နေအိမ်ဖယ်ရှားရန် အမိန့်ထုတ်သော်လည်း အိမ်ဖြိုဖျက်ခံမည်မဟုတ်ဟု အမ်းဒေသခံများဆို

အမ်းမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက်ရှိ နေအိမ် ၁၁ အိမ်ကို ဆက်သွယ်ရေးရုံးဟောင်းမြေနေရာတွင် ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားရန် အမိန့်ထုတ်ထားသော်လည်း ဖြိုဖျက်ခံမည်မဟုတ်ဟု ဖြိုဖျက်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရသူများက ပြောသည်။

14 Jun 2022

ဖြိုဖျက်ခံရမည့်အထဲတွင်ပါဝင်သည့် နေအိမ်အားတွေ့ရစဉ်။ (ဓာတ်ပုံ - ကိုမျိုးလွင်)

DMG ၊ ဇွန် ၁၄

အမ်းမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက်ရှိ နေအိမ် ၁၁ အိမ်ကို ဆက်သွယ်ရေးရုံးဟောင်းမြေနေရာတွင် ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားရန် အမိန့်ထုတ်ထားသော်လည်း ဖြိုဖျက်ခံမည်မဟုတ်ဟု ဖြိုဖျက်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရသူများက ပြောသည်။

ယင်းအိမ်များကို ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထားကာ ဖြိုဖျက်ရန် ဇွန်လ ၆ ရက်နေ့က မြို့နယ် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ အော်တိုအိတ်ချိန်းဌာနမှ အမိန့်ထုတ်ပြန်ထားသည်။ အဆိုပါ နေရာတွင် မကြာမီ ခရိုင်ဆက် သွယ်ရေးရုံး ဖွင့်လှစ်မည်ဟု ယင်းဌာနက အကြောင်းပြထားသည်။

ယခုကဲ့သို့ နေအိမ်ဖြိုဖျက်မည်ကို လက်မခံခြင်းမှာ စစ်ကောင်စီ အမိန့်အာဏာကို ဖိဆန်ခြင်းမဟုတ်ဘဲ မိုးတွင်းရာသီဖြစ်နေသောကြောင့် နေအိမ်စရာအိမ်မရှိသည့်ဘဝကို ရောက်သွားမည်ကို စိတ်ပူသောကြောင့်ဟု နေအိမ်ဖြိုခံရမည့်သူ တစ်ဦးက ပြောသည်။

“အခုလို မဖြိုဖျက်မပေးနိုင်ဘူးလို့ ငြင်းတာက အစိုးရကို ဆန့်ကျင်တာမဟုတ်ဘူး။ အခုလို မိုးတွင်းရာသီမှာ ကျမတို့ ဖြိုဖျက်ပြီး ဘယ်မှာ သွားနေရမှာလဲ၊ နေစရာလဲ မရှိဘူး။ နေစရာတစ်ခုခုချပေးပြီး ဒီမှာနေပါ၊ ပြီးရင်ဖြိုဖျက်ပါ ဆိုတာက ပြသနာ မရှိဘူး။ အခုက ဖြိုလိုက်ရင် နေစရာ နေရာမရှိတဲ့အတွက် မဖြိုဖျက်ဘူး ဆိုပြီးအကုန်လုံးနေနေကြတယ်”ဟု ၎င်းက ဆိုသည်။

“ သူတို့ လာဖျက်ရင်လည်း ဖျက်ပေါ့။ အခုအချိန်ထိတို့ သူတို့ ဘာမှ လာလုပ်တာတော့ မရှိသေးဘူး”ဟု ဆက် ပြောသည်။

ယခု ဖယ်ရှားခိုင်းသော မြေနေရာကို ယခင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင်သည့်မြေနေရာဟု ဆိုကာ ယခင်အစိုးရလက်ထက်က အကြိမ်ကြိမ် ဖယ်ရှားခိုင်းခဲ့သည်။ သို့သော်လည်း အစားထိုးမြေနေရာရရှိမှသာလျှင် ဖယ်ရှားနိုင်မည်ဟု တုန့်ပြန်ခဲ့ဖူးသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“ဖယ်ရှားမယ် ဆိုရင် မြေနေရာ အစားထိုးလေး ပေးဖို့ကိုလည်း တောင်းဆိုထားခဲ့တယ်။ ဝန်ကြီးချုပ် ဦးညီပုက လည်း ပေးမယ် ဆိုပြီး ပြောထားခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေ ဖြစ်မလာဘဲ အခုမိုးရာသီအတွင်းကြီး  ဖြိုဖျက်ပေး ရမယ် ဆိုပြီးဖြစ်လာတာအဆင်မပြေဘူး။ မဖြိုဖျက်နိုင်ဘူး ကလေးတွေမှာလည်း ကျောင်းတက်နေတာတွေ ရှိသေးတယ်။ သူတို့ လာဖြိုရင် ဖြိုပေါ့”သူကပြောဆိုသည်။

လက်ရှိ နေထိုင်ကြသည့် ဒေသခံများမှာ လက်လုပ်လက်စားဒေသခံများဖြစ်ကြပြီး ယင်းမြေနေရာအတွင်း နေထိုင်လာသည်မှာ  ၁၆ နှစ်ထိကြာမြင့်နေပြီးဖြစ်ကြောင်း ဆိုကြသည်။

“အမ်းမြို့ တစ်မြို့လုံးမှာက အစိုးရ က လက်ညှိုးထိုး ဖြိုခိုင်းရင်ဖြိုလို့နေရတဲ့သဘောဖြစ်နေတယ်။ ကိုယ့်အိမ်မှာ ကိုယ် နေထိုင်ကြတယ်ဆိုပေမဲ့ လုံခြုံမှု မရှိသလိုဖြစ်နေတယ်။ ဒီလိုလုပ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်ရာ လည်း  ရောက်တယ်”ဟု အမ်းဒေသခံ ကိုမျိုးလွင်က  ပြောသည်။

ယခုနေအိမ်ဖြိုဖျက်မည့်ကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရွှေအေးကို ဆက်သွယ် ရာတွင် “ဒါက ဆက်သွယ်ရေး နဲ့ဆိုင်တယ်။ သူ့ဌာနက သူတို့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်တာ။  အဲဒါကြောင့် ကျနော်တို့ ဌာန အနေနဲ့ မသိဘူး”ဟု ဆိုသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်ကာ အမ်းမြို့နယ်အတွင်းတွင် ထွေအုပ်ရုံးဟောင်းမြေနေရာ၊ ဆေးရုံဟောင်း မြေနေရာ ၊ရဲစခန်းဟောင်းမြေနေရာ၊လေယာဉ်ကွင်းပိုင်မြေနေရာဟုဆိုကာ နေအိမ်၊ဈေးဆိုင်ခန်း စသည့်နေအိမ်ပေါင်း ၃၀၀ နီးပါး ဖယ်ရှားခံလိုက်ရသည်ဟု အမ်းဒေသခံများထံက သိရသည်။

ဗီဒီယိုများ