စစ်တွေဟိုတယ် အနောက်ဘက်မြေနေရာတွင် အကွက်ရိုက်ကျူးကျော်ထားသည်များကို စည်ပင်မှဖယ်ရှား

စစ်တွေမြို့၊ အနောက်စံပြရပ်ကွက် စစ်တွေဟိုတယ်အနောက်ဘက်ရှိ မြေနေရာတွင် ပလက်စတိတ်ကြိုးများဖြင့် အကွက်ရိုက်ကျူးကျော်ထားသည့် ရာနှင့်ချီသောကျူးကျော်အကွက်များကို စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူတို့က ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

28 Apr 2022

DMG ၊ ဧပြီ ၂၈

စစ်တွေမြို့၊ အနောက်စံပြရပ်ကွက် စစ်တွေဟိုတယ်အနောက်ဘက်ရှိ မြေနေရာတွင် ပလက်စတိတ်ကြိုးများဖြင့် အကွက်ရိုက်ကျူးကျော်ထားသည့် ရာနှင့်ချီသောကျူးကျော်အကွက်များကို စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူတို့က ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါမြေနေရာတွင် ဧပြီလ ၂၆ ရက်နေ့ညပိုင်းမှစတင်ကာ လာရောက်အကွက်ရိုက်ခဲ့ခြင်းဟုသိရပြီး ဧပြီလ ၂၇ ရက်နေ့တွင် စစ်တွေမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အကွက်ရိုက် ကျူးကျော်ထားသည်များကို သွားရောက်ရှင်းလင်းခဲ့သည်ဟု အမည်မဖော်လိုသည့် စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျွန်တော်တို့သွားတော့ သူတို့တွေထွက်ပြေးသွားတယ်။ တိုင်လေးတိုင်စိုက်ပြီး ကြိုးတွေနဲ့ အကွက်ရိုက်ထားတာ နှစ်ရာလောက်ရှိမယ်။ အကွက်ရိုက်တဲ့အထဲမှာ ရခိုင်ရော၊ မွတ်ဆလင်တွေရောပါတာကို တွေ့လိုက်ရတယ်။ အကွက်ရိုက်တာ ရေထဲတောင်အလွတ်မပေးဘူး”ဟု ၎င်းကရှင်းပြသည်။

ကမ်းခြေတွင်ဈေးရောင်းချနေသူများ၏ပြောကြားချက်အရ ထိုသို့လာရောက်အကွက်ရိုက်ခဲ့သူများမှာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်နေသူအချို့နှင့် မြိုတွင်းနေထိုင်သူအချို့ဖြစ်သည်ဟုသိရကြောင်းနှင့် မြေကျူးကျော်သူများကို အတိအကျမသိသဖြင့် အမှုဖွင့်တိုင်ကြားခြင်းမရှိခဲ့ကြောင်း အဆိုပါစည်ပင်ဝန်ထမ်းကဆိုသည်။

စစ်တွေမြို့ပေါ်တွင် ယခုကဲ့သို့ မြေကွက်များကိုကျူးကျော်လာခြင်းများမှာ တရားဥပဒေစိုးမိုးမှုအားနည်းချက်ကို ဖော်ပြနေပြီး ဌာနဆိုင်ရာများအနေဖြင့်လည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း စစ်တွေမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမောင်သာစိန်ကပြောသည်။

“နာဇီရွာမှာတုန်းက အဲဒီလိုပုံစံမျိုးနဲ့ ရလိုက်တာတွေရှိတော့ လူတွေက မြေအလွတ်တွေကိုမြင်ရင် ဒီမြေက ဘယ်လိုမြေဆိုတာကို မကြည့်တော့ပဲ အကွက်ရိုက်ကြဖို့လုပ်လာကြတယ်။ ဌာနဆိုင်ရာတွေကလည်း ဒီလိုကျူးကျော်တွေကိုကိုင်လိုက်ရင် သူတို့ဌာနနဲ့ ထိတွေ့မှုဖြစ်မှာကိုမလိုလားတဲ့အတွက် လက်ရှောင်ကြတာမျိုး တွေလည်းရှိတယ်။ ဒီတော့ လောဘသားတွေက မြေအလွတ်တွေ့တာနဲ့ အကွက်တွေရိုက်ကြတော့တာပါပဲ”ဟု ၎င်းကပြောဆိုသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်(နာဇီရွာ)တွင် ပြီးခဲ့သည့် ၂၀၁၂ ပဋိပက္ခကြောင့် နေအိမ်မီးလောင်သွားခဲ့သည့် မြေနေရာများတွင် ကျူးကျော်နေထိုင်သူ အများအပြားရှိကာ ထိုမြေကွက်များကိုပင် လက်ဆင့်ကမ်း ရောင်းချမှုများလည်းရှိသည်။

ပြီးခဲ့သည့်မေလအတွင်းက စစ်တွေမြို့တွင် မီးရထားလမ်းမြေနေရာနှင့် အာဂျိတ်တော်ကုန်းမြေနေရာမှ ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ပြီး ယင်းအထဲတွင် အကွက်ရိုက် ရောင်းချသည့်မြေနေရာများကို ဝယ်ယူနေထိုင်ကြသူများ၏ နေအိမ်များလည်းပါဝင်ခဲ့သည်။

ဗီဒီယိုများ