၂၀၂၀ ကို လည်ပြန်ကြည့်ခြင်း (Review)

၂၀၂၀ နှစ်ဆန်းပိုင်းတွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားမှုမှာ ပိုမိုပြင်းထန်စွာဖြစ်ပွားခဲ့ကာ စစ်၏ နောက်ဆက်တွဲအဖြစ် လူ့အခွင့်အရေးချိုးဖောက်မှုများ တောက်လျှောက်ဖြစ်ပွားလာခဲ့သည်။ ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ရှုတ်ချခြင်း၊ တိုက်ပွဲများရပ်တန့်ရေးတို့နှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင်

02 Jan 2021

DMG သတင်းအဖွဲ့

ခုနှစ်တစ်ခုကုန်ဆုံးပြီး နောက်ထပ်ခုနှစ်သစ်တစ်ခုကို အစပြုရောက်ရှိလာပြီဖြစ်သည်။ ကုန်ဆုံးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း အထင်ရှားဆုံး တစ်ကမ္ဘာလုံးရင်ဆိုင်ရသည့် COVID-19 ရောဂါအန္တရာယ်ကြောင့် ကျန်းမာရေး သာမက ယင်း၏နောက်ဆက်တွဲ ကန့်သတ်ပိတ်ပင်မှုများကြောင့် စီးပွားရေး၊ လူမှုရေးတို့တွင်လည်း ထိခိုက်ခံစား ကြရသည်။

လက်နက်ကိုင်ပဋိပက္ခကြောင့် ဒုက္ခပင်လယ်ဝေနေကြသည့် စစ်ဘေးရှောင်အများအပြားရှိရာ ရခိုင်ပြည်သူများ အတွက်မူ ကိုဗစ်ရောဂါပိုးကြောင့်ကြုံတွေ့ရသည့် အခက်အခဲအကျပ်အတည်းများကို တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလို ရင်ဆိုင်နေကြရပါသည်။

အဆိုပါပြဿနာများ ဖြေရှင်းရာတွင်လည်း “နိုင်ငံရေးသည်သာ ပြည်တွင်းစစ်အတက်အကျ၏ ကျောရိုးမဏ္ဍိုင် ဖြစ်သည်။ စစ်ရေးမှာ အထောက်အကူပိုင်းမျှသာဖြစ်သည်”ဟု မှတ်ယူပြီး ယခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

ဖမ်းဆီးထောင်ချမှုများကြားက ကျောင်းသားလှုပ်ရှားမှု

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ လက်ရှိတွင် (၂)နှစ်အထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အရပ်သားသေဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၆၀၀ ကျော်အထိရှိခဲ့ပြီး အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်သွားကြသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံးသောင်းခြောက်ထောင်ကျော် အထိ ရှိခဲ့သည်။

၂၀၂၀ နှစ်ဆန်းပိုင်းတွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားမှုမှာ ပိုမိုပြင်းထန်စွာဖြစ်ပွားခဲ့ကာ စစ်၏ နောက်ဆက်တွဲအဖြစ် လူ့အခွင့်အရေးချိုးဖောက်မှုများ တောက်လျှောက်ဖြစ်ပွားလာခဲ့သည်။ ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ရှုတ်ချခြင်း၊ တိုက်ပွဲများရပ်တန့်ရေးတို့နှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင်

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။ ယင်းသို့ဆန္ဒဖော်ထုတ်သဖြင့် ကျောင်းသားသုံးဦး ဖမ်းဆီးခံခဲ့ရသည်။
ယင်းနောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် မန္တလေးမြို့၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ)မှဦးဆောင်ပြီး ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ ဆက်လက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရခိုင်အရေးဆန္ဒဖော်ထုတ်သည့် ကျောင်းသားများကိုဖမ်းဆီးကာ ငြိမ်းစုစီဥပဒေပုဒ်၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအပြင် နိုင်ငံတော်အကြည်အညိုပျက်စေမှု စသည့်ပုဒ်မတို့ဖြင့် တရားစွဲဆိုမှုများ ပြုလုပ် ခဲ့သည်။ အဆိုပါပုဒ်မတို့နှင့် ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်ခံထားရသည့် ကျောင်းသားများရှိသကဲ့သို့ ကျောင်းသားအချို့မှာလည်း လက်ရှိအချိန်ထိ ဆက်လက်အမှုရင်ဆိုင်နေကြရသည်။

မြို့နယ်ကိုးခုမှာ မဲပေးခွင့်ဆုံးရှုံးခဲ့သော ရွေးကောက်ပွဲ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပ ခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်(၉)ခုတို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမကျင်းပနိုင်ဟုဆိုကာ ရွေးကောက်ပွဲမကျင်းပဘဲ ချန်လှစ်ထား ခဲ့သည်။

ယင်းအပြင် စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄)အုပ်စု၊ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု (၄၉)စု၊ အမ်းမြို့နယ်မှ ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု (၂၅)စု၊ တောင်ကုတ်မြို့နယ်မှ ရပ်ကွက် (၁၀)ခု၊ ကျေးရွာအုပ်စု (၅၂)စုတို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၆ သိန်းကျော်ရှိသည့်အနက် ၁၂ သိန်းကျော် မဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့ရပြီး ၄ သိန်းကျော်သာ မဲပေးခွင့်ရရှိခဲ့ကြသည်။

ရွေးကောက်ပွဲကျင်းပပေးရန် တောင်းဆိုမှုများ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမကျင်းပရသေးသည့် မြို့နယ်များကို ယခုနှစ်ဒီဇင်ဘာလမကုန်မီ ရွေးကောက်ပွဲကျင်းပနိုင်ရန် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရနှင့် တပ်မတော် တို့ကို ရက္ခိုင်တပ်တော်(AA)မှ တိုက်တွန်းသည့်နေ့တွင်ပင် တပ်မတော်ဘက်ကလည်းကြိုဆိုကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

တပ်မတော်နှင့် AA တို့ကြား အပြန်အလှန်ယုံကြည်မှုတည်ဆောင်နိုင်ရေး ကြားဝင်ကူညီခဲ့သူမှာ ဂျပန်အထူး ကိုယ်စားလှယ် မစ္စတာယိုဟေးဆာဆာကာဝါဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက သတင်း မီဒီယာများကို ထုတ်ဖော်ပြောဆိုထားသည်။ အဆိုပါ ဂျပန်အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ရခိုင်မှ ရွေးကောက်ပွဲမကျင်းခဲ့ရသည့်မြို့နယ်များထဲမှ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်တို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သွားရောက်လေ့လာခဲ့သည်။

ထို့သို့လေ့လာရာတွင် ရခိုင်မှ ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲပြုလုပ်ရန် အဆင်ပြေသည့်အတွက် ကျင်းပနိုင်ကြောင်းနှင့် ဒေသခံများအနေဖြင့်လည်း ရွေးကောက်ပွဲကိုကျင်းပစေချင်ကြောင်းကို တွေ့ရှိခဲ့ကြောင်းပြောဆိုခဲ့သည်။ ထို့နောက် ဒီဇင်ဘာလ ၂ ရက် နေ့တွင် ရခိုင်၌ ရွေးကောက်ပွဲကျင်းပပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အား မေတ္တာရပ်ခံ တောင်းဆိုခဲ့မှုအပေါ်တွင် ရွေးကောက်ပွဲကော်မရှင်မှ အကြောင်းမပြန်ခဲ့သည့်အတွက် ကော်မရှင်၏ တုံ့ပြန် ဆွေးနွေးမှုများကိုအားမရကြောင်း ဂျပန်အစိုးရအထူးကိုယ်စားလှယ်က သတင်းမီဒီယာများထံ ထုတ်ဖော်ပြောဆို ခဲ့သည်။

ပျောက်ဆုံးနေသော အင်တာနက် လွတ်လပ်ခွင့်

တစ်နှစ်ကျော်ကြာ အင်တာနက်လိုင်းဖြတ်တောက်ခံခဲ့ရသည့် ရခိုင်မှ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သြဂုတ်လ ၁ ရက်နေ့တွင် 2G စနစ်ဖြင့်သာ ပြန်လည်ဖွင့်ပေးခဲ့သည်။

ရခိုင်ပြည်နယ်မှ မြို့နယ် (၇)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၁) ရက် နေ့မှစတင်ကာ အင်တာနက်ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။ မောင်တောမြို့နယ်အား ၂၀၂၀ ခုနှစ် မေလ (၂) ရက်နေ့တွင် အင်တာနက်လိုင်းပြန်ဖွင့်ပေးခဲ့သည်။

လက်ရှိဖွင့်ပေးထားသည့် 2G အင်တာနက်ဖြင့် အီးမဲလ်(Email)၊ သတင်းစာတို(SMS)နှင့် ဝတ်ဆိုက် (Webiste)များ သုံးစွဲမှုအခက်အခဲများနှင့် လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များအတွက် အင်တာနက်ဖြင့် ချိတ်ဆက်ဆောင်ရွတ်ရခြင်းမှာ နဂိုမှုလအင်တာနက်ဖြတ်တောက်ခဲ့သည့် အခြေအနေနှင့် ထူးမခြားနားကြောင်း ဒေသခံများက ပြောသည်။ ယင်းအပြင် COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များနှင့် လက်လှမ်း ဝေးနေခြင်း၊ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားခွင့်ဆုံးရှုံးခြင်း၊ အလုပ်အကိုင်ရှာဖွေခွင့်ဆုံးရှုံးခြင်း စသည့် ဆိုးဝါးသောအခြေအနေများကို ဒေသခံများ ခံစားနေကြရကြောင်း ဆိုကြသည်။

တစ်ကျော့ပြန် ကိုဗစ်လှိုင်း

COVID-19 (ကိုဗစ်)ရောဂါပိုးသည်လည်း ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်သူတို့၏ ကျန်းမာရေးသာမက၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့် ဘက်ပေါင်းစုံကို ထိုးနှက်တိုက်ခိုက်ခံရသည့် ဖြစ်ရပ်ဟု ပြောရမည် ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၁၆ ရက်နေ့မှစတင်ကာ ပြည်ပသို့ခရီးသွားရာဇဝင်မရှိ၊ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိသည့် ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးထံ၌ Covid-19 ရောဂါပိုးစတင်တွေ့ရှိခဲ့သည်။

ယင်းနောက် Covid-19 ဓါတ်ခွဲအတည်ပြုလူနာများ ဆက်တိုက်မြင့်တက်လာပြီး ပိုးတွေ့လူနာများထဲတွင်လည်း ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများလည်း ကူးစက်မှုရှိခဲ့သည်။ ယင်းနောက် အစိုးရအနေဖြင့် ပိုးတွေ့ လူနာများနေထိုင်သည့် ရပ်ကွက်မှလမ်းများအား အသွားအလာကန့်သတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး Stay at home နေထိုင်ရန်လည်း ညွှန်ကြားခဲ့သည်။

သြဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ လေကြောင်းလိုင်းများအား ယာယီပိတ်ပင်လိုက်ပြီး စက်တင်ဘာလ အတွင်းတွင် လေကြောင်းလိုင်းများနှင့် ကားလမ်းများကို လုံးဝရပ်တန့်လိုက်သည်။ ယင်းအပြင် သြဂုတ်လ ၂၁ ရက်နေ့က စစ်တွေမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်တစ်ခုလုံးက ပြည်သူများအနေဖြင့် Stay at home နေရန် သြဂုတ်လ ၂၆ ရက်နေ့က သတ်မှတ် လိုက်သည်။ အမိန့်များ၊ညွှန်ကြားချက်များအား ဖောက်ဖျက်သူများကို မြို့နယ်အချို့တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပေဒဖြင့် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်ခဲ့သည်။

ကိုးလကျော်ကြာမြင့်လာသည့် တင်းမရွာသား ၁၈ ဦး ပျောက်ဆုံးနေမှု

ယခုနှစ် မတ်လအတွင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာနှင့် တင်းမ(သစ်) ကျေးရွာမှရွာသား(၁၈)ဦးတို့မှာ တပ်မတော်စစ်ကြောင်းတစ်ခု၏ ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း မိသားစုဝင်များက ပြောဆိုခဲ့သည်။

၎င်းတို့အား ဖမ်းဆီးသွားသည်မှာ တင်းမကျေးရွာအနီးရှိတောင်ရှည်တောင်၌ တပ်စွဲ နေထိုင်နေသည့် တပ်မ(၅၅)မှ တပ်သားများဖြစ်ကြောင်းနှင့် ၎င်းတို့လွတ်မြောက်ရေးအတွက် မိသားစုဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထံသို့ တိုင်ကြားစာနှစ်ကြိမ်တိတိ ပေးပို့ခဲ့သည်။

ထိုတိုင်ကြားစာများနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်အနေဖြင့် တင်းမကျေးရွာသား များအား ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်များ လုံးဝမရှိကြောင်း စက်တင်ဘာလအတွင်းက လူ့အခွင့်အရေးကော်မရှင်ထံ အကြောင်းပြန်စာ ပြန်လည်ပေးပို့ခဲ့သည်။

ဒီဇင်ဘာလ ၃၀နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သူ့အနေဖြင့် တင်းမကိစ္စအား ယခုအချိန်ထိမသိရှိသေးကြောင်းနှင့် ၎င်းတို့(၁၈)ဦးအား ဖမ်းဆီးသွားသည်မှာ တပ်မတော်သားများလည်းဖြစ်နိုင်သလို တစ်ခြားအဖွဲ့အစည်းများလည်းဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

မိသားစုဝင်များအနေဖြင့် သက်သေအထောက်အထား ခိုင်ခိုင်မာမာဖြင့်ပြနိုင်ပါက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်ပိုင်းဆိုင်ရာတို့တွင် သွားရောက်စုံစမ်းနိုင်သလို တိုင်ကြားနိုင် ကြောင်းလည်း ဆက်လက်ပြောဆိုလိုက်သည်။

မိသားစုဝင်များအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း တင်းမအမှုမှာ ၁၀ လနီးပါးကြာမြင့်သည်အထိ တစ်စုံတစ်ရာထူးခြားမလာခဲ့ကြောင်း ပြောဆိုသည်။ သို့သော် တင်းမ ကျေးရွာသား (၁၈)ဦးပျောက်ဆုံးနေမှုအား စုံစမ်းစစ်ဆေးရန် မြောက်ဦးခရိုင်ရဲစခန်းသို့ တာဝန်ပေးထား ကြောင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှလည်း စုံစမ်းစစ်ဆေးရေးများ စတင်လုပ်ဆောင်လျက်ရှိသည်။

NLD ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံရခြင်း

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေးရွေးကောက်ပွဲကျင်းပရန်အတွက် ရွေးကောက်ပွဲစည်းရုံးရေးများ ဆောင်ရွက်နေချိန်တွင် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်သုံးဦး ဖမ်းဆီးခံခဲ့ ရသည်။

NLD ပါတီဝင်များဖြစ်ကြသည့် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့သုံးဦးသည် အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ ရွေးကောက်ပွဲစည်းရုံးရေးခရီး သွားရောက်စဉ် AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့သုံးဦးကိုပြန်လွှတ်ပေးရန် NLD ပါတီဗဟိုမှ ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုမှုများရှိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်း လွှတ်ပေးခြင်းမရှိခဲ့ဘဲ အေအေက ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

ဖမ်းဆီးခံရသည့် ကိုယ်စားလှယ်လောင်းသုံးဦး ယှဉ်ပြိုင်မည့်နေရာတွင် ရခိုင်အမျိုးသားပါတီ(ANP)က လွှတ်တော်နေရာသုံးခုစလုံးတွင် အနိုင်ရရှိခဲ့ပြီး အဆိုပါ မဲဆန္ဒနယ်တွင် တရားမျှတသောယှဉ်ပြိုင်မှု ပျောက်ဆုံး ခဲ့သည်ဟု NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့က ဝေဖန်ခဲ့ကြသည်။

အလားတူ ဖမ်းဆီးခံရသော ပါတီဝင်သုံးဦးကို ပြန်လွှတ်ပေးပါက နိုင်ငံရေးအခွင့်အလမ်းများ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း NLD ပါတီ၏ ရခိုင်ပြည်နယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော်(AA)ကမူ ဖမ်းဆီးထားသည့် NLD ပါတီဝင်သုံးဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်းနှင့် နှစ်ဦးနှစ်ဘက်ညှိနှိုင်းမှုအဆင်ပြေကာ အပြန်အလှန်နားနည်မှုရရှိသော အခြေအနေတွင် အမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည့် ထုတ်ပြန်ချက်တစ်စောင်ကို နိုဝင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် စွပ်စွဲချက်များဖြင့် ဖမ်းဆီးအကျဉ်းချခံနေရသော ရခိုင်ပြည်သူများနှင့် ရခိုင်နိုင်ငံရေးသမားများ အပါအဝင် မတရားဖမ်းဆီးခံထားရသော ULA အဖွဲ့ဝင်များ၏ ဆွေမျိုးရင်းချာများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများအား လူသားချင်းစာနာစိတ်ဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် AA က တောင်းဆိုထားသည်။

ရောင်နီသန်းလာသော ငြိမ်းချမ်းရေး

စစ်ရေးပဋိပက္ခ အရှိန်မြင့်တက်နေသည့် ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအလွန်မှစ၍ သေနတ်သံများ တိတ် ဆိတ်သွားသည်မှာ လက်ရှိအချိန်၌ တစ်လကျော်ခန့်ရှိခဲ့ပြီဖြစ်သည်။

ရွေးကောက်ပွဲအလွန် နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပခွင့်မရရှိခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲြ ပန်လည်ကျင်းပရန်တောင်းဆိုကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း တပ်မတော်ကထုတ်ပြန်ခဲ့သည်။

ယခင်က AA အဖွဲ့ကို အကြမ်းဖက်ဟုသတ်မှတ်ခေါ်ဆိုခဲ့သော တပ်မတော်အနေဖြင့် ULA/AA အဖွဲ့ဟူသော အသုံးအနှုန်းများကို ထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲများတွင် သုံးနှုန်းလာခဲ့သည်။

ယင်းနောက်ပိုင်း နိုင်ဝင်ဘာလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းရွေးကောက်ပွဲပြန်လည်ကျင်းပရန်၊ တိုက်ပွဲကြောင့် သွားလာခွင့်ပိတ်ပင်ခံထားရသည့် ဒေသများတွင် စားနပ်ရိက္ခာ ၊ ဆေးဝါးစသည့်များကို ဘေးကင်းစွာ သယ်ယူခွင့်ပြုရန်အပါအဝင် အချက်သုံးချက်ကို Online ကနေအဆင့် နှစ်ဖက်ခေါင်းဆောင်များမှ ဆွေးနွေး ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ယင်းမှတစ်ဆင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှ နှစ်ဘက်ကိုယ်စားလှယ်များက တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယခုကဲ့သို့တွေ့ဆုံဆွေးနွေးမှုများရှိလာခြင်းသည် ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းအတွက် ရောင်နီသန်းလာနေသော လက္ခဏာရပ်တစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုလာကြသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရပ်တန့်နေသောကြောင့် မိမိလယ်ယာလုပ်ငန်းများကို လုပ်ကိုင်ရန်အတွက် စစ်ဘေးရှောင်အချို့နေရပ်ပြန်သွားကြသဖြင့် လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းကိုးသောင်းကျော်အထိ ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏စာရင်းအရသိရသည်။

တိုက်ပွဲများငြိမ်သက်နေသော်လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ပိုင်း တိုက်ပွဲများပြန်ဖြစ်လာမည်ကို စိုးရိမ် သဖြင့် စစ်ဘေးရှောင်စခန်းသို့ ပြန်လာကြသည့်စစ်ဘေးရှောင်အချို့လည်းရှိသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း စစ်အင်အားဖြည့်တင်းမှုမရှိဘဲ တိုက်ပွဲများမဖြစ်ပွားရန် ဆောင်ရွက်နေသော်လည်း ဆက်လက်၍ အပစ်အခတ်ရပ်စဲမှုတည်တံ့ရေးမှာ နှစ်ဖက်အဖွဲ့အစည်းများပေါ်တွင်မူတည်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

မှတ်ချက် - အေအေမှဖမ်းဆီးခဲ့သော NLD ပါတီဝင် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့ သုံးဦးမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

ဗီဒီယိုများ