ရခိုင်စစ်ပွဲနောက်ကွယ်မှာ FPNCC ရှိနေမလား

FPNCC အဖွဲ့များ၏ နိုင်ငံရေးမူဝါဒထဲတွင် မိမိကံကြမ္မာကို အခြားလူမျိုးအုပ်စုတခုက ဆုံးဖြတ်ပေးခြင်းကို လုံးဝလက်မခံကြောင်း ဦးစွာမြင်ရသည်။ ထို့တူ ဗမာမဟာလူမျိုးကြီးဝါဒ အတွေးအခေါ်များ မရှိစေရေး၊ တိုင်းရင်းသားပေါင်းစုံ ကြီးငယ်မခွဲဘဲ တန်းတူညီမျှမှုရှိပြီး အားလုံးမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အပြည်အဝဖြင့် ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည်တို့ကို ခေတ်နှင့်လျော်ညီစွာ ပူးပေါင်းတည်ဆောက်သွားရန် သဘောထားရှိသည်။

By Admin 26 Sep 2022

DMG ၊ စက်တင်ဘာ ၂၆

(ဆောင်းပါး)

လက်ရှိ စစ်ကောင်စီနှင့် AA တို့မှာ Gentleman agreement ပျက်ပြယ်သွားပြီး ဒုတိယအကျော့အနေဖြင့် ရခိုင်ပြည် တောင်၊ မြောက် နေရာအနှံ့တွင် သေနတ်သံများကြားနေရသည်။ ယင်းအထဲတွင် မောင်တော မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသ မြန်မာ-အိန္ဒိယ နယ်စပ်တလျှောက်တွင် လနှင့်ချီကြာ တိုက်ပွဲများ ပြင်းထန်နေသည်။

ထိုသို့ နေ့စဉ်ရက်ဆက်တိုက်ပွဲများအတွင်း မောင်တောနှင့် ပလက်ဝဒေသတို့တွင် စစ်ကောင်စီတပ်၏ အထိုင်စခန်းအချို့ကို AA က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ ရှေ့တန်းစခန်းတချို့မှာလည်း တပ်ရုပ်သိမ်းကာ နောက်ဆုပ်သွားများ ရှိနေသည်။ ယင်းကြောင့် စစ်ကောင်စီက သူတို့၏ အခြေချစခန်းများကို ပြည်လည်ရယူနိုင်ရေးအတွက် အနောက်တကြောကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့် လက်နက်ကြီးများ ဆက်တိုက်အသုံးပြု တိုက်ခိုက်နေသည်။

ယင်းအချိန်တွင် AA သည် အရှေ့မြောက်ဘက်ရှိ ၎င်း၏ မဟာမိတ်များနှင့် တွေ့ဆုံမှုမှာလည်း စိတ်ဝင်စားစရာ ဖြစ်စေသည်။ စက်တင်ဘာလ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော်(AA) ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်သည် “ဝ” ပြည်နယ်တွင် UWSA ဦးဆောင်သော (FPNCC)အဖွဲ့ဝင်တို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးသည့်အကြောင်းအရာထဲတွင် စစ်ရေးကိစ္စရပ်များကို အသေးစိတ် ထုတ်ဖော်မပြောသော်လည်း AA အတွက် ယင်းပွဲမှာ “ရလာဒ်ကောင်းခဲ့သည်”ဟု ဒေါက်တာ ညိုထွန်းအောင်က သတင်းဌာနများကို အရိပ်အမြွက်ချပြီး ပြောဆိုထားသည်။

ဒေါက်တာ ညိုထွန်းအောင်၏ ပြောဆိုချက်အရ ထိုတွေ့ဆုံပွဲ၏ အဓိကရည်ရွယ်ချက်မှာ FPNCC အဖွဲ့များ၏ နိုင်ငံရေးမူဝါဒလမ်းစဉ်များနှင့် မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေသော နိုင်ငံရေးကိစ္စအပါအဝင် တစ်ဖွဲ့ချင်းအလိုက် ပူးပေါင်းဆောင်ရွက်မှု၊ တစ်ဖွဲ့ချင်း၏ နိုင်ငံရေးအခြေအနေများအပြင် လက်ရှိ ရခိုင်ပဋိပက္ခများလည်း ပါဝင်ကြောင်း သိရသည်။

FPNCC ဆိုတာဘာလဲ

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များဟု လူသိများသည်။ ယင်းအဖွဲ့ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ “ဝ”ပြည်နယ် ပန်ခမ်း(ပန်ဆန်း)တွင် ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ခု၏ (၄)ကြိမ်မြောက် ညီလာခံတွင် ဖွဲ့စည်းခဲ့သည်။

FPNCC တွင်  “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ ရက္ခိုင့်တပ်တော်(AA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှုအတွက် အမျိုးသားပါတီ-ကိုးကန့်-(MNDAA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် မိုင်းလား (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး(TNLA)တို့ဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌအဖြစ် ဦးပေါက်ယူချန် (UWSA)၊ ဒု ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ(KIA) အတွင်းရေးမှူး ဦးပေါက်ယူရိတို့က တာဝန်ယူထားသည်။

အဖွဲ့၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့်လမ်းကြောင်းဖြင့် ပြည်ထောင်စုအစိုးရတို့ တိုက်ရိုက်နွေးရန်နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ NCA မဟုတ်သော အခြားနိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် မူဝါဒချမှတ်ထားသည်။

ယင်းကြောင့် (FPNCC)အဖွဲ့ဝင်များ၏ နိုင်ငံရေးရပ်တည်ချက်နှင့် အထွေထွေမူဝါဒများကို လေ့လာကြည့်သော်  အများစုမှာ ပင်လုံစာချုပ်ပါ ကတိကဝတ်များကို အခြေခံထားသည်ကို မြင်ရသည်။ ယင်အပြင် သူတို့က မြန်မာ့နိုင်ငံရေးပဋိပက္ခများမှာ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိုင်ခဲ့မှုကြောင့် မျက်မှောက်နိုင်ငံတော် ဖရိုဖရဲပြိုကွဲကာ မတည်ငြိမ်သော စစ်ပွဲများဖြစ်နေရခြင်းဟု ခံယူထားသည်။

နိုင်ငံရေးရပ်တည်ချက်နှင့် မူဝါဒ

FPNCC အဖွဲ့များ၏ နိုင်ငံရေးမူဝါဒထဲတွင် မိမိကံကြမ္မာကို အခြားလူမျိုးအုပ်စုတခုက ဆုံးဖြတ်ပေးခြင်းကို လုံးဝလက်မခံကြောင်း ဦးစွာမြင်ရသည်။

ထို့တူ ဗမာမဟာလူမျိုးကြီးဝါဒ အတွေးအခေါ်များ မရှိစေရေး၊ တိုင်းရင်းသားပေါင်းစုံ ကြီးငယ်မခွဲဘဲ တန်းတူညီမျှမှုရှိပြီး အားလုံးမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အပြည်အဝဖြင့် ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည်တို့ကို ခေတ်နှင့်လျော်ညီစွာ ပူးပေါင်းတည်ဆောက်သွားရန် သဘောထားရှိသည်။

ထို့အတူ တိုင်းရင်းသားပေါင်းစုံတို့သည် မိမိနေထိုင်ရာဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိရမည်ဟု မှတ်ယူထားကာ ပြည်ထောင်စုအတွင်း ခင်မင်ရင်းနှီးစွာဖြင့် ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်းကို ပူးပေါင်းခုခံသွားရန် ရည်ရွယ်ချက်ရှိသည်။

ထို့အတူ ဒေသနေတိုင်းရင်းသားများသည် အိမ်နီးချင်းနိုင်ငံအသီးသီးနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို စောင့်ထိန်းထားမည်ဟု ယုံကြည်ထားသည်။ တိုင်းရင်းသားပြည်နယ်၏ ပြင်ပဆက်ဆံခွင့်ဆိုင်ရာကိစ္စတွင် ပြည်ထောင်စုအစိုးရ၏ နိုင်ငံခြားရေးဌာန (သို့) အခြားဌာန ဆုံးဖြတ်ချက်မလိုဘဲ ဒေသနေလူထု၏ သဘောထားဖြင့် စာချုပ်ချုပ်ဆိုပြီး ကျင့်သုံးလုပ်ကိုင်ရန်ဖြစ်သည်။

ယင်ထက်စိတ်ဝင်စားစရာကောင်းသည်မှာ အနာဂတ် ပြည်ထောင်စုကို တိုင်းရင်းသားတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် “အချုပ်အခြာအာဏ”ကို ဗမာတိုင်းရင်းသားများနှင့် တန်းတူရှိရေးကို သတ်မှတ်ထားသည်။

တိုင်းရင်းသားပြည်နယ်များ၏ တရားစီရင်ပိုင်ခွင့် ကိစ္စတွင်လည်း ပြည်ထောင်စုကို မှီခိုစရာမလိုဘဲ ကာလဒေသနှင့်လျော်ညီစွာဖြင့် လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြသည်။

ထို့အတူ တိုင်းရင်းသားပြည်နယ်များအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်ထောင်စုအစိုးရ အပေါ်တွင်သာ မျှော်လင့်ချက်ထားရန် မဖြစ်နိုင်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခြေခံ၍ မိမိတို့ အမျိုးသားပြည်နယ်များ၏ လုပ်ငန်းပေါ်လစီများကို ပြဋ္ဌာန်းကျင့်သုံးရန်နှင့် ပြည်နယ်အတွင်းရှိ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို ပြည်နယ်က ဆုံးဖြတ်ပိုင်ခွင့်ကို လိုလားကြောင်း ဖော်ပြထားသည်။

စိတ်ဝင်စားဖွယ် တပ်မတော်များ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် လုံးဝ လက်နက်စွန့်လမ်းစဉ်နှင့် မြန်မာစစ်တပ်ထံတွင် နယ်ခြားစောင့်အဖြစ် ဝင်ရောက်လုပ်ကိုင်စရာမလိုအပ်ဟု ပြတ်သားစွာပြောဆိုထားသည်။ ထို့အတူ တိုင်းရင်းသားတပ်မတော်သည် ပြည်ထောင်စု ကာကွယ်ရေးအင်အား၏ အရေးကြီးသော တစိတ်တဒေသ ဖြစ်ကြောင်းနှင့် တိုင်းရင်းသားပြည်နယ်၏ အမိန့်အာဏာဖြင့် ပြည်နယ်အုပ်ချုပ်မှုဒေသတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို တာဝန်ယူထားမည်ဟု ဆိုသည်။

သို့သော်လည်း ပြည်ထောင်စုတပ်မတော်သည် တိုင်းရင်းသားတပ်မတော်အား နှစ်ဖက်ညှိနှိုင်းသဘောတူထားသော လုပ်ငန်းဆောင်ရွက်များတွင် လမ်းညွှန်မှုပေးသော အခွင့်အာဏာရှိကြောင်း လက်ခံထားပြီး တိုက်ရိုက်ညွှန်ကြားကွပ်ကဲခွင့်နှင့် ရာထူးစီမံခန့်အပ်ခွင့်မရှိဟု ပါရှိသည်ကို တွေ့ရသည်။

ထို့အတူ ဖွံ့ဖြိုးတိုးတက်သည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် စစ်တပ်က နိုင်ငံရေးတွင်မပါဝင်ရန် ကန့်သတ်ထားသဖြင့် ပြည်ထောင်စု တပ်မတော်သည် ပြည်ထောင်စုအစိုးရ အုပ်ချုပ်မှုအောက်တွင် ရှိရမည်။ ပြည်ထောင်စုတပ်မတော်သည် မည်သည့် နိုင်ငံရေးပါတီကိုမှ လွှမ်းမိုးမှုမရှိစေရေးအတွက် နိုင်ငံရေးတွင် ပါဝင်ခြင်းမပြုစေဘဲ နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးကိုသာ အဓိကလုပ်ဆောင်ရန် သဘောတူထားသည်။

ထို့အတူ လက်ရှိလွှတ်တော်ထဲတွင် မြန်မာစစ်တပ်က အလိုအလျှောက် အပိုင်စီးထားသော ၂၅ ရာခိုင်နှုန်း  အမတ်နေရာကို အားနည်းသောလူမျိုးစုနှင့် လူနည်းစု တိုင်းရင်းသားများအား ခွဲဝေပေးရမည်ဟု ရေးဆွဲထားသည်ကို တွေ့ရသည်။

မြန်မာစစ်တပ်သည် ပြည်ထောင်စုအစိုးရ၏ တပေါင်းတစည်းတည်း ဦးဆောင်မှုတွင် ရှိနေရမည်ဖြစ်ပြီး  ပြည်ထောင်စုအစိုးရပိုင်ဝန်ကြီးဌာန တာဝန်ခံများကို ကာကွယ်ရေးဦးစီးချုပ်မှ တင်မြှောက်ခွင့်မရှိဟု သတ်မှတ်ထားသည်။

ထို့အတူ အရေးကြီးဆုံးအချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရန် ရှင်းလင်းပြတ်သားသည့် မူဝါဒကိုချပြရန် (FPNCC)က တောင်းဆိုထားသည်။

မဟာမိတ်ဆက်ဆံရေး ကောင်းမွန်

ယင်းကြောင့် FPNCC အဖွဲ့ဝင်များ၏ အဓိကသော့ချက် မူဝါဒမှာ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံပေးထားသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲဖြင့် အဖြေရှာရန် ကြိုးစားထားခြင်းဖြစ်သည်။ ထို့အတူ အဖွဲ့ဝင်များကြားတွင် ကောင်းမွန်သည့် မဟာမိတ်ဆက်ဆံရေး ရှိထားသည်ကို တွေ့ရသည်။

ထင်သာမြင်သာအချက်မှာ ယခင် NLD အစိုးရလက်ထက်က ၂၀၂၀ ခုနှစ် သြဂုတ်လတွင်ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံသို့ အစိုးရက AA ကို မဖိတ်ကြားသည့်အတွက် ယင်းပင်လုံညီလာခံသို့ အခြားအဖွဲ့ဝင်များ မတက်ရောက်ခဲ့ပေ။

တခြားတစ်ဖက်တွင် FPNCC အဖွဲ့ဝင်ထဲက UWSA၊ NDAA၊ SSPP တို့သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု များပြုလုပ်နေသော်လည်း FBNCC ၏ နိုင်ငံရေးမူဝါဒ အချက်များကို အခြေခံကာ ဆွေးနွေးနေသည်ကို တွေ့ရသည်။ ဥပမာ - “ဝ”သည် ကိုယ်ပိုင်ပြည်နယ်၊ မိုင်းလားသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည့်ဖြင့်တွေ့ရသည်။

ထို့အတူ AA ၊ TNLA၊ MNDAA၊ KIA အဖွဲ့တို့မှာ စစ်ကောင်စီနှင့် ဆွေးနွေးခြင်းမရှိဘဲ တိုက်ပွဲများဖြစ်ပွားနေပြီး သူတို့အချင်းချင်းကြား စစ်ရေးအရ ချိတ်ဆက်မှုများလည်း ရှိနေသည်ကို တွေ့ရသည်။

AA နှင့် FPNCC ဆက်စပ်မှု

လက်ရှိတွင် အနောက်ဘက်ဒေသ၌ အင်အားကြီးထွားလာသည့် AA သည် မြောက်ပိုင်အဖွဲ့များ၏ မဟာမိတ်အကူအညီများစွာရှိသည်ကို တွေ့ရမည်ပင်။ AA  ဖွဲ့စည်းစ အစောပိုင်းကာလ၌ KIA၊ TNLA၊ MNDAA အဖွဲ့တို့နှင့် ပူးပေါင်းကာ မြန်မာစစ်တပ်ကို တိုက်ပွဲများဆင်နွှဲခဲ့သည်။

ယင်းမှတဆင့် တိုက်ခိုက်ရေးနည်းဗျူဟာ၊ စစ်လက်နက်ခဲယမ်းများစွာကို KIA၊ TNLA၊ MNDAA တို့မှ ရရှိခဲ့ကြောင်း AA ဘက်က ပြောဆိုထားသည်။ ထို့အတူ အဆိုပါ မဟာမိတ်နယ်မြေမှ အုပ်ချုပ်မှုစနစ်၊ တရားစီရင်ရေးတို့ကို လေ့လာရရှိခဲ့ကာ ယနေ့တွင် AA သည် ဒေသအတွင်း အကောင်အထည်ဖော်နေသည်။

AA သည် လက်ရှိ မြန်မာနိုင်ငံတော်လှန်ရေးသမိုင်းတွင် လုပ်ရည်ကိုင်ရည် အရည်အချင်းအပြည့်အဝဖြင့် ချီတက်နေပြီး မြန်မာပြည်သူအားလုံးက အောင်မြင်သည့်အဖွဲ့အစည်းအဖြစ် လက်ခံထားပြီး အတုယူစရာ အချက်များစွာရှိနေကြောင်း နိုင်ငံရေးအကဲခတ်တို့က မှတ်ချက်ပေးကြသည်။

ယင်းအကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက AA အပါအဝင် FPNCC အဖွဲ့များတွေ့ဆုံမှုသည် နိုင်ငံရေးသဘောထား အပါအဝင် စစ်ရေးဆိုင်ရာအကူအညီများကို AA က ဆွေးနွေးခဲ့မည်မှာ စဉ်းစားနိုင်သည်။ ထို့အတူ တချို့ နိုင်ငံရေး၊ စစ်ရေးသုံးသပ်သူများကလည်း AA သည် မြောက်ပိုင်းအဖွဲ့အပါအဝင် “ဝ”ထံမှ လက်ရှိ ရခိုင်တိုက်ပွဲတွင် AA အတွက်လိုအပ်သည့် လက်နက်ခဲယမ်းများ၊ လေယာဉ်ပစ်လက်နက်များ အကူအညီ တောင်းနိုင်သည်ဟု သုံးသပ်မှုများလည်းတွေ့ရသည်။

လတ်တလော ရခိုင်စစ်ပွဲနှင် နိုင်ငံရေးသက်ရောက်မှု

ထို့အတူ FPNCC သည် မြန်မာနိုင်ငံ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့အားလုံး၏ လူအင်အား၊ လက်နက်အင်အား ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း နိုင်ငံရေးအကဲခတ်တို့က ပြောဆိုနေကြပြီး AA သည်လည်း FPNCC ၏ မူဝါဒအတိုင်း သွားနေကိုတွေ့ရသည်။

မည်သို့ပင်ဆိုစေကာမူ ယခု ရခိုင်လက်နက်ကိုင် ပဋိပက္ခများသည် ကန့်သတ်စစ် (Limited War)ထက် အဆုံးအစွန်သောစစ် (Total War)သဘောကို ပိုမိုဆောင်လာကာ စစ်ပွဲ၏ သဘောသဘာဝအတိုင်း နှစ်ဘက်အငြိုးအတေးများကို မြင်နေရသည်။

ယင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာလေလေ၊ ရခိုင်ပြည်နယ်ကို စစ်ကောင်စီက အရပ်ဘက်အုပ်ချုပ်မှု ဝေးကွာရာသို့ တဖြေးဖြေးတွန်းပို့ရာ ရောက်လာနိုင်သည်။ ထို့အပြင် အခြားတဘက်တွင်လည်း AA တိုက်ပွဲနောက်ကွယ်တွင် လက်ရှိ PDF အပါအဝင် တခြားသော တော်လှန်ရေး တပ်ဖွဲ့များအတွက်လည်း မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် များစွာရိုက်ခတ်မှုများရှိလာနိုင်သည်မှာ မလွဲနိုင်ပေ။

လက်ရှိ တကျော့ပြန်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ၏ အတိမ်အနက်သည် ရခိုင်လူမျိုးတို့၏ ပဒေသရာဇ်နိုင်ငံတော် သမိုင်းများနှင့် ရခိုင်လူမျိုးတို့၏ ခေတ်သစ်အမျိုးသားနိုင်ငံတော်ကို အခြေခံထားသည့် အမျိုးသားရေး တိမ်းညွှတ်မှုများက လွှမ်းမိုးထားခြင်းများရှိနေသည်။

ခြုံငုံကြည့်လျှင် FPNCC အဖွဲ့ တွေ့ဆုံမှုတွင် သူတို့၏ အထက်ပါ နိုင်ငံရေးမူဝါဒများကို လတ်တလော၌ အကောင်အထည်ဖော်သည်ဖြစ်စေ၊ မဖော်ဆောင်နိုင်သေးသည်ပင်ဖြစ်စေ သူတို့၏ ခိုင်မာကျစ်လစ်သည့် မဟာမိတ်ဆက်ဆံရေးကို ပြသနေခြင်းမှာ စစ်ကောင်စီအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သက်ရောက်နိုင်သည်။

အချုပ်အားဖြင့် ရခိုင်စစ်ပွဲနောက်ကွယ်မှာ FPNCC ရှိ၊ မရှိဆိုသည်မှာ ယတိပြတ်ပြောရန်ခက်သော်လည်း တနည်းတဖုံဖြင့် အကူအညီများ သက်ရောက်မှုရှိနိုင်ကြောင်း မှန်းဆရသည်။ ထိုသို့ စဉ်းစားစရာ အချက်အလက်များစွာဖြင့် မြေပြင်အခြေအနေများကို သုံးသပ်ကြည့်လျှင် AA သည် သူ၏

မဟာမိတ်များနှင့် တွေ့ဆုံခြင်းမှ စစ်နည်းဗျူဟာအပါအဝင် တခြားသောအကူအညီများ၊ အကြံဉာဏ်များဖြင့် ပြင်းထန်သော တိုက်ပွဲများကို စောင့်ကြည့်ရဦးမည်ပင်။

ဂေါင် - ရေးသည်။

ဗီဒီယိုများ