“AA လုပ်ရပ်မှာ ရခိုင်ပြည်အတွက် ဟုတ်/မဟုတ်” ရခိုင်ပြည်သူများကို စစ်ကောင်စီ စဉ်းစားခိုင်း

နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ခဲ့သည့် ရခိုင်စစ်ပွဲအတွင်း စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာပိုင် ယာဉ်စုစုပေါင်း ၉ စီးအား AA က ခြိမ်းခြောက်ယူဆောင်ကာ ကိုယ်ကျိုးအတွက် အသုံးပြုနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲထားသည်။

By Admin 04 Dec 2023

“AA လုပ်ရပ်မှာ ရခိုင်ပြည်အတွက် ဟုတ်/မဟုတ်” ရခိုင်ပြည်သူများကို စစ်ကောင်စီ စဉ်းစားခိုင်း

DMG ၊ ဒီဇင်ဘာ ၄ 

ရက္ခိုင့်တပ်တော်(AA)၏လုပ်ရပ်များမှာ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေခြင်း “ဟုတ်/မဟုတ်” ဆိုသည်ကို ရခိုင်ပြည်သူများအနေဖြင့် အလေးအနက်စဉ်းစားကြရန် လိုအပ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

“ရခိုင်ပြည်အတွင်းက တချို့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ ရှိတယ်။ ရဲစခန်းတွေကို ဝင်ရောက်သိမ်းပိုက်ခဲ့တာရှိတယ်။ မြို့ရွာတွေကို အကြောင်းမဲ့ပစ်ခတ်ပြီး စစ်ဆင်ရေးလုပ်ခဲ့တာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ အရင်ကတည်းက ကောင်းကျိုးမပေးတဲ့ AA အဖွဲ့ဟာ ၎င်းအဖွဲ့နဲ့ပတ်သက်ပြီးတော့ သူတို့ပြောနေသလို ရခိုင်ပြည်သူလူထုအတွက်၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးအတွက် ဆိုတာသည် ဟုတ်ပါ့မလားဆိုတာကို သေချာလေးနက်စွာ စဉ်းစားကြဖို့လိုတယ်လို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်” ဟု ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့က MRTV သတင်း၌ ပြောဆိုခဲ့သည်။ 

နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ခဲ့သည့် ရခိုင်စစ်ပွဲအတွင်း စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာပိုင် ယာဉ်စုစုပေါင်း ၉ စီးအား AA က ခြိမ်းခြောက်ယူဆောင်ကာ ကိုယ်ကျိုးအတွက် အသုံးပြုနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲထားသည်။ ဌာနဆိုင်ရာရုံးပိုင်ယာဉ်များအား AA က ယူဆောင်ပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေသည်မှာ ရခိုင်ပြည်သူလူထုကို တိုက်ရိုက်ထိပါးစော်ကားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီပိုင်ယာဉ် ၉ စီးအား AA က ယူဆောင်သွားသည်ဟု စစ်ကောင်စီစွပ်စွဲချက်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲ ဖြစ်သည်။

DMG စုံစမ်းချက်အရ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စစ်ကောင်စီပိုင်ယာဉ်တချို့အား AA က ယူဆောင်သွားခြင်း ရှိကြောင်း သိရသည်။ အဆိုပါယာဉ်များကို စစ်ကောင်စီက စစ်ရေးအရအသုံးချနေခြင်းကြောင့် AA က ယူဆောင်သွားခြင်းဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

ရခိုင်ပြည်သူလူထု၏ ထောက်ခံမှုကို အပြည့်အဝရရှိထားသည့်  ရက္ခိုင့်တပ်တော်(AA) အနေဖြင့် ရခိုင်ပြည်သူများ၏ အခွန်ငွေများဖြင့် ဝယ်ယူထားသည့် စစ်ကောင်စီဌာနဆိုင်ရာပိုင် ယာဉ်များအား ယူသုံးလိုက သုံးစွဲပိုင်ခွင့်ရှိပြီး၊ အပြစ် လုံးဝမမြင်ကြောင်း မြောက်ဦးမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

“ရခိုင်ပြည်မှာ AA က ပြည်သူ့အစိုးရ ဖွဲ့ထားတာလေ။ ဒီပစ္စည်းတွေကို ရခိုင်ပြည်သူတွေအတွက် လိုအပ်တဲ့နေရာမှာ သုံးစွဲဖို့ယူတာ ဖြစ်ကောင်းဖြစ်မှာပဲ။ ဒါကို သူရဲ့ဆန့်ကျင်ဘက်အဖွဲ့က မနှစ်သက်တာကတော့ သဘာဝပဲ” ဟု မြောက်ဦးမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)ကို ရခိုင်အမျိုးသားများ လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်ရရှိရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစပြီး မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ 

“ရခိုင်မှာ AA ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ၂၀၁၉ ခုနှစ်ကတည်းကလည်း ပြသခဲ့ပြီးပြီ။ တပ်အင်အားကလည်း အဲဒီတုန်းကထက် နှစ်ဆတိုးပွားလာတယ်။ ဒါကြောင့် ရခိုင်တွေအတွက် AA အနေနဲ့ စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်” ဟု နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

လက်ရှိတွင် ULA/AA သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အစောပိုင်းမှစတင်ပြီး ရခိုင်ပြည်အတွင်း တရားရုံးများဖွင့်လှစ်ကာ အုပ်ချုပ်ရေးယန္တရားများအား လုပ်ဆောင်လျက်ရှိသည်။ 

လက်ရှိတွင် AA ပါဝင်သည့် ညီနောင်သုံးဖွဲ့၊ မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီသည် နယ်စပ်မြို့များအား တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးနေရသည်။ 

#D004 #DMG 

ဗီဒီယိုများ