတွက် အဝီစိစက်ရေတွင်းများကိုသာ အဓိကအားထားရပြီး ရေတွင်းမရှိသည့် ကျေးရွာများမှာ နွေရာသီကာလ သောက်သုံးရေ ရှားပါးမှုဒဏ်ကို ပိုမိုခံစားကြရသည်။

ယမန်နှစ်က မိုးရွာသွန်းမှုနည်း၍ မိုးရေလုံလောက်စွာ မရရှိခြင်း၊ ယခုနှစ်တွင် အပူချိန်မြင့်တက်ခြင်းတို့ကြောင့် ရေကန်ကြီးများမှာ အချိန်မတိုင်မီ ရေခမ်းခြောက်သွားခြင်းနှင့် အဝီစိစက်ရေတွင်းများ ပျက်စီးနေခြင်းတို့ကြောင့် ရေနှင့်ပတ်သက်၍ ပိုမိုအခက်ကြုံနေရကြောင်း ညောင်ဦးဒေသခံများက ဆိုသည်။

“လာလှူပေးတဲ့သူတွေဆီက ရေထမ်းပုံး တစ်ထမ်းစာရလည်း မနည်းဘူးဆိုပြီး သုံးနေကြရတယ်” ဟု ညောင်ဦးဒေသခံဦးသန်းစိုးက ပြောသည်။

ညောင်ဦးမြို့၏ အပူချိန်သည် ၄၄ ဒီဂရီစင်တီဂရိတ် ရှိကြောင်း မိုးဝေလသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ ယနေ့ ဧပြီလ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မိုးလေဝသသုတေသန စစ်တမ်းများ ထုတ်ပြန်ထားသည့် Ogimet တွင် ညောင်ဦးမြို့သည် ဧပြီလ ၂၀ ရက်နေ့က အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ဖြင့် ကမ္ဘာ့အပူဆုံးမြို့ ၁၅ ခုတွင် တတိယအပူဆုံးမြို့အဖြစ် စာရင်းဝင်ထားခဲ့သည်။

#I004

ဗီဒီယိုများ