WFP ထောက်ပံ့မှုများကို မူလအတိုင်း ပြန်ထောက်ပံ့ပေးရန် မွတ်ဆလင်ဒုက္ခသည်များ လိုလားနေ

ရခိုင်ပြည်အတွင်းရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ စားနပ်ရိက္ခာထောက်ပံ့ပေးမှုများကို မူလပုံစံအတိုင်း ပြန်လည်ထောက်ပံ့ပေးရန် ဒုက္ခသည်များက လိုလားနေကြသည်။

By Admin 25 Apr 2023

WFP ထောက်ပံ့မှုများကို မူလအတိုင်း ပြန်ထောက်ပံ့ပေးရန် မွတ်ဆလင်ဒုက္ခသည်များ လိုလားနေ

DMG ၊ ဧပြီ ၂၅

ရခိုင်ပြည်အတွင်းရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ စားနပ်ရိက္ခာထောက်ပံ့ပေးမှုများကို မူလပုံစံအတိုင်း ပြန်လည်ထောက်ပံ့ပေးရန် ဒုက္ခသည်များက လိုလားနေကြသည်။

ယခင်က တစ်လလျှင် လူတစ်ဦးကို ဆန်တစ်တောင်း၊ စားသုံးဆီ ၁ လီတာ၊ ပဲ ၁ ပိဿာနှင့် ဆား ၈ ဂရမ် ထောက်ပံ့ပေးရာမှ လက်ရှိမှာ အဆိုပါစားနပ်ရိက္ခာအစား တစ်လလျှင် လူတစ်ဦးကို ငွေကျပ် ၂၁,၀၀၀ နှုန်းဖြင့် ပြောင်းလဲထောက်ပံ့ပေးလျက်ရှိကြောင်း မွတ်ဆလင်ဒုက္ခသည်များထံမှ သိရသည်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် WFP မှထောက်ပံ့သည့်ငွေကြေးနှင့် လုံလောက်မှုမရှိသဖြင့် အခက်အခဲများရှိနေကြောင်း မွတ်ဆလင်ဒုက္ခသည်များက ပြောဆိုကြသည်။

“ပိုက်ဆံဆိုရင် လက်ထဲရောက်တာနဲ့ ဟိုဝယ်ဒီဝယ် အသုံးမခံဘဲ မြန်မြန်ကုန်သွားတယ်။ အခု ဆန်တွေကလည်း ဈေးတက်နေတော့ ကျနော်တို့မှာ မလောက်ငှဘူး။ WFP က အရင် ဆန်ထောက်ပံ့တုန်းကဆိုရင် စားဝတ်နေရေး ဖြေရှင်းလို့ရသေးတယ်။ ဒါကြောင့် ကျနော်တို့ကို အရင်အတိုင်းပဲ ထောက်ပံ့ပေးဖို့ တောင်းဆိုချင်တယ်” ဟု မြေပုံမြို့နယ်၊ တောင်ပေါ်ကမ်း မွတ်ဆလင်ဒုက္ခသည်စခန်း တာဝန်ခံ ဦးမောင်တင်အေးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ့စီးပွားရေးကျဆင်းလာမှုနှင့်အတူ ပြည်တွင်းကုန်ဈေးနှုန်းများ မြင့်တက်နေပြီး ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများမှာလည်း အဆမတန် ဈေးမြင့်တက်လျက်ရှိနေသည်။

ကုန်ဈေးနှုန်း မြင့်မားမှုဒဏ်ကို သာမန်ပြည်သူများတောင် အလူးအလဲရင်ဆိုင်နေကြရချိန်တွင် ဒုက္ခသည်များဆိုလျှင် ပိုမိုအခက်ကြုံတွေ့ရကြောင်း စစ်တွေမြို့၊ ဒါးပိုင်မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသားတစ်ဦးက ပြောသည်။

“အခု ဆန်တစ်အိတ်ကို ၇၅,၀၀၀ ကျပ်အထိ ဖြစ်နေပြီ။ WFP က အရင်အတိုင်း ဆန်တွေ၊ ဆီတွေ ထောက်ပံ့ရင် ကျနော်တို့အတွက် သိပ်ကောင်းမယ်။ ဖြစ်နိုင်ရင် အရင်အတိုင်းပဲ ဆန်ရိက္ခာထောက်ပံ့တာကို လိုချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ငွေကြေးအစား ယခင်ကကဲ့သို့ စားနပ်ရိက္ခာ ထောက်ပံ့ပေးရန်အတွက် WFP ထံ တင်ပြတောင်းဆိုခဲ့သော်လည်း အခက်အခဲတချို့ကြောင့် ငွေကြေးထောက်ပံ့ပေးနေခြင်းဟု WFP က ပြန်လည်ပြောကြားကြောင်း မွတ်ဆလင်ဒုက္ခသည်များထံမှ သိရသည်။

မွတ်ဆလင်ဒုက္ခသည်များမှာ လက်ရှိထောက်ပံ့ငွေနှင့် လုံလောက်မှုမရှိသဖြင့် စခန်းအပြင်ထွက်ကာ အလုပ်လုပ်ကိုင်သူများရှိနေကြောင်း စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှ ဦးကျော်မြင့်က ပြောသည်။

“တချို့မိသားစုတွေဆိုရင် အိမ်မှာ ယောင်္ကျားသားလည်း မရှိတဲ့အတွက် အခက်အခဲ သိပ်ကြုံရတယ်။ ပိုက်ဆံ ၂၁,၀၀၀ ကျပ်က ဟိုအချိန်ကာလက ပေါက်ဈေးအတိုင်းပေးတာလေ။ အခုဆိုရင် ကုန်ဈေးနှုန်းတက်တော့ လုံးဝ မလောက်ငှဘူး။ အရင် ဆီတစ်ပုလင်းကို နှစ်ထောင်ကျော်ပဲရှိတယ်။ အခု ငါးထောင်ကျော်ဖြစ်သွားတော့ ဘယ်လိုလောက်ငှတော့မလဲ။ အပြင်ကို အလုပ်သွားလုပ်ရင်လည်း ပိုက်ဆံကသိပ်မရဘူး” ဟု သူကပြောသည်။

မွတ်ဆလင်ဒုက္ခသည်များအား စားနပ်ရိက္ခာထောက်ပံ့မှုကို မူလအတိုင်းပြန်လည်ထောက်ပံ့ရန် အစီအစဉ် ရှိ/ မရှိကို သိရှိနိုင်ရန်အတွက် WFP ထံ DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စစ်တွေ၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ စသည့်မြို့နယ်များမှ မွတ်ဆလင်များမှာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိသွားကြရသည်။

မွတ်ဆလင်ဒုက္ခသည်များအပါအဝင် ရခိုင်ပြည်အတွင်းက မွတ်ဆလင်များကို တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နယ်နှင့် တစ်မြို့နယ် ခရီးသွားလာခွင့်ကို အာဏာပိုင်များက တင်းကျပ်ထားမှုကြောင့် ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းကအစ ဆုံးရှုံးနေရသည်ဟု မွတ်ဆလင်များက ပြောဆိုကြသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် တိုက်ပွဲရပ်တန့်ချိန်မှစ၍ ရက္ခိုင့်တပ်တော်(ULA/AA) က ရခိုင်နှင့်မွတ်ဆလင် အသိုင်းအဝိုင်းကြား ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်နေမှုများကို တွေ့လာရသည်။

လက်ရှိဆိုလျှင် စစ်တွေ၊ မင်းပြား၊ ပေါက်တော စသည့်မြို့နယ်များတွင် မွတ်ဆလင်များမှာ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး ကျေးလက်ဒေသတို့တွင်လည်း တစ်ရွာနှင့်တစ်ရွာ သွားလာလုပ်ကိုင်မှုများကို မြင်တွေ့လာရသည်။

#I001

ဗီဒီယိုများ