ရခိုင်တွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ဆက်လက်ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားမည်ဟု FDA ပြော

ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ရခိုင်ပြည်တွင် ရောင်းချမှုမရှိစေရေးအတွက် ဈေးကွက်များကို ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် (FDA) မှ တာဝန်ရှိသူများက ပြောသည်။

By Admin 17 Dec 2022

ရခိုင်တွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ဆက်လက်ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားမည်ဟု FDA ပြော

FDA မှ ထုတ်ပြန်သော စားသုံးရန်မသင့်သည့် စားသောက်ကုန်များအား တွေ့ရစဉ်။ ဓာတ်ပုံ - FDA

DMG | ဒီဇင်ဘာ ၁၇

ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ရခိုင်ပြည်တွင် ရောင်းချမှုမရှိစေရေးအတွက် ဈေးကွက်များကို ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် (FDA) မှ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ခဲ့သည့် စားသောက်ကုန်များအား ဆက်လက်၍ ရောင်းချနေမှု ရှိ/မရှိကို စစ်ဆေးသွားမည်ဖြစ်ပြီး ရောင်းချ၍တွေ့ရှိပါက ဥပဒေအရအရေးယူသွားမည်ဟု ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (Food and Drug Administration) မှ ဦးစီးအရာရှိ (ယာယီ) ‌ဒေါက်တာ ရဲမင်းသိန်းက ပြောသည်။

“စားသုံးဖို့မသင့်တဲ့ အစားအသောက်တွေကို ပြည်သူတွေစားရင် အန္တရာယ်ရှိမယ်။ ဒါကြောင့် ပြည်သူတွေကို အန္တရာယ်မဖြစ်ရအောင် လုပ်ငန်းရှင်တွေအနေနဲ့ ပူးပေါင်းပေးစေလိုပါတယ်။ ဒါကို ပြည်သူတွေအနေနဲ့လည်း မစားသုံးသင့်ဘူး။ ရခိုင်မှာ စားသုံးဖို့မသင့်တဲ့ အစားအသောက် ငါးမျိုးထုတ်ပြန်ခဲ့တယ်။ အဲဒါကို ကျနော်တို့ မကြာခင် ကွင်းဆင်းစစ်ဆေးတာတွေလုပ်သွားမယ်။ ရောင်းချမှုတွေ တွေ့ရင်တော့ ဥပဒေအရ အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်သွားဖို့ ရှိတယ်” ဟု ဒေါက်တာရဲမင်းသိန်းက ပြောသည်။

ကွင်းဆင်းစစ်ဆေးစဉ် ရောင်းချမှုတွေ့ရှိလျှင် ရခိုင်ပြည်အတွင်းမှ သက်ဆိုင်ရာမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကောက်မတီမှ အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က) ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာရဲမင်းသိန်းက ပြောသည်။

ဥပဒေပုဒ်မ ၂၈ (က) တွင် ငွေဒဏ်အားဖြင့် သုံးသိန်းကျပ်ဖြစ်စေ၊ ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ သက်ဆိုင်ရာ တရားရုံးကချမှတ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ထုတ်ပြန်ခဲ့သည့် ရခိုင်ပြည်အတွင်းက စားသုံးရန်မသင့်သော စားသောက်ကုန်များမှာ New Choice တံဆိပ် မက်မန်းသီးထုပ်၊ ABC (rainbow) တံဆိပ် စတော်ဘယ်ရီအရသာအချိုရည်၊ ခြင်္သေ့မင်းတံဆိပ်ငရုတ်ဆီ၊ Sunlight တံဆိပ်ကိုလာအရသာအချိုရည်နှင့် Lucky Tiger တံဆိပ်ငရုတ်ဆီတို့ ပါဝင်သည်။

ရခိုင်တွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ဖြန့်ဖြူးရောင်းချခြင်းနှင့် ဝယ်ယူစားသုံးသူမရှိစေရန် အများပြည်သူအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာသင့်ကြောင်း ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။

“စားသုံးသူအများကြီးကတော့ မသိဘဲ ဝယ်ကြတာပိုများတယ်။ ဒါကို FDA အနေနဲ့ ပြည်သူတွေကို သေချာ သိနားလည်အောင် လုပ်ပေးသင့်တယ်။ ပြီးတော့ လုပ်ငန်းရှင်တွေအနေနဲ့လည်း FDA က ထုတ်ပြန်ထားတာကို ဆက်ပြီး မဖြန့်ဖြူးသင့်တော့ဘူး။ အကုန်လုံး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းအပြင် စားသုံးရန်မသင့်သည့် အစားအသောက်များနှင့် ပတ်သက်၍ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် အသိပညာပေးမှုများ ပို၍လုပ်ဆောင်မှသာ ဝယ်ယူသုံးစွဲမှုနည်းပါးလာမည်ဟု စစ်တွေမြို့မှ ကုန်စုံဆိုင်ပိုင်ရှင် မညိုညိုက ပြောသည်။

“ကုန်စုံဆိုင်တွေက အသုံးများတဲ့ ကုန်ပစ္စည်းကို တင်မှာပေါ့နော်။ တစ်ဘက်မှာ ဝယ်သူက ဒီပစ္စည်းဟာ စားသုံးဖို့မသင့်တဲ့ စားသောက်ကုန်ထဲပါနေတာကို မသိဘူး။ အဲဒီတော့ ဒီပစ္စည်းနဲ့ ကိုယ်နဲ့အဆင်ပြေတယ်ဆိုရင် အသုံးများလာတော့တာပေါ့။ FDA ကလည်း စားသုံးသူအများပြည်သူကို အသိပညာတွေအများကြီးပေးဖို့လိုအပ်တယ်လို့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။

FDA အနေဖြင့် ပြည်သူများအကြား စားသုံးမှုများနေသည့် စားသောက်ကုန်များကို လစဉ်ပုံမှန်ကောက်ယူကာ သက်ဆိုင်ရာမြို့နယ်အလိုက် ဓါတ်ခွဲစစ်ဆေးခြင်းများရှိပြီး ပြည်တွင်းဓါတ်ခွဲစစ်ဆေး၍ အဆင်မပြေသည့် စားသောက်ကုန်များကို နေပြည်တော်သို့ပို့ကာ ဓါတ်ခွဲစစ်ဆေးခြင်းများရှိနေကြောင်း သိရသည်။

FDA မှ စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ထားသည့် အစားအသောက်များကို စားသုံးမိပါက ကင်ဆာ၊ အစာအိမ်၊ ကျောက်ကပ်၊ အသည်းပျက်စီးခြင်း စသည့်ရောဂါများ ဖြစ်ပေါ်စေနိုင်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ