စစ်တွေဟိုတယ်အနီးက စားသောက်ဆိုင်များကို စစ်ကောင်စီက အင်အားသုံးဖြိုဖျက်

ယနေ့(အောက်တိုဘာ ၅) နံနက် ၄ နာရီအချိန်ကစပြီး ရဲတပ်ဖွဲ့နှင့် စည်ပင်ဌာနမှ အင်အား ၁၀၀ ကျော်ခန့်မှာ အဆိုပါနေရာသို့ ရောက်ရှိလာပြီး စက်ယန္တရားများဖြင့် ဖြိုဖျက်နေခြင်းဖြစ်သည်။

By Admin 05 Oct 2023

အနောက်စံပြ တပ်ဦးဘုန်းကြီးကျောင်းအနီး လုံခြုံရေးချထားသည့် ရဲတပ်ဖွဲ့ဝင်များကို ယနေ့ နံနက် ၉ နာရီခန့်က တွေ့ရစဥ်။
အနောက်စံပြ တပ်ဦးဘုန်းကြီးကျောင်းအနီး လုံခြုံရေးချထားသည့် ရဲတပ်ဖွဲ့ဝင်များကို ယနေ့ နံနက် ၉ နာရီခန့်က တွေ့ရစဥ်။

DMG ၊ အောက်တိုဘာ ၅

ရခိုင်ပြည်၊ စစ်တွေကမ်းခြေရှိ စစ်တွေဟိုတယ်အနီးက စားသောက်ဆိုင်များကို ခွင့်ပြုချက်မဲ့ တိုးချဲ့ထားသည်ဟုဆိုကာ ရဲတပ်ဖွဲ့နှင့် စည်ပင်တာဝန်ရှိသူတို့က အင်အားသုံး ဖြိုဖျက်နေသည်။

ယနေ့(အောက်တိုဘာ ၅) နံနက် ၄ နာရီအချိန်ကစပြီး ရဲတပ်ဖွဲ့နှင့် စည်ပင်ဌာနမှ အင်အား ၁၀၀ ကျော်ခန့်မှာ အဆိုပါနေရာသို့ ရောက်ရှိလာပြီး စက်ယန္တရားများဖြင့် ဖြိုဖျက်နေခြင်းဖြစ်သည်။

“ဒီနေ့ မနက် အစောကြီးကတည်းက သူတို့က ရောက်ချလာပြီး ဆိုင်ပိုင်ရှင်တွေရဲ့ ဖုန်းတွေကို သိမ်းသွားတာ။ တချို့ အိမ်မှာအိပ်နေတဲ့ ဆိုင်ပိုင်ရှင်တွေဆိုရင် ကိုယ့်ဆိုင်ခန်းကိုတောင် ကိုယ်ဝင်လို့ မရတော့ဘဲ သူတို့စိတ်ကြိုက် အကုန်ဖြိုနေကြတာ” ဟု ဖြိုဖျက်ခံနေရသည့် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

စားသောက်ဆိုင် (၁၆)ဆိုင်မှာ ခွင့်ပြုချက်မရှိဘဲ အခိုင်အမာ တိုးချဲ့ဆောက်လုပ်ထားသည်ဟုဆိုကာ ဩဂုတ်လ ၂၆ ရက်နေ့ထိ ဖယ်ရှားပေးခြင်းမပြုပါက လာရောက်ဖြိုဖျက်ကာ အရေးယူသွားမည်ဟု မြို့နယ်စည်ပင်က အကြောင်းကြားထားသည်။

ထို့ကြောင့် ဆိုင်ခန်းပိုင်ရှင်များသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့က ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ် ထင်လတ်ဦးထံ လိပ်မူ၍ အသနားခံစာ တင်ခဲ့ကြသည်။

ထို့နောက် စက်တင်ဘာ ၂၁ ရက်နေ့တွင် ဌာနဆိုင်ရာ အကြီးအကဲများက ဆိုင်ပိုင်ရှင်များကို ပြည်နယ်စည်ပင်ရုံးကို ခေါ်ယူ၍ လမ်းဧရိယာ မလွတ်ကင်းသည့် ဆိုင်ခန်းအစိတ်အပိုင်းတချို့ကိုသာ ဖြိုဖျက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။

“အသနားခံစာတင်ပြီးတော့ သူတို့ပြောတာက လမ်းချဲ့ဖို့ လိုအပ်သလောက်ပဲ ဖြိုဖျက်သွားမယ်ဆိုပြီး ပြောတာ။ ကျမတို့က ဆိုင်ပိုင်ရှင်တွေကလည်း အဲလောက်လေးပဲဆိုရင်တော့ အဆင်ပြေပါတယ်ဆိုပြီး စိတ်အေးလက်အေးနေကြတာ။ အခုကျတော့ ဝုန်းခနဲရောက်ချလာပြီး အကုန်ကို ဖျက်ဆီးနေတာ” ဟု ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဆိုင်ခန်းဖြိုဖျက်ခံနေရသည့်နေရာကို DMG သွားရောက် စုံစမ်းခဲ့ရာတွင် အနောက်စံပြ တပ်ဦးဘုန်ကြီးကျောင်းအနီးမှ စစ်တွေဟိုတယ်အထိ ရဲဝန်ထမ်း အင်အား ၅၀ ခန့်၊ စစ်တွေဟိုတယ်အရှေ့ ကမ်းနားလမ်း အဆုံးတွင် အင်အား ၃၀ ခန့်နှင့် ဟုန်လီ စားသောက်ဆိုင်ဘက်တွင် အင်အား ၃၀ ခန့်က လုံခြုံရေးယူထားကြသည်ကို တွေ့ရသည်။

အဆိုပါဆိုင်ခန်းများမှာ ကျူးကျော်ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် (ဟောင်း) ဦးမောင်မောင်အုန်း ကိုယ်တိုင် ကမ်းခြေစည်ကားရေးအတွက် တရားဝင် နေရာချပေးခဲ့ခြင်းဟု ဆိုင်ပိုင်ရှင်များက ပြောကြသည်။

#I008 

ဗီဒီယိုများ