ရန်ကုန်တွင် နေအိမ်ဖယ်ရှားခံလိုက်ရသည့် ရခိုင် ၃၀၀၀ ကျော် နေထိုင်ရေး အခက်အခဲဖြစ်

ရန်ကုန်မြို့ ကာကွယ်ရေးဝန်းဌာနပိုင်မြေ ပျဉ်းမပင် စက်မှုဇုန်မြေတွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည်ဟု ဆိုကာ နေအိမ်ဖယ်ရှား ခံလိုက်ရသည့် ရခိုင်တိုင်းရင်းသား လူဦးရေ ၃၀၀၀ ကျော်မှာ လက်ရှိတွင် နေထိုင်စားသောက်ရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ကာယကံရှင်များထံမှ သိရသည်။

By Admin 27 Dec 2022

ရန်ကုန်တွင် နေအိမ်ဖယ်ရှားခံလိုက်ရသည့် ရခိုင် ၃၀၀၀ ကျော် နေထိုင်ရေး အခက်အခဲဖြစ်

ဖြိုဖျက်ခံလိုက်ရသည့် နေအိမ်များ အားတွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG | ဒီဇင်ဘာ ၂၇

ရန်ကုန်မြို့ ကာကွယ်ရေးဝန်းဌာနပိုင်မြေ ပျဉ်းမပင် စက်မှုဇုန်မြေတွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည်ဟု ဆိုကာ နေအိမ်ဖယ်ရှား ခံလိုက်ရသည့် ရခိုင်တိုင်းရင်းသား လူဦးရေ ၃၀၀၀ ကျော်မှာ လက်ရှိတွင် နေထိုင်စားသောက်ရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ကာယကံရှင်များထံမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ဗျဉ်းမပင်အုပ်စု စံသမာဓိ ရပ်ကွက်မှ အိမ်ထောင်စု ၁၄၂၂ စုနှင့် လူဦးရေ ၅၆၈၈ ဦးတို့ကို ကျူးကျော် မြေတွင်နေထိုင်သည်ဟုဆိုကာ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလုပ်သမားအင်အား ၂၀၀ ကျော်က ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့တွင် စတင်ဖယ်ရှား ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ နေအိမ်ဖယ်ရှားခံလိုက်သည့်အထဲတွင် အဆိုပါ ရပ်ကွက်တွင် နေထိုင်သော ရခိုင်တိုင်းရင်းသား နေအိမ် ၇၀ ရာခိုင်နှုန်းခန့် ပါဝင်သွားကြောင်း သိရသည်။

လက်ရှိ နေအိမ်ဖယ်ရှားခံရသူများမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ လမ်းဘေး နေရာများတွင် ယာယီ တဲထိုးကာနေထိုင်နေကြရပြီး တချို့မှာလည်း ရန်ကုန်မြို့အတွင်းမှ ထောက်ကြန့်၊ မြောက်ဒဂုံ နှင့် သင်္ကန်းကျွန်း စသည့်မြို့နယ်များတွင် အိမ်ခန်းငှား နေထိုင်ကြကြောင်း ကာယကံရှင်များက ဆိုသည်။

“ ဖြိုဖျက်ခံ လိုက်ရတော့ ဘာမှ မတတ်နိုင်ဘူး။ ဒုက္ခ အဖုံဖုံ ရောက်သွားကြရတယ်။ ပိုက်ဆံမရှိတဲ့ သူတွေမှာ ပိုပြီးတော့ ခက်ခဲတယ်။ တချို့ဆို တောင်းစားရမယ့် အနေထားတောင် ရှိတယ်။ ကျနော်တို့မှာ ဆိုရင်လည်း ရွာပြန်ဖို့ကလည်း ရွာမှာ အိမ်မရှိတော့ဘူး။ ဒီမှာလည်း နေစရာ မရှိတော့ဘူး ” ဟု နေအိမ် ဖယ်ရှားခံ လိုက်ရ သူ ဦးအောင်ကျော်မြက ပြောသည်။

နေအိမ်ဖယ်ရှားခံလိုက်ရမှု တစ်လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမှုများမရှိသေးကြောင်း ဦးအောင်ကျော်မြက ဆက်၍ပြောသည်။

ယခု နေအိမ်ဖယ်ရှားသည့် ရပ်ကွက်တွင် ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့စသည့် မြို့နယ်များမှ ရခိုင်တိုင်းရင်းသားများ ဖြစ်ကြပြီး ရန်ကုန်မြို့တွင် ကြုံရာ လုပ်ကိုင်စားသောက်ရန်အတွက် လာရောက် အခြေချသူများ ဖြစ်ကြသည်။

လက်ရှိတွင် အိမ်ပိုင်ဘဝမှ အိမ်ရာမဲ့ အခြေအနေသို့ ရောက်ရှိသွားသည့်အတွက် မိသားစုစားဝတ်နေရေးနှင့် ဘဝရပ် တည်ရေးမှာ အခက်အခဲများစွာရှိနေကြောင်း နောက်ထပ် နေအိမ်ဖယ်ရှားခံရသူ တစ်ဦး ဖြစ်သည့် ဒေါ်စန္ဒာအေးက ပြောသည်။

“အိမ်တစ်လုံး ဆောက်ဖို့အတွက် ကျမခင်ပွန်းက နိုင်ငံခြားမှာ ၅ နှစ်လောက် အလုပ်လုပ်ခဲ့ရတယ်။ ရတဲ့ငွေကို စုဆောင်းလို့ တစ်ထပ်တိုက်အိမ်လေးတစ်လုံး ဆောက်လုပ်ထားပြီး ၂ နှစ်လောက်ပဲ နေလိုက်ရတယ်။ ဒီလို ကုန်စျေးနှုန်းတွေ အလွန်တရာ မြင့်တက်နေတဲ့ အနေထားမှာ နောက်ထပ် အိမ်တစ်လုံးဆောက်နိုင်ဖို့ဆိုတာ မလွယ်တော့ဘူး ” ဟု ဒေါ်စန္ဒာအေးက ပြောသည်။

ထိုသို့ ဖြိုဖျက်ခံလိုက်ရသည့်နေအိမ်များထဲတွင် ဝါးထရံကာ၊ ဝါးခင်းသည့် နေအိမ်၊ အုတ်ဖြင့်ခိုင်မာစွာ ဆောက်လုပ်ထားသည့် နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် မယ်သီလရှင်ကျောင်းသင်္ခန်းများပါ ဝင်ကြောင်းသိရသည်။

လက်ရှိ စစ်ကောင်စီက ဖယ်ရှားခဲ့သော ရပ်ကွက်အတွင်း နေထိုင်သူများမှာ ကျူးကျော်နေထိုင်ခြင်း မဟုတ်ဘဲ စာချုပ်စာတမ်းများနှင့် အိမ်ခြံမြေအမည်ပေါက် ဝယ်ယူကာ နေထိုင်နေကြခြင်းသာ ဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။

နေအိမ်ဖယ်ရှားမည်ကို တစ်ပတ်ခန့်အကြာမှ သိရှိခွင့်ရရှိ၍ တစ်စုံတရာပြင်ဆင်ခွင့်မရလိုက်သည့်အတွက် ပိုပြီး အခက်အခဲဖြစ်သွားရသည်ဟု ကိုသန့်ဇင်ဦးက ပြောသည်။

“ ကျနော်တို့မှာ ပြင်ဆင်ချိန် ဘာမှ မရလိုက်ဘူး။ ပြင်ဆင်ချိန် ရလိုက်ရင်တော့ တမျိုးပေါ့နော်။ အခုက တစ်ပတ် အတွင်း အသိပေးတယ်။ ပြီးရင် ဖြိုဖျက်တယ်။ အသနားခံစာ တင်တာတောင်ဘာမှ မထူးခြားခဲ့ဘူး။ သူတို့ (စစ်ကောင်စီ)လုပ်ချင်သလို လုပ်ကြတာပါ။ ကုန်စျေးနှုန်းတွေ တက်ပြီး ဒီလောက် ဒုက္ခရောက်နေကြတာ အခုလို လုပ်လိုက်တော့ ဘဝပျက်ကြတာပေါ့ ” ဟု ကိုသန့်ဇင်က ပြောသည်။

လက်ရှိ နေအိမ်ဖယ်ရှားခံရသည် ရခိုင်တိုင်းရင်းသားများမှာ ကျောင်းနေအရွယ် ကလေးငယ်များရှိပြီး ကျောင်းပြောင်းပြီး ပညာဆက်လက်သင်ကြားရန် အခက်အခဲများရှိနေကြ ကြောင်း သိရသည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်သန်းတင်အေးက“ ဒီမှာ ကျောင်းနေအရွယ် ကလေးတွေ အများကြီးရှိတယ်။ ကျောင်းပြောင်းဖို့လည်း အဆင်မပြေတော့ဘူး။ တချို့ဆိုရင် သင်္ကန်းကျွန်းကို ရောက်သွားသူတွေဆို ဟိုးအဝေး ကြီးက နေပြီးတော့ ဒီကို ကျောင်းလာတက် နေရတယ်။ မရှိတဲ့ကြားထဲက ပိုက်ဆံတွေ အများကြီး ကုန်ကျ သွားတာပေါ့ ” ဟု ပြောသည်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု ကာကွယ်ရေးဝန်းဌာနပိုင်မြေ ပျဉ်းမပင် စက်မှုဇုန်မြေ ဧရိယာ ၅၆၀ ဒသမ ၀၆ ဧပခန့်ရှိ မြေပေါ်တွင် ခွင့်ပြုချက်မဲ့ဆောက်လုပ်နေထိုင်လျက်ရှိသော ကျူးကျော်အဆောက်အဦများကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် နောက်ဆုံးထားပြီး ဖျက်သိမ်းဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက အသိပေးခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ