AA ၏ သြဇာလွှမ်းမိုးမှုအောက်က ရခိုင်ပြည်

ရခိုင်ပြည်နယ်တွင် ထင်ရှားသည့် ဇာတ်သဘင်တစ်ခုဖြစ်သည့် "အာရက္ခမဏ္ဍိုင်"ဆိုသည့် ဇာတ်သဘင်၏ ဇာတ်စင်ရှေ့တွင် ရခိုင်အလံကိုလွှင့်ထူထားသည်။ တစ်ချို့တေးသီချင်းများဖျော်ဖြေရာတွင်လည်း ပြောက်ကျားဝတ်စုံများကိုဝတ်ဆင်ကာ အမျိုးသားရေးသီချင်းများဖြင့် ကပြဖျော်ဖြေလေ့ရှိသည်။

By နေမျိုးလင်း 21 Jan 2022

DMG ၊ ဇန်နဝါရီ ၂၁

(ဆောင်းပါး)

ရခိုင်ပြည်နယ်တွင် ထင်ရှားသည့် ဇာတ်သဘင်တစ်ခုဖြစ်သည့် "အာရက္ခမဏ္ဍိုင်"ဆိုသည့် ဇာတ်သဘင်၏ ဇာတ်စင်ရှေ့တွင် ရခိုင်အလံကိုလွှင့်ထူထားသည်။ တစ်ချို့တေးသီချင်းများဖျော်ဖြေရာတွင်လည်း ပြောက်ကျားဝတ်စုံများကိုဝတ်ဆင်ကာ အမျိုးသားရေးသီချင်းများဖြင့် ကပြဖျော်ဖြေလေ့ရှိသည်။

စတိတ်ရှိုးကဏ္ဍတစ်ခုတွင် အမျိုးသားသရုပ်ဆောင်တစ်ဦးသည် ရခိုင်အလံကိုင်ဆောင်ထားပြီး ရခိုင်ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ကပြဖျော်ဖြေနေသည်။

နောက်ကွယ်မှ အမျိုးသားတစ်ဦးက “ရခိုင်---အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းတဲ့ ရခိုင်၊ မြင့်မြတ်တဲ့ ရခိုင်၊ သကျ သာကီဝင်မျိုး၊ ရခိုင့်နိုင်ငံတော်အလံသည် ရခိုင်လူမျိုးများ၏ အသွေးအသား၊ ရခိုင်လူမျိုးတွေရဲ့ အသက်၊ ရခိုင်လူမျိုးတွေရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ရခိုင်နိုင်ငံတော်ရှိသမျှကာလပတ်လုံး ရခိုင်တို့ရဲ့စိတ်ဓာတ်ဟာလည်း ပြိုလဲနိုင်မှာမဟုတ်ပါ”ဟု ရခိုင်စကားဖြင့် ကြေညာနေသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်ကောင်စီတပ်များသည် အမျိုးသားရေး လှုပ်ရှားမှုများကို အမြဲစောင့်ကြည့်လျက်ရှိနေသည်။ ထိုသို့စောင့်ကြည့်မှုကြားမှ  အာရက္ခမဏ္ဍိုင် ဇာတ်သဘင်သည် ရခိုင်ပြည်နယ်အနှံ့  လှည့်လည်ဖျော်ဖြေနေခြင်းဖြစ်ပြီး ပျောက်ကျားဝတ်စုံများဝတ်ဆင်ပြီး အမျိုးသားရေးသီချင်းများဖြင့်ဖျော်ဖြေရဲခြင်းမှာ ရခိုင်ပြည်နယ်တွင် AA ၏ သြဇာအာဏာလွှမ်းမိုးမှု မည်မျှရှိသည်ကို မြင်တွေ့နိုင်သည်။

ထို့ပြင် ရခိုင်ဇာတ်သဘင်လောကများတွင် ယခင်နှစ်များက စတိတ်ရှိုးများ၊ ပြဇာတ်များတွင် ဗမာစကားကို  အသုံးပြုပြီး ကပြဖျော်ဖြေခဲ့သော်လည်း လက်ရှိတွင် ရခိုင်စကားများဖြင့်သာ ကပြဖျော်ဖြေနေကြသည်။ ပြဇာတ်များတွင်လည်း ယခင်က တော်လှန်ရေးပြဇာတ်များကို တင်ဆက်ခြင်းမရှိသော်လည်း ယခုတွင် AA ၏ တော်လှန်ရေးအကြောင်းအရာများကို ထည့်သွင်းကပြလာကြသည်အထိ အမျိုးသားရေးအရှိန်  မြင့်တက်လျက်ရှိသည်။

ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရန်ဆိုပြီး ရက္ခိုင့်တပ်တော်(AA)ကို ၂၀၀၉ ခု၊ ဧပြီ ၁၀ ရက်တွင် ကချင်ပြည်နယ်၊ လိုင်ဇာတွင်ဖွဲ့စည်းခဲ့သည်။ ယင်းနောက်တွင် AA တပ်ဖွဲ့ဝင်များသည် မဟာမိတ်များဖြစ်သည့် KIA,TNLA, MNDAA တို့နှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ကာ စစ်ရေးအတွေ့အကြုံများ  ရယူခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် AA သည် ရခိုင်ပြည်နယ်သို့ ထိုးဖောက်ဝင်ရောက်လာပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပိုမိုပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု၊ နိုဝင်ဘာလ ပထမအပတ်တွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။ တိုက်ပွဲရပ်တန့်ပြီးကာလတွင် AA သည် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏အုပ်ချုပ်ရေးယန္တရား ခိုင်မာလာရန်နှင့် သြဇာလွှမ်းမိုးမှုရှိလာရန် ပိုမိုလုပ်ဆောင်လာသည်။

စစ်ကောင်စီကို တုန်လှုပ်စေသော AA လုပ်ရပ်များ

အာဏာသိမ်းစစ်တပ်သည် နိုင်ငံအနှံ့တွင် အာဏာသိမ်းမှုဆန့်ကျင်နေကြသော ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များကို နှိမ်နှင်းနေရသောကြောင့် ရခိုင်ပြည်နယ်တွင် အင်အားကြီးမားသော AA နှင့် တိုက်ပွဲဖြစ်ပွားရန် လိုလားပုံမရပေ။ ထိုအခွင့်အရေးကိုအသုံးချကာ တိုက်ပွဲရပ်တန့်နေသည့် စစ်အေးကာလတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များကို AA က ဖိဖိစီးစီးလုပ်ဆောင်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့် ဇူလိုင်လအတွင်းက ရခိုင်ပြည်နယ်တွင် Covid 19 ကူးစက်မှု သိသိသာသာမြင့်တက်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီကလည်း Covid 19 အန္တရာယ်ကိုကာကွယ်ရန်အတွက် မိမိနေအိမ်များတွင်နေထိုင်ရန်၊ လူစုလူဝေးမလုပ်ကြရန် သတိပေးတိုက်တွန်းခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်သူများသည် စစ်ကောင်စီ၏ ပြောဆိုတိုက်တွန်းမှုကို အလေးမထားဘဲ ပုံမှန်သွားလာလှုပ်ရှားနေခဲ့ကြသည်။

စစ်ကောင်စီကထိန်းချုပ်ရခက်ခဲနေသည့်အချိန်တွင် ရက္ခိုင့်တပ်တော်(AA)၏ နိုင်ငံရေးဦးဆောင် အဖွဲ့အစည်းဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)သည် Stay at Home (မိမိအိမ်တွင်နေထိုင်ရေးအစီအစဉ်) ၂ ပတ်သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ရခိုင်ပြည်သူများသည် စစ်ကောင်စီ၏ပြောဆိုမှုကို အလေးမထားသော်လည်း AA ၏ Stay at Home အစီအစဉ်ကိုလိုက်နာကြပြီး ပူးပေါင်းပါဝင်ကြသည်။

မြို့၊ရွာများတွင် AA ၏ Stay at Home ထုတ်ပြန်ကြေညာချက်စာရွက်များကို လူသွားလူလာများသည့်  နေရာများ၊ ဈေးဆိုင်များတွင်ကပ်ထားကြပြီး AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ Covid 19 နှင့်ပတ်သက်သည့် သတိပေးထားသည့် ရုပ်သံဖိုင်များကိုလည်း ဆောင်းဘောက်များဖြင့် လှည့်လည်ဖွင့်ပြကြသည်အထိ AA ၏ သြဇာလွှမ်းမိုးမှု ကျယ်ပြန့်လျက်ရှိသည်။

လက်ရှိတွင် AA သည် မြို့နယ်များတွင် နိုင်ငံရေးတာဝန်ခံများ၊ မြို့နယ်မှူးများ အဆင့်ဆင့်သတ်မှတ်ပြီး ကျေးရွာများတွင် ကျေးရွာခေါင်းဆောင်များခန့်အပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ ကျေးရွာများတွင် စစ်ကောင်စီကခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးရှိသော်လည်း ၎င်းတို့၏ သြဇာအာဏာမှာ မသက်ရောက်တော့ဘဲ AA ကခန့်အပ်ထားသည့် ရပ်ရွာခေါင်းဆောင်များ၏ သြဇာအာဏာသာ သက်ဝင်လှုပ်ရှားလျက်ရှိသည်။

ကျေးရွာများတွင် ရပ်ရွာခေါင်းဆောင်များခန့်အပ်ရန်အတွက် မြို့နယ်တာဝန်ခံများ၊ နယ်မြေတာဝန်ခံများ စသည်တို့ သည် သေနတ်ကိုင်ဆောင်ထားသည့် AA တပ်ဖွဲ့ဝင်များနှင့် လာရောက်တတ်ကြသည်။ ပေါက်တောမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် AA တာဝန်ရှိသူတစ်ဦးက ဒေသခံများအနေဖြင့် မှုခင်းကိစ္စအပါအဝင် မည်သည့်ကိစ္စမဆို စစ်ကောင်စီထံမတိုင်ကြားဘဲ AA က ခန့်အပ်ထားသည့် ရပ်ရွာခေါင်းဆောင်များထံ တိုင်ကြားခြင်းမှာ စစ်ကောင်စီကိုတော်လှန်ခြင်းတစ်မျိုးပင်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ကျေးလက်ဒေသများတွင် မတရားခံရမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာများ၊ မှုခင်းကိစ္စရပ်များ ပေါ်ပေါက်လျှင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ တိုင်ကြားခြင်းမပြုလုပ်ကြတော့ပေ။ ဒေသခံများသည် AA ကခန့်အပ်ထားသည့် ရပ်ရွာခေါင်းဆောင်များထံသာ တိုင်ကြားကြပြီး အမှုအခြေအနေများကိုကြည့်ကာ အမှုကြီးများကို အထက်အဆင့်ဆင့်သို့တင်ပြကာ အရေးယူ လုပ်ဆောင်မှုများရှိသည်။

“စစ်ကောင်စီကိုမတိုင်တာက အာဏာပိုင်တွေအဆက်ဆက် ရခိုင်ပြည်မှာ မတရားမှုလုပ်ကြခဲ့ကြတယ်။ ဒါကြောင့် ဒီ(စစ်ကောင်စီ)ယန္တရားကို ဖြိုဖျက်ရမယ်။ ဒီယန္တရားမရှိတာဟာ ငါတို့အတွက်ကောင်းတယ်၊ လက်ရှိလည်း ကိုယ့်ရခိုင်(AA အုပ်ချုပ်ရေး)ယန္တရားလည်ပတ်ဖို့ ကြိုးစားနေကြတယ်။ အရင်ကထက် ခြေလှမ်းသွက်လာတယ်။ ရှေ့ကိုရောက်လာတယ်။ အဲဒါကြောင့် ကိုယ့်ယန္တရားလည်ပတ်စေချင်တဲ့အတွက် စစ်ကောင်စီမတိုင်တော့ဘဲ AA ကိုတိုင်ကြတာ”ဟု ကျောက်တော်ဒေသခံ ကိုဇော်ဝင်းကပြောသည်။

AA သည် ကျေးလက်ဒေသသာမက မြို့အထိပါ အုပ်ချုပ်ရေးယန္တရား လက်တံရှည်လျားခြင်းကို လွန်ခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့်သိနိုင်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမတ်လောင်းဖြစ်သည့် ဦးသိန်းရွှေပိုင်ဆိုင်သည့် စစ်တွေမြို့က အိမ်ဖြူတော် KTV တွင် မတ်လအတွင်းက Customer ၃ ဦးကို ဆိုင်ဝန်ထမ်းများက အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ဦးသိန်းရွှေကို စစ်တွေမြို့အနီး အမြင့်ကျွန်းကျေးရွာတွင် ဖမ်းဆီးသွားခဲ့ပြီး စုံစမ်းစစ်ဆေးနေသည်ဟု ထုတ်ပြန်ခဲ့သည်။

AA သည် ထိုသို့ မြို့၊ရွာအနှံ့ အုပ်ချုပ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာနိုင်ခြင်းမှာ ပြည်သူများသည် စစ်ကောင်စီထက် AA ကိုအားကိုးယုံကြည်သောကြောင့်ဖြစ်သည်။ AA သည် လွန်ခဲ့သည့်နှစ်များကပင် စစ်ရေးနည်းဖြင့် နယ်မြေများကိုထိန်းချုပ်ခဲ့သည်။

ယင်းကာလများတွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများ ရာထူးကနှုတ်ထွက်သွားသောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်စီးသွားသည်။ တစ်ချို့မြို့နယ်များရှိ အုပ်ချုပ်ရေးမှူးများသည်လည်း တာဝန်ကျေသဘောဖြင့်သာ လုပ်ဆောင်ကြတော့သည်။ ယင်းနောက်ပိုင်းတွင် တရားဥပဒေစိုးမိုးရေးကဏ္ဍကို စစ်ကောင်စီဘက်က မလုပ်ဆောင်နိုင်တော့ဟု ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကပြောသည်။

“ရဲက ရဲလုပ်ငန်းမလုပ်နိုင်တော့ဘူး။ တရားသူကြီးက တရားစီရင်လို့မရ။ တစ်နည်းအားဖြင့် အုပ်ချုပ်ရေး ပျက်သွားတာနဲ့ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးဟာလည်း ပျက်သွားတယ်။ ဆိုတော့ ပြည်သူတွေအားကိုးလို့  မရတော့ဘူး။ ဥပမာဆိုရရင် နယ်မှာဓားပြမှုတစ်ခုဖြစ်ရင် အရင်ကလို ရဲတွေနယ်ဆင်းပြီးဖမ်းလို့မရဘူး။ ဆိုတော့ အုပ်ချုပ်ရေးပျက်သွားတာနဲ့ တရားစီရင်ရေးပျက်သွားတယ်။ အဲဒီတော့ ပြည်သူတွေရဲ့အားကိုးရာဟာ ULA/AA ဖြစ်သွားတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်မြောက်ပိုင်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့်မြို့နယ်များရှိ စာသင်ကျောင်းအချို့တွင်လည်း လွန်ခဲ့သည့်တစ်နှစ်ခန့်မှစတင်ပြီး မြန်မာနိုင်ငံတော်သီချင်းအစား အာရက္ခနိုင်ငံတော်သီချင်းကို သီဆိုလာကြသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)၏ သြဇာအာဏာ တဖြည်းဖြည်းကျယ်ပြန့်လာနေသည့်အချိန်တွင် စစ်ကောင်စီသည်လည်း ၎င်းတို့၏ယိုးယွင်းပျက်စီးနေသည့် အုပ်ချုပ်ရေးလုပ်ငန်းနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ပြန်လည်အသက်ဝင်နိုင်ရေးအတွက် အသည်းအသန်ကြိုးစားလာသည်။ ကျောက်တော်၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ပေါက်တော စသည့်မြို့နယ်များသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုယ်တိုင်သွားရောက်ကာ ဒေသခံများနှင့် အုပ်ချုပ်ရေးမှူးများကိုခေါ်ယူပြီး ULA/AA ၏ အုပ်ချုပ်ရေးလုပ်ငန်းများတွင်မပါဝင်ကြရန် သတိပေးမှုများရှိလာသည်။

သို့သော်လည်း ရခိုင်လူထုအများစုသည် AA ကို ထောက်ခံကြပြီး ချမှတ်ထားသည့် စည်းမျဉ်း၊စည်းကမ်းအတိုင်း လိုက်နာကြသဖြင့် စစ်ကောင်စီ၏ပြောဆိုမှုများသည် ထိရောက်မှုမရှိဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးဖေသန်းကပြောသည်။

“စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့တွေကို တည်ဆောက်လာတာတွေကိုတွေ့ရတယ်။ ULA/AA ရဲ့ အုပ်ချုပ်ရေး အလုပ်တွေမှာ ဝင်မလုပ်ဖို့၊ တရားရုံးတွေမှာမတိုင်ဖို့၊ အခွန်ကောက်တာတွေကိုမပေးဖို့ စတာတွေကို နယ်တွေမှာ စည်းရုံးပြောဆိုတာတွေ၊ စစ်တပ်က နယ်ဆင်းပြီးတော့ တရားဟောတာတွေလုပ်လာတယ်။ ဒါပေမယ့် ပြည်သူကတော့ ULA/AA ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အားလုံးလုပ်နေတော့ အဲဒီလိုလုပ်တာက ထိရောက်မှု မရှိပါဘူး”ဟု ၎င်းကဆိုသည်။

“တစ်ဖက်သြဇာတည်ဆောက်မှုကို သူတို့(စစ်ကောင်စီ)အနေနဲ့ တန်ပြန်မတည်ဆောက်နိုင်ရင် သူတို့ကျဆုံးမှု မြန်မယ်ဆိုတာကိုသိတဲ့အတွက် သူတို့လည်း အုပ်ချုပ်ရေးအဖွဲ့တွေ၊ တရားစီရင်ရေးအဖွဲ့တွေ ဌာနဆိုင်ရာတွေကိုပံ့ပိုးတယ်။ အလုပ်လုပ်ဖို့အတွက် လှုံ့ဆော်တယ်၊ တိုက်တွန်းတယ်”ဟု ဦးဖေသန်းက ဆက်လက်ပြောသည်။

အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည့် AA နှင့် စစ်ကောင်စီ

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲရပ်တန့်နေသည်မှာ တစ်နှစ်ကျော်သွားပြီဖြစ်သည်။ နိုဝင်ဘာ ၉ တွင် မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုတစ်ကြိမ်ရှိခဲ့သည်မှလွဲ၍ သေနတ်သံများငြိမ်သက်နေဆဲဖြစ်သည်။

တစ်နှစ်ကျော်ကြာ တိုက်ပွဲရပ်တန့်အောင် အဓိကကြားဝင်ညှိနှိုင်းပေးခဲ့သည့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါသည် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အွန်လှိုင်းမှတွေ့ဆုံခဲ့သကဲ့သို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း လူချင်းတွေ့ဆုံကာ “တိုက်ပွဲရပ်တန့်ထားကြရန်” ပြောဆိုမှုရှိခဲ့သည်။

သို့သော် တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်ရေးအငွေ့အသက်များသည် ထင်ရှားစွာပေါ်ပေါက်လာနေပြီး နှစ်ဖက်တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သည့် အနေအထားသို့ရောက်ရှိနေသည်။ စစ်ကောင်စီသည် ရခိုင်ပြည်နယ် အတွင်း AA က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရားဥပဒေအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို မကြိုက်မနှစ်သက်ပေ။

စစ်ကောင်စီသည် နလန်မထူနိုင်သေးသော ၎င်းတို့၏အုပ်ချုပ်ရေးယန္တရား ပြန်လည်ခိုင်မာလာစေရေးအတွက် အမြဲတစေ ကြိုးပမ်းလျက်ရှိသည်။ ထိုအခြေအနေများသည် စစ်ကောင်စီနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားလာစေမည့် အကြောင်းအရင်းတစ်ခုလည်းဖြစ်နေသည်။

လတ်တလောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အကြောင်းပြချက်အမျိုးမျိုးဖြင့် ရခိုင်ကျေးရွာများအတွင်းသို့ တစ်ရွာဝင်တစ်ရွာထွက်ပြီး နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားသွားလာနေမှုများရှိသကဲ့သို့ တပ်အပြောင်း အရွှေ့များကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု AA က ဒီဇင်ဘာ ၁၀ တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဆန်၊ဆီ၊ဆား၊ဆေးဝါး စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဒေသအတွင်း သယ်ယူပို့ဆောင် နေမှုများကို ဆက်လက်ဟန့်တားပိတ်ပင်တားမြစ်နေခြင်း၊ ရန်စသောအပြုအမူများကို လုပ်ဆောင်နေခြင်း များကြောင့် ပြည်သူများ၏ စားဝတ်နေရေးအကျပ်အတည်းကို ဖြစ်ပေါ်စေရုံမက မိမိတို့နှင့် စစ်ကောင်စီတပ်ကြားတွင် နှစ်ဖက်တင်းမာမှုများ မြင့်တက်စေသည်ဟုလည်း ဆိုသည်။

“နှစ်ဖက်တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်တဲ့အနေအထားကိုရောက်ရှိလာတာကြောင့် ULA/AA အနေနဲ့လည်း စစ်ရေးသတိကြီးကြီးနဲ့ အထူးသတိထားစောင့်ကြည့်လျက်ရှိပါတယ်”ဟု ထုတ်ပြန်ချက်တွင်ရေးသားထားပြီး ပြည်သူများလည်း “စစ်ရေးသတိရှိကြဖို့” တိုက်တွန်းထားသည်။

ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကလည်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲရပ်တန့်ထားခြင်းမှာ နားလည်မှုဖြင့်ရပ်တန့်ထားခြင်းသာဖြစ်သဖြင့် စစ်ကောင်စီတပ်များက တစ်ရွာဝင်တစ်ရွာထွက် စစ်ဆေးခြင်း၊ တပ်စွဲခြင်းပြုလုပ်နေသောကြောင့် အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားလာနိုင်သည်ဟု သုံးသပ်သည်။

“AA နဲ့စစ်တပ်ကြားမှာ သဘောတူညီချက်ဟာ နှုတ်ကတိသဘောတူညီချက်ပဲဖြစ်တယ်။ တစ်နည်းအားဖြင့် သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားရှိတဲ့အခါ ဒီကတိတွေဟာ တည်မြဲမယ်။ သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွား ထိခိုက်လာတဲ့အခါမှာတော့ နှုတ်ကတိတွေ၊ နားလည်မှုနဲ့တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးတွေဟာ မတည်မြဲနိုင်”ဟု ဦးဖေသန်းကပြောသည်။

မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်အတွင်း တစ်ရွာဝင်၊တစ်ရွာထွက် သွားလာလှုပ်ရှားနေသောကြောင့် ပြည်သူများသည် စစ်ပွဲအငွေ့အသက်များကို ရှူရှိုက်ရမိသကဲ့သို့ ဖြစ်နေကြသည်။ ထိုသို့အခြေအနေများကြောင့် တစ်နှစ်ကျော်ကြာရပ်ဆိုင်းနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တစ်ကျော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

နေမျိုးလင်းရေးသည်။

ဗီဒီယိုများ