ဆုတောင်းနေရုံမှအပ အခြားမရှိဖြစ်နေတဲ့ တင်းမရွာသား ၁၈ ဦး ပျောက်ဆုံးမှု

“ကျွန်မတို့ကို အပြင်ထွက်ခိုင်းပြီး လမ်းဆုံမှာထိုင်ခိုင်းတယ်။ ကျွန်မက ဘာလုပ်ရမှန်းမသိတော့ အကူအညီ တောင်းမယ်ဆိုပြီး အိမ်ထဲလှည့်ဝင်တာမှာ သားလေးကို သူတို့(စစ်သား)တွေက ခေါ်ယူသွားတယ်”

By မင်းထွန်း 13 Sep 2021

DMG ၊ စက်တင်ဘာ ၁၃

(ဆောင်းပါး)

အသက် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသားလေး မောင်ထွန်းထွန်းဝေရဲ့ အိမ်ပြန်လာမဲ့အချိန်ကို မိခင် ဒေါ်အေးရီတစ်ယောက် စောင့်မျှော်နေခဲ့တာ အခုဆိုရင် တစ်နှစ်နဲ့ခုနှစ်လ ကြာမြင့်ခဲ့ပါပြီ။
အသက် ၄၀ ကျော်အရွယ် ဒေါ်အေးရီဟာ တစ်ဦးတည်းသောသားဖြစ်သူပြန်အလာကိုမျှော်နေခဲ့တာ အချိန်ရာသီတွေပြောင်းသွားခဲ့ပေမယ့် သားဖြစ်သူရဲ့ အရိပ်အယောင်လေးတောင်မတွေ့ရသေးပါဘူး။ ဒါပေမယ့် တစ်နေ့နေ့ကျရင်တော့ သားလေးပြန်ရောက်လာမယ်လို့ ဒေါ်အေးရီ မျှော်လင့်နေတုန်းပါ။

“သားလေး အသက်ရှိသေးတယ်လို့ထင်တယ်။ စိတ်မှာတော့ တစ်နေ့တစ်ရက်မှာ လွတ်လာမယ်လို့ မျှော်လင့်ထားတယ်”
၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့ဟာ တင်းမကျေးရွာသားတွေအတွက် သားနဲ့ အမေ၊ သားနဲ့ အဖေတို့ ကွေကွင်းရာ၊ မိသားစုတွေပြိုပျက်ခဲ့ရတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ တင်းမကျေးရွာရဲ့ ရွာဦးဘက်ကနေ သေနတ်သံတွေ ကြားလိုက်ရပြီးတော့ ဒေါ်အေးရီတို့နေအိမ်ကို စစ်သားသုံးဦးက ဝင်ရောက်လာပြီးတော့ နေအိမ်ပေါ်တက်ရှာကြတယ်လို့ ဆိုပါတယ်။

“စစ်သားတစ်ဦးက ကျွန်မတို့အိမ်လှေကားထစ်ကနေ အိမ်ပေါ်တက်တော့ ကျွန်မက အိမ်ပေါ်မှာတစ်ယောက်မှ မရှိဘူးလို့ပြောတယ်။ အဲဒီအချိန် ပြန်ဆင်းလာပြီး အိမ်အောက်ကိုကြည့်တာနဲ့ ကျွန်မသားလေးကို သေနတ်ထောက်ပြီး ခင်ဗျားထွက်ပြေးတာ မဟုတ်ဘူးလားဆိုပြီးစွပ်စွဲပါတယ်”

ဒီလိုစွပ်စွဲခံရပြီး သားဖြစ်သူ မောင်ထွန်းထွန်းဝေကို စစ်သားတွေဖမ်းဆီးသွားတဲ့နေ့ကစလို့ သေလား၊ ရှင်လား မသိရဘဲ သတင်းအစအနပျောက်ဆုံးနေတယ်လို့ မျက်လုံးအိမ်ကစီးကျလာတဲ့ မျက်ရည်စက်တွေကိုသုတ်ရင်း ဒေါ်အေးရီက ပြောပြပါတယ်။

မောင်ထွန်းထွန်းဝေဟာ ထွက်ပြေးသူမဟုတ်ဘဲ မိမိနေအိမ်မှာနေထိုင်သူဖြစ်တဲ့အကြောင်း၊ ရှစ်တန်းကျောင်း တက်နေသူသာဖြစ်တဲ့အကြောင်းတွေကို မိခင်ဖြစ်သူကရှင်းပြခဲ့ပေမယ့်လို့ စစ်သားတွေက လက်မခံခဲ့ကြပါဘူး။

“ကျွန်မတို့ကို အပြင်ထွက်ခိုင်းပြီး လမ်းဆုံမှာထိုင်ခိုင်းတယ်။ ကျွန်မက ဘာလုပ်ရမှန်းမသိတော့ အကူအညီ တောင်းမယ်ဆိုပြီး အိမ်ထဲလှည့်ဝင်တာမှာ သားလေးကို သူတို့(စစ်သား)တွေက ခေါ်ယူသွားတယ်”

ကျောက်တော်မြို့နယ်အတွင်းက တင်းမကြီးကျေးရွာနဲ့ တင်းမ(သစ်)ကျေးရွာတို့က ရွာသား ၁၈ ဦးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ စစ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ အဲဒီကျေးရွာသားတွေက အခိုင်အမာပြောကြပါတယ်။ အခုချိန်ထိလည်း ခိုင်မာနေတုန်းပါပဲ။

တင်းမကြီးကျေးရွာကဖမ်းဆီးခံရတဲ့အထဲမှာ မောင်ထွန်းထွန်းဝေအပါအဝင် ဦးထွန်းမောင်ဝင်း၊ ဦးအောင်ညွှန့်၊ ဦးကြည်လင်း၊ မောင်ဝင်းစိန်၊ မောင်ဝင်းကြီး၊ မောင်ဝင်းချေ၊ ဦးသန်းမောင်ထွန်း၊ ဦးယဉ်မောင်၊ ကိုနေလင်းဦးတို့ ပါဝင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

တင်းမ(သစ်)ကျေးရွာကဆိုရင် ဦးလှကျော်ကြီး၊ ဦးမောင်စိတ်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးမောင်မြအေး၊ ဦးစံသာမောင်နှင့် ဦးစောရွှေသန်းတို့ကို စစ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။

တင်းမကျေးရွာအနီးမှာရှိတဲ့ တောင်ရှည်တောင်ပေါ်မှာ တပ်စွဲနေထိုင်နေတဲ့ စစ်သားတွေက တင်းမရွာသား တွေကို မိသားစုဝင်တွေရှေ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ပြောဆိုကြပေမယ့် တပ်မတော်ဘက်ကတော့ ဒီဖြစ်စဉ်မရှိတဲ့အကြောင်း ငြင်းဆိုခဲ့ပါတယ်။

တပ်မတော်ကဖမ်းဆီးသွားတယ်ဆိုပြီးတော့ တဖက်သတ်စွပ်စွဲလို့မရကြောင်းနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံရှိရင် လွတ်လပ်စွာတိုင်ကြားနိုင်တယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူက ရခိုင်မှာ တိုက်ပွဲတွေစတင်ရပ်တန့်ချိန်မှာ ပြောဆိုခဲ့ပါတယ်။

တင်းမကျေးရွာသား ၁၈ ဦး ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ကိစ္စကို ဖြေရှင်းပေးဖို့အတွက် ၂၀၂၀ ခုနှစ် မတ်လအတွင်းက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူ့အခွင့်အရေးကော်မရှင်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးဌာနရုံးတို့အထိ မိသားစုဝင်တွေက တင်ပြတောင်းဆိုခဲ့ကြပါသေးတယ်။

ဒါပေမယ့် မိသားစုတွေရဲ့မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ တပ်မတော်စစ်ကြောင်းက တင်းမကျေးရွာသား တွေကို ဖမ်းဆီးသွားတာမရှိတဲ့အကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အကြောင်းပြန်ကြားလာတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က နိုဝင်ဘာလနောက်ဆုံးအပတ်မှာ အကြောင်းပြန်ခဲ့ပါတယ်။ ဒီအဖြေကို တင်းမကျေးရွာက ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေကတော့ လက်မခံကြပါဘူး။

တင်းမကျေးရွာသားတွေကို မိသားစုဝင်တွေရဲ့ရှေ့ကနေ တပ်မတော်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပေမယ့် တပ်မတော်ဘက်က အခုလိုငြင်းဆိုတာဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက စွပ်စွဲပြောဆိုပါတယ်။

“သူတို့(စစ်တပ်)က ဖမ်းသွားတာကို မဖမ်းဘူးလို့ငြင်းပယ်တာဟာ စစ်ရာဇာဝတ်မှုကျုးလွန်တာဖြစ်တယ်” လို့ ဦးမြတ်ထွန်းက ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့တင်းမကျေးရွာသား ၁၈ ဦးကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးကို အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ပေးကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူရက အဖွဲ့ဝင်နဲ့ တင်းမကျေးရွာက ရပ်မိရပ်ဖ ဦးထွန်းသိန်းတို့ပါဝင်ပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ ဖွဲ့စည်းခဲ့ပါသေးတယ်။

စုံစစ်စစ်ဆေးရေးအဖွဲ့ကနေ တင်းမကျေးရွာဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တစ်ယောက်ချင်းစီကိုခေါ်ယူပြီး ထွက်ဆိုချက်ရယူခဲ့တဲ့အခါမှာ မိသားစုဝင်အကုန်လုံးက တပ်မတော်၊ တပ်မ(၅၅)တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတဲ့အကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ကစစ်ဆေးခဲ့ပေမယ့် ပျောက်ဆုံးနေတဲ့ တင်းမကျေးရွာသား (၁၈)ဦးကိစ္စဟာ လက်ရှိအချိန်ထိ တစ်စုံတစ်ရာထူးခြားမလာသေးဘူးလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်ဖြစ်တဲ့ တင်းမကျေးရွာသား ဦးထွန်းသိန်းကပြောပါတယ်။

“အဲဒီ(တင်းမ)ကိစ္စက ဘာမှမထူးလာသေးဘူး။ မိသားစုဝင်တွေရဲ့ ထွက်ဆိုချက်တွေ၊ တိုင်ချက်တွေကိုယူပြီး သုံးသပ်ချက်တစ်ခုထုတ်ပြီးတော့ အားလုံးသဘောတူလက်မှတ်ထိုးခိုင်းတယ်။ အဲဒီထွက်ဆိုချက်တွေကို အထက်ကို ပို့လား၊မပို့လားဆိုတာတော့မသိဘူး” လို့ ဦးထွန်းသိန်းကပြောပါတယ်။

ပျောက်ဆုံးနေတဲ့တင်းမကျေးရွာသား (၁၈)ဦးအတွက် တရားမျှတမှုရရှိနိုင်ဖို့ မိသားစုဝင်တွေက နည်းလမ်းပေါင်းစုံနဲ့ကြိုးပမ်းခဲ့ပေမယ့် အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။ မိသားစုဝင်တွေရှာဖွေနေတဲ့ တရားမျှတမှုဟာလည်း လိုက်လေဝေးလေဖြစ်နေပါတော့တယ်။

“အခုက ဦးဆောင်ပြီးလုပ်မယ့်သူလည်းမရှိတော့ဘူး။ လုပ်ရင်လည်း ထိရောက်မှုမရှိဘူးဆိုတော့ လူတွေကလည်း အားတွေလျော့ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားကြတယ်။ ဟိုမှာသွားပြော၊ဒီမှာသွားပြောလည်း မထိရောက်ဘူး” တင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းကပြောပါတယ်။

တင်းမကျေးရွာအုပ်ချုပ်ရေးမှူးမှာလည်း မွေးရာပါစကားမပြောတက်တဲ့ အသက်(၂၅)နှစ်အရွယ် သားတစ်ယောက် ဖမ်းဆီးခံရတဲ့အထဲ ပါဝင်သွားခဲ့တာပါ။
တင်းမကျေးရွာသား(၁၈)ဦး ဖမ်းဆီးခံရတာကြောင့် သားသမီးတွေ၊ လင်ယောင်္ကျားတွေမရှိဘဲ မိသားစုဘဝတွေ တစစနဲ့ ပြိုယိုင်လဲလို့နေရပါပြီ။

“ကျမဟာ ပညာမတက်ပေမယ့် သားလေးကြီးလာရင် လူပုံအလယ်မှာ မျက်နှာမငယ်ရအောင်ဆိုပြီး အတက်နိုင်ဆုံး ပညာသင်ပေးမယ်လို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ကျမ အပင်ပန်းခံကြိုးစားပြီး သားလေးကို ပညာသင်ပေးနေတဲ့အချိန်မှာ ဘာတစ်ခုမှအပြစ်မရှိဘဲနဲ့ အဖမ်းခံလိုက်ရတယ်” လို့ မောင်ထွန်းထွန်းဝေရဲ့ အမေ ဒေါ်အေးရီကပြောပါတယ်။

မောင်ထွန်းထွန်းဝေအပါအဝင် တင်းမကျေးရွားသား(၁၈)ဦးကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကို မသိရသလို လက်ရှိအသက်ရှင်လျက်ရှိ/မရှိကိုလည်း မသိရတဲ့အတွက် မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေကြပါတယ်။

တင်းမကျေးရွာသား(၁၈)ဦးကိစ္စနဲ့ပတ်သက်လို့ လက်ရှိ ရခိုင်ပြည်နယ်ကောင်စီအနေနဲ့ ဘာတွေဆက်ပြီး လုပ်ဆောင်နေတာတွေရှိသလဲလို့မေးမြန်းရာမှာ ပြည်နယ်စစ်ကောင်စီသတင်းနှင့်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ အခုလိုဖြေကြားထားပါတယ်။
“အခု ကျနော်တို့တာဝန်ထမ်းနေတဲ့ကာလမှာ အဲဒီ(တင်းမ ၁၈ ဦး)အမှုကို မကြားမိသေးဘူး”လို့ ဦးလှသိန်းက ပြောပါတယ်။

ဖမ်းဆီးခံတင်းမကျေးရွာသား(၁၈)ဦးဟာ လက်ရှိအခြေအနေမှာ အသက်ရှင်လျက်ရှိ၊မရှိဆိုတာကို ပွင့်လင်းစွာနဲ့ မိသားစုဝင်တွေစိတ်ကျေနပ်မှုရရှိအောင် တရားဥပဒေအရဆောင်ရွက်ပေးဖို့ တင်းမကျေးရွာ ကျောင်းထိုင်ဆရာတော် အရှင်ဝါယမိန္ဒက မိန့်ကြားပါတယ်။

“ဒီကိစ္စကိုစေတနာထားပြီး လုပ်ပေးဖို့၊ ဆောင်ရွက်ပေးမယ်ဆိုရင် လွယ်လွယ်လေးဖြစ်တယ်။ မိသားစုတွေ ကလည်း အသက်ရှိသေးလား၊ မရှိတော့ဘူးလားဆိုတာကို ပွင့်ပွင့်လင်းလင်းသိချင်နေကြတယ်။ အသက် မရှိတော့ဘူးဆိုရင်လည်း စိတ်ကျေနပ်အောင် လူကြီးတွေက တရားဥပဒေအရဆောင်ရွက်ပေးလိုက်မယ်ဆိုရင် ဒီကိစ္စတွေဟာ အေးချမ်းသွားမယ်လို့မြင်တယ်”လို့ ဆရာတော်ကမိန့်ပါတယ်။

တစ်ဖက်မှာလည်း ၂၀၂၀ ခုနှစ် မတ်လအတွင်းက တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် တင်းမကျေးရွာသားတွေဟာ နေရပ်ကိုစွန့်ခွာကာ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ပြီး ကျေးရွာသားတွေမရှိတဲ့နောက်မှာ တင်းမကျေးရွာက နေအိမ်တွေ မီးရှို့ခံခဲ့ရပါသေးတယ်။

အိမ်ခြေ ၁၃၂ ဆောင်နဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တင်းမကျေးရွာကို သွားရောက် ကြည့်ရှုခဲ့သူတွေ ကောက်ယူခဲ့တဲ့စာရင်းအရသိရပါတယ်။ လက်ရှိမှာ တင်းမကျေးရွာသားတွေဟာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ အသီးသီးခိုလှုံနေကြပါတယ်။

မောင်ထွန်းထွန်းဝေရဲ့ အမေ ဒေါ်အေးရီကတော့ လင်ယောင်္ကျားနဲ့အတူ ကျောက်တော်မြို့ မီးရထားဘူတာ စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတာဖြစ်ပါတယ်။
ဒေါ်အေးရီတစ်ယောက် စစ်ဘေးရှောင်စခန်းမှာ အစားဆင်းရဲ၊ အနေဆင်းရဲမှုနဲ့အတူ ဘယ်အချိန်မှာ ပြန်ရောက်လာမယ်မှန်းမသိတဲ့ သားကို မျှော်နေရှာပါတယ်။

“ဘုရားမှာ နေ့တိုင်းဆုတောင်းပါတယ်။ အန္တရာယ်ကင်းလို့ အမှန်တရားကိုရပ်တည်ပြီး ကူညီမယ့်လူ ပေါ်ပေါက် နိုင်ပါစေလို့ ဘုရားမှာနေ့တိုင်းဆုတောင်းတယ်။ အန္တရာယ်က အမြန်ဆုံးလွတ်ပါစေလို့ အမြဲဆုတောင်းတယ်”လို့ ဒေါ်အေးရီကပြောပါတယ်။

မင်းထွန်းရေးသားသည်။

ဗီဒီယိုများ