ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ

အိမ်ခြေ ၁၄၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ်၊ ဂေါရောမဏီကျေးရွာတွင် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူး နှစ်ဗူးသာ အထောက်အပံ့ရရှိခဲ့သည်ဟု ကျေးရွာတာဝန်ခံ ဦးအေးကျော်က ပြောသည်။

By Admin 30 May 2023

ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ

DMG ၊ မေ ၃၀

မုန်တိုင်းဘေးဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်အတွင်းက ကျေးရွာအချို့တွင် စစ်ကောင်စီပေးအပ်သော ထောက်ပံ့ရေးပစ္စည်းများအဖြစ် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့ကိုသာ ရရှိကြကြောင်း ဒေသခံများထံမှ သိရသည်။

အိမ်ခြေ ၁၄၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ်၊ ဂေါရောမဏီကျေးရွာတွင် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူး နှစ်ဗူးသာ အထောက်အပံ့ရရှိခဲ့သည်ဟု ကျေးရွာတာဝန်ခံ ဦးအေးကျော်က ပြောသည်။

“ကျနော်တို့ရွာအတွက် အစိုးရ(စစ်ကောင်စီ)ဆီက ဆန်နှစ်အိတ်ပဲရတယ်။ အဲဒီဆန်တွေကို တရွာလုံးလည်း လုံလောက်မှုမရှိတော့ အပျက်အစီးများတဲ့ ဆင်းရဲသားတွေလောက်ပဲ တစ်အိမ် ဆန် ၈ ဗူး (တစ်ပြည်)လောက်ပဲ ပေးရတယ်” ဟု ဦးအေးကျော်က ပြောသည်။

အလားတူ ကျောက်တော်မြို့နယ်၊ လက်ခုတ်ပင်ရင်းကျေးရွာတွင်လည်း ဆန်နှစ်အိတ်နှင့် အဝတ်အစားထည့်ဗူး ၄ ဗူးသာ ရရှိသည်ဟု ကျေးရွာသားများကပြောသည်။ ၎င်းကျေးရွာတွင် အိမ်ခြေ ၂၂၀ ရှိသည့်အနက် မုန်တိုင်းကြောင့် အိမ်ခြေ ၂၀၀ ခန့်အထိ ပျက်စီးသွားခဲ့သည်။

“ပျက်စီးသွားတဲ့ အိမ်တွေအတွက် အမိုးအကာအကူအညီတွေက လုံဝမရသေးဘူး။ ရထားတဲ့ဆန်ကို ဆင်းရဲတဲ့မိသားစု တစ်စုစီကို ဆန်ဆယ့်နှစ်ဗူးလောက်စီ ခွဲဝေပေးထားတယ်။ အိမ်သုံးပစ္စည်းဗူးကတော့ နောက်ထပ်ရောက်မလားလို့ စောင့်နေတဲ့အတွက် မပေးသေးဘူး။ ထောက်ပံ့မှုထပ်ရတဲ့အခါ ခွဲဝေပေးသွားမယ်” ဟု လက်ခုတ်ပင်ရင်းကျေးရွာမှ ရပ်/ကျေးစာရေး ကိုငြိမ်းအောင်က ပြောသည်။

ကျောက်တော်မြို့နယ်၊ ဇင်းခါရှည်ကျေးရွာတွင်လည်း အိမ်ခြေ ၃၆၀ ကျော်ရှိသည့်အနက် မုန်တိုင်းကြောင့် အိမ်ခြေ ၃၃၀ ခန့် ပျက်စီးသွားခဲ့သည်။ ၎င်းကျေးရွာအတွက် ဆန်လေးအိတ်နှင့် အဝတ်အစားထည့်ဗူး ရှစ်ဗူးကို ရရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“ကျနော်တို့ ကျောက်တော်မြို့နယ် အရှေ့ဘက်ခြမ်းက ရွာတွေက ဘာထောက်ပံ့ကူညီမှုမှ မရကြတာကြောင့် အခက်ကြုံနေကြရတယ်။ ရွာမှာလည်း အမိုးအကာမရှိကြလို့ အိမ်တွေတစ်လုံးမှ မပြုပြင်ရသေးဘူး။ အစိုးရ(စစ်ကောင်စီ)ဆီကလည်း ဆန်လေးအိတ်နဲ့ အိမ်အသုံးဆောင်ဗူး ရှစ်လုံးလောက်ပဲရတယ်။ လုံလောက်မှုကတော့ ဘယ်လိုမှမရှိဘူး” ဟု ခါရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေလှမောင်က ပြောသည်။

ကျောက်တော်မြို့နယ်တောင်ဘက်ရှိ ဂေါရောမဏီကျေးရွာ၊ လက်ခုတ်ပင်ရင်းကျေးရွာနှင့် ဇင်းခါရှည်ကျေးရွာ တို့တွင် မုန်တိုင်းကြောင့် နေအိမ်များမှာ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မုန်တိုင်းကြောင့် အမိုးအကာနှင့် စားနပ်ရိက္ခာအခက်အခဲရှိနေသော ကျေးရွာသားများစာရင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ယင်းသို့ အထောက်အပံ့အချို့ ရရှိလာခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီကပေးအပ်သော အထောက်အပံ့များမှာ ကျေးရွာသားများအတွက် လုံလောက်မှုမရှိကြောင်း ပြောဆိုချက်နှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇော်ညွှန့်ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

မုန်တိုင်းသင့်ကျေးရွာများကို ထောက်ပံ့နေမှုနှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် အစည်းအဝေးတက်ရောက်နေကြောင်း ပြောသဖြင့် လက်ရှိအချိန်ထိ တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။

ရခိုင်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် လေဘေး၊ ရေဘေးသင့် ပြည်သူ ၁၁၅၆,၇၉၆ (ဆယ့်တစ်သိန်း ငါးသောင်းခြောက်ထောင် ခုနစ်ရာ ကိုးဆယ့်ခြောက်) ဦးရှိပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၄၆,၉၈၆ ရှိကာ သေဆုံးလူ ၁၄၈ ဦးအထိရှိကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

#I006

ဗီဒီယိုများ