ရက်ပေါင်း ၂၀ အတွင်း ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာရန်ကြိုးပမ်းသည့် မွတ်ဆလင် ရာနှင့်ချီဖမ်းဆီးခံရ

မွတ်ဆလင်များကို သံတွဲ၊ ဂွ၊ အမ်း မြို့နယ်များတွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ပွဲစားအဖြစ် လိုက်ပါပို့ဆောင်ခဲ့သူ ၈ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရခိုင်နေ့စဉ်ဖော်ပြချက်အရ သိရသည်။ 

By Admin 18 Feb 2023

ဇန်နဝါရီ ၂၃ ရက်နေ့က အမ်းမြို့နယ်၊ ဆင်ခုန်တိုင်ကျေးရွာအနီးတွင် ဖမ်းဆီးခံလိုက်ရသည့် မွတ်ဆလင်များ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်
ဇန်နဝါရီ ၂၃ ရက်နေ့က အမ်းမြို့နယ်၊ ဆင်ခုန်တိုင်ကျေးရွာအနီးတွင် ဖမ်းဆီးခံလိုက်ရသည့် မွတ်ဆလင်များ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်

DMG ၊ ဖေဖော်ဝါရီ ၁၈

ရခိုင်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယနေ့ ဖေဖော်ဝါရီလ ၁၈ နေ့အတွင်း မွတ်ဆလင် ၁၀၃ ဦးကို တရားမဝင်နည်းလမ်းဖြင့် ပြည်ပထွက်ခွာရန် ကြိုးပမ်းသည်ဟုဆိုကာ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၆ နှစ်အောက် ကလေးငယ်များအပါအဝင် အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၁၀၃ ဦးရှိပြီး ၎င်းတို့မှာ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့နယ် တို့ကဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို ဖော်ပြပေးနေသော ရခိုင့်နေ့စဉ်မှ ထုတ်ပြန်ထားသည်။ 

မွတ်ဆလင်များကို သံတွဲ၊ ဂွ၊ အမ်း မြို့နယ်များတွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ပွဲစားအဖြစ် လိုက်ပါပို့ဆောင်ခဲ့သူ ၈ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရခိုင်နေ့စဉ်ဖော်ပြချက်အရ သိရသည်။ 

ရခိုင်ပြည်မှ မွတ်ဆလင်များမှာ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးကျပ်တည်းမှုတို့အပြင် မြန်မာပြည်အနှံ့ လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံရမှုတို့ကြောင့် ယခုကဲ့သို့ ပြည်ပနိုင်ငံများသို့ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း မွတ်ဆလင်များက ပြောဆိုကြသည်။ 

“ကျနော်တို့ကို ထားတဲ့နေရာမှာဆိုရင် အခန်း ၉ ပေ၊ ၁၀ ပေလောက်ပဲရှိတဲ့ အခန်းတစ်ခန်းထဲမှာကို  မိဘအပြင် သားလူပျို၊ သမီးအပျိုတွေနဲ့ ကျပ်တည်းစွာနေရတယ်။ အလုပ်အကိုင်မရှိဘူး၊ မလွတ်လပ်ဘူး၊ သူများတွေလှူတဲ့ ထမင်းတစ်လုပ်နဲ့ နေနေကြရတယ်” ဟု စစ်တွေမြို့နယ် ဓားပိုင်မွတ်ဆလင်ဒုက္ခသည်စန်းမှ စခန်းတာဝန်ခံ ဦးသဲမောင်က ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခနောက်ပိုင်းတွင် မွတ်ဆလင်များမှာ တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နယ်နှင့်တစ်မြို့နယ် ခရီးသွားလာမှုများကို အာဏာပိုင်များ၏ခွင့်ပြုချက်ဖြင့်သာ သွားလာနေရကြရသည်။

ထို့ကြောင့် မွတ်ဆလင်များမှာ ဆင်းရဲကျပ်တည်းသည့်ဒဏ်ကို မခံနိုင်တော့သဖြင့် အလုပ်အကိုင် ရှာဖွေရန်အတွက် ပြည်မနှင့် ပြည်ပနိုင်ငံများကို သွားရောက်သည့်အခါ မကြာခဏ ဖမ်းဆီးခံနေကြရသော်လည်း ရပ်တန့်သွားခြင်းမရှိဘဲ နည်းမျိုးစုံဖြင့် ထွက်ခွာနေကြဆဲဖြစ်သည်။

“တချို့မှာ တရားဝင် နိုင်ငံသားကတ်ရှိပါတယ်။ တချိုမှာတော့ သူတို့(အစိုးရ)ထုတ်ပေးထားတဲ့ သုံးခေါက်ချိုးကတ် (နိုင်ငံသားပြုခွင့်လက်မှတ်)လည်းရှိတယ်။ တချို့ မရှိတဲ့သူတွေလည်း ရှိကြမှာပေါ့။ ဒါပေမယ့် ရှိတဲ့လူတွေတောင်မှ ပိတ်ပင်ခံနေရတယ်။ ဟိုကို၊ ဒီကို သွားရေးလာရေး မလွယ်ကူပါဘူး” ကျောက်ဖြူမြို့မှ မွတ်ဆလင် ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်းက မွတ်ဆလင်များမှာ ပြည်ပနိုင်ငံများကို ရောက်ရှိရန်အတွက် တစ်ဦးကို ငွေကျပ် သိန်း ၈၀ မှ သိန်း ၁၀၀ ကြားထိ ပွဲစားများကို ပေးဆောင်ကြရပြီး ကုန်လမ်း၊ ရေလမ်းများမှတစ်ဆင့် သွားရောက်နေကြခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ထွက်ခွာကြသည့်အခါ အာဏာပိုင်များ၏ တင်းကြပ်စွာ စစ်ဆေးမေးမြန်းခြင်းနှင့် ဖမ်းဆီးခံရခြင်းများကို တွေ့ကြုံရပါက ပွဲစားများကို ပေးဆောင်ထားသည့် ငွေကြေးများကိုပါ ဆုံးရှုံးခံလိုက်ရပြီး လဝက ဥပဒေဖြင့်ပါ တရားစွဲဆိုမှုများ ခံနေကြရသည်။

#I008

ဗီဒီယိုများ