ပဋိပက္ခကြားထဲက ရောဂါကပ်ဆိုး ဆိုက်နေတဲ့ နိုင်ငံ

ဗမာနိုင်ငံရေးခေါင်းဆောင်တွေဟာ နိုင်ငံကို ဗမာနိုင်ငံအဖြစ်ရှုမြင်ထားကြပြီး နိုင်ငံတစ်ခုတည်ဆောက်ရာမှာ  အရေးကြီးတဲ့ ကြင်အင်လက္ခဏာ (Nation Building ) တည်ဆောက်ရာမှာ ဗမာမဟုတ်တဲ့ တစ်ခြားတိုင်းရင်း သားတွေရဲ့ ကြင်အင်လက္ခဏာကိုအသိအမှတ်မပြုလိုမှုဟာ ယနေ့စစ်တပ်ခေါင်းဆောင်တွေနဲ့ ဗမာနိုင်ငံရေး သမားခေါင်းဆောင်တွေကြား တူညီတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ကြင်အင်လက္ခဏာ တည် ဆောက်ခြင်းကို စာရေးသူအနေဖြင့် အကျယ်တော့မရေးလိုတော့ပါဘူး။

22 Jul 2021

DMG ၊ ဇူလိုင် ၂၂

(ဆောင်းပါး)

ငရဲ လို့ပြောလိုက်ရင် ကျနော်တို့အားလုံး များစွာသောဆင်းရဲခြင်းကို အလိုလို ပြေးမြင်မိကြမယ်ထင်ပါတယ်။ ငရဲမှာ ချမ်းသာသူမရှိပါဘူး။ အဲဒါကြောင့်လည်း ငရဲဘုံကို - ဆင်းရဲခြင်းလို့ ပြောဆိုကြတာပါ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ယနေ့ဖြစ်နေတဲ့ ဖြစ်ရပ်တွေအားလုံးကို ပြန်ကြည့်ရင် လူတိုင်းရင်မော စိတ်ဆင်းရဲကြရမယ့် အခြေအနေ ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

မြန်မာနိုင်ငံလို့ စတင်ပေါ်ပေါက်လာခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ခုနစ်ဆယ်ကျော် ကာလကစပြီး ပြည်တွင်းပဋိပက္ခများ စွာကို ရင်ဆိုင်ခဲ့ရကာ စစ်အာဏာရှင်များ တောက်လျှောက် အုပ်ချုပ်လာခဲ့ပြီး လူမျိုး၊ နယ်မြေ အချုပ်အခြာအာဏာ ပဋိပက္ခတွေရဲ့ နိုင်ငံရေး အငြင်းပွားမှုတွေကြားမှာ လူပေါင်းများစွာ အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်း အာဏာရှင်အဆက်ဆက်ကတော့ ထားစရာမရှိအောင် ချမ်းသာသွားခဲ့ကြတဲ့ စစ်အာဏာရှင်နိုင်ငံတော်ကြီးဆိုရင်လည်း မှားစရာအကြောင်းတော့ မရှိနိုင်ပါဘူး။

စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်သန်းရွှေလက်ထက်မှာ စားစရာမရှိတော့လို့ ရွာတွေကိုပတ်ပြီး ဆန်တောင်းစားကြရတဲ့ လယ်သမားတွေဟာ (သူတောင်းစား) အဆင့်ပမာ ငတ်မွတ်တဲ့ ကပ်ဘေးဆိုးကြီးကို အချိန်ကြာမြင့်စွာ ခံစားခဲ့ကြရတာကို ဒီနေ့ထိ စာရေးသူမြင်ယောင်မိနေပါသေးတယ်။ ရောဂါဖြစ်လို့ ကုစရာ ဆေးရုံမရှိ ၊ ငွေမရှိ ဌာနဆိုင်ရာတွေရဲ့ အကျင့်ပျက်ခြစားမှု ၊ အာဏာပြဗိုလ်ကျစိုးမိုးမှုတွေကြားမှာ ကျနော်တို့ရဲ့  တိုင်းသူပြည်သားတွေ အထူးသဖြင့် ကျေးလက်ဒေသ တောသူတောင်သားတွေရဲ့ လူဖြစ်ရခြင်းဘဝဟာ အလွန်စက်ဆုတ်ဖွယ်ကောင်းတဲ့ အတိတ်ကာလတချို့ကို ဆိုးရွားစွာနဲ့ ဖြတ်သန်းနေလာခဲ့ကြရတာပါ။

စစ်အာဏာရှင်အလွန် (၂၀၁၁) ခုနှစ်ကစတင်ပြီး (၂၀၂၀) ထိ အရပ်သားအစိုးရအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ကို ခဏတာ ဖြတ်သန်းခဲ့ကြရပေမယ့် (၂၀၂၁ ) ဖေဖေါ်ဝါရီ (၁) ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့မှုကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရကာ  လူထောင်ပေါင်းများစွာ စစ်တပ်ရဲ့ဖမ်းဆီးမှုကို ခံထားကြရပြီး လူထောင်ပေါင်းများစွာ ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။
မြန်မာနိုင်ငံ ပဋိပက္ခကိုပြန်ကြည့်ရင်  အသွင်နှစ်မျိုးကို လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ တစ်မျိုးက နိုင်ငံတော် အာဏာကို စစ်တပ်က ကိုင်တွယ်ထားချင်တာကြောင့် စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်တဲ့ ပုန်ကန်မှုကြောင့် ဖြစ်နေတဲ့ ပဋိပက္ခနဲ့၊ ဗြိတိသျှ လက်ထက်က လွပ်လပ်ရေးကို ရယူကြစဉ်ကတည်းက နိုင်ငံကို ကိုလိုနီပြုချင်တဲ့ ဗမာအမျိုးသားရေးဝါဒီ လွှမ်းမိုးလိုမှုကို လက်မခံတဲ့ ဗမာမဟုတ်တဲ့ တစ်ခြားတိုင်းရင်းသားတွေနဲ့ ဗမာနိုင်ငံရေးခေါင်းဆောင် အမျိုးသားရေးဝါဒီတွေနဲ့ ကြားကနိုင်ငံရေးအမြင် ပဋိပက္ခဖြစ်ပါတယ်။

ဗမာနိုင်ငံရေးခေါင်းဆောင်တွေဟာ နိုင်ငံကို ဗမာနိုင်ငံအဖြစ်ရှုမြင်ထားကြပြီး နိုင်ငံတစ်ခုတည်ဆောက်ရာမှာ  အရေးကြီးတဲ့ ကြင်အင်လက္ခဏာ (Nation Building ) တည်ဆောက်ရာမှာ ဗမာမဟုတ်တဲ့ တစ်ခြားတိုင်းရင်း သားတွေရဲ့ ကြင်အင်လက္ခဏာကိုအသိအမှတ်မပြုလိုမှုဟာ ယနေ့စစ်တပ်ခေါင်းဆောင်တွေနဲ့ ဗမာနိုင်ငံရေး သမားခေါင်းဆောင်တွေကြား တူညီတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ကြင်အင်လက္ခဏာ တည် ဆောက်ခြင်းကို စာရေးသူအနေဖြင့် အကျယ်တော့မရေးလိုတော့ပါဘူး။

အကျဉ်းအားဖြင့်ပြောရရင်တော့ နိုင်ငံရဲ့ သာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာအားလုံးကို ဗမာ မှုပြုလိုခြင်းဖြစ်ပါတယ်။ အဲဒီရဲ့ နောက်ကွယ်မှာတော့ အာဏာကို အမြဲတန်း ဗဟို့ခေါ်တဲ့ ပြည်ထောင်စုက ကိုင်တွယ် ချယ်လှယ်လိုခြင်းနဲ့ ဗဟိုအစိုးရဟာ နိုင်ငံရဲ့ လူများစု ဗမာတွေသာလျှင်ဖြစ်နေရမယ်ဆိုတဲ့ မူဝါဒ ကိုချမှတ်တာဘဲဖြစ်ပါတယ်။ ဆိုလိုတာက  ဒီနိုင်ငံရဲ့ လူနည်းစုတွေဖြစ်တဲ့ ပြည်နယ်တွေဟာ ကိုယ်ပိုင်ပြ ဌာန်းပိုင်ခွင့် သယံဇာတအကျိုးခံစားပိုင်ခွင့် စီမံပိုင်ခွင့်အားလုံးကို ချုပ်ကိုင်ချယ်လှယ်လိုတာဖြစ်ပါတယ်။

ပြည်နယ်တွေပိုင်ဆိုင်တဲ့ သစ်တောတွေ၊ ရေနံတွေ၊ ကျောက်စိမ်းတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ရေထွက် ပစ္စည်း တွေ သားငါးတွေ ၊မြေယာတွေအားလုံးဟာ ပြည်မဗဟိုရဲ့ ခွင့်ပြုချက် အတိုင်းသာဖြစ်ရမယ်ဆိုတဲ့ ကိုလိုနီအ ငွေ့အသက်တွေနဲ့ အုပ်ချုပ်တာကိုပြောတာပါ။ ဒီနိုင်ငံရေး ဗိုလ်ကျလိုမှု စနစ်ကို ဗမာမဟုတ်တဲ့ တိုင်းရင်းသား တွေ မကြိုက်ကြလို့ လက်နက်ကိုင် တော်လှန်ကြပေမယ့် နိုင်ငံရဲ့ဘဏ္ဌာအားလုံးကိုပိုင်ဆိုင် ထားတဲ့ ကမ္ဘာ့တ ရားဝင်အစိုးရကို အမြစ်ပြတ် တိုက်ထုတ်ပစ်နိုင်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ မလွယ်ကူ နိုင်လို့လည်း သူမနိုင် ကိုယ်မရှုံးဘဝနဲ့ ရာစုနှစ်ထက်ဝက်ကျော်ကာလထိ ပြည်တွင်စစ်မီး တောက်လောင်နေတာပါ။

မြန်မာစစ်တပ်ဟာ လက်နက်ကိုင်တော်လှန်ရေးကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ မြန်မာနိုင်ငံ အနာဂတ်သို့ ရုပ်ပြအဖြစ် အရပ်သားအစိုးရလက်ထက်မှာ လုပ်ပြခဲ့ပေမယ့်လည်း တစ်ကယ်တန်း အနှစ်သာ ရပိုင်းမှာ အဓိပ္ပါယ်မရှိခဲ့ပါဘူး။ အရပ်သားအစိုးရလက်ထဲက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး တဲ့ နောက်ပိုင်း အခုခြောက်လကျော်ကာလ အတွင်းမှာတော့ မြန်မာ့ပြည်တွင်းစစ် ငြိမ်းချမ်းရေးလမ်းကြောင်း ဟာ လုံးလုံးကြီးကို ပျောက်ခြင်းမလှ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အခု စစ်တပ်က နိုင်ငံတော်အာဏာကို အာဏာသိမ်းယူလိုက်တဲ့အချိန်ဟာ ကမ္ဘာ့ကပ်ရောဂါ (COVID-19 ) ကို တစ်ကမ္ဘာလုံးရင်ဆိုင် နေရတဲ့ အချိန်ဖြစ်သလို မြန်မာနိုင်ငံဟာလည်း (၂၀၁၉-၂၀) ပညာသင်နှစ် တစ်ခုလုံးကို ရပ်နားထားခဲ့ရပြီး ကိုဗစ်အန္တရာယ် ဒုတိကအကျော့ကို အကြီးအကျယ်ရင်ဆိုင်ခဲ့ရတာပါ ။ အရပ်သားအစိုးရ လက်ထက် ကိုဗစ် အန္တရာယ်ကို ရင်ဆိုင်ခဲ့စဉ်မှာ ဆရာဝန်တွေ၊ ပြည်သူတွေက စေတနာဝန်ထမ်းတွေအဖြစ် တက်ကြွ စွာပါဝင်လာခဲ့ကြတာကိုတွေ့ရပြီး မြန်မာနိုင်ငံရဲ့ ကိုဗစ်ဒုတိယအကြိမ် ဝင်ရောက်ခြင်းကို လူအသေ အပျောက်နည်းစွာနဲ့ ဖြတ်သန်းနိုင်ခဲ့တာကိုတွေ့ရပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာ ခြောက်လကျော်ကြာလာတဲ့အထိ အုပ်ချုပ်ရေး ယန္တ ရားကို ကောင်းမွန်စွာမလည်ပတ်နိုင်သေးသလို တရုတ်နဲ့ ရာရှားနိုင်ငံကလွဲပြီး တစ်ခြားကမ္ဘာ့အင်အားကြီး နိုင်ငံအများစုတွေက အသိအမှတ်ပြုမှုကိုမရသေးတာကိုတွေ့ရပါတယ်။ အင်းအားကြီးနိုင်ငံတွေရဲ့ အရေးယူ ဓာဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် နိုင်ငံစီးပွားရေးထိုးကျနေသလို နိုင်ငံရဲ့ ပုဂ္ဂလိကဘဏ်တွေတောင် ကောင်း မွန်စွာအလုပ်မလုပ်နိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။

ပြည်သူလူထုအနေနဲ့လည်း ဘဏ်အပ်ငွေတွေ လုံးဝမရှိတော့ဘဲ ထုတ်ငွေတွေ အဆမတန်များနေတာကြောင့် ဘဏ်တွေမပြိုလဲအောင် ဘဏ်လုပ်ငန်းရှင်တွေ ထိမ်းသိမ်းနေရတာကိုတွေ့နေရပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွား ရေးကို မီးမောင်းထိုးပြနေတာဖြစ်သလို အနည်းငယ်သော နိုင်ငံထုတ်ကုန်တွေဖြစ်တဲ့ အထည်ချုပ်စက်ရုံပေါင်း ရာချီ ပိတ်သိမ်းလိုက်ခြင်းကြောင့် နိုင်ငံရဲ့ အလွန်နည်းပါးတဲ့ ထုတ်ကုန်လုပ်ငန်းအများစု ရပ်ဆိုင်သွားခဲ့ပြီး စက်ရုံအလုပ်သမားပေါင်း သန်းနဲ့ချီ အလုပ်လက်မဲ့ ဘဝကို ရင်ဆိုင်နေရပါတယ်။

COVID-19 ဟာ စစ်တပ်ကနိုင်ငံအာဏာကိုသိမ်းယူလိုက်ပြီး ခြောက်လအကြာ (၂၀၂၁)  ဇွန်လမှာ တတိယ လှိုင်းအဖြစ် မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာခဲ့ပြန်ပါပြီ။ ဒီတစ်ကြိမ်ရောဂါဖြစ်ပွားနှုန်းဟာ ပထမ၊ဒုတိယ အကြိမ်ထက်များစွာပြင်းထန်ပြီး တစ်ရက်ကို ရန်ကုန်တစ်မြို့တည်းမှာတင် လူပေါင်း ထောင်ချီ သေဆုံး နေ တာကိုတွေ့ရပါတယ်။ ကိုဗစ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တာကြောင့် လက်ရှိ ကိုဗစ် ပိုးကူးစက်ခံရသူအများစုဟာ အောက်စီဂျင် အစားထိုး ရှုသွင်းနေရပြီး အောက်စီဂျင်မလုံလောက်မှုဟာ နေရာ တိုင်းမှာ တွေရှိနေတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြည်နယ်စစ်ကောင်စီက အောက်စီဂျင်အလုံ အလောက်ရှိကြောင်း ထုတ်ဖေါ်ပြောဆိုပြီးတဲ့နောက် တစ်ပတ်အတွင်း စစ်တွေဆေးရုံအတွင်း အောက်စီဂျင် ပြတ်လပ်မှုကြောင့်သေဆုံးနေရတာကိုကြည့်ရင် စစ်ကောင်စီရဲ့ စီမံခန့်ခွဲပုံ လွဲမှားနေပြီဆိုတာသိသာပါတယ်။

ရခိုင်ပြည်နယ်ဟာ စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိသလို အာဏာ သိမ်း ယူမှုအပေါ်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု မရှိသလောက်နည်းတဲ့ပြည်နယ်လည်းဖြစ်ပါတယ်။ စစ်ကောင်စီ အစိုးရရဲ့ စီမံအုပ်ချုပ်ချုပ်မှုအပေါ်လည်း ရခိုင်လူထုဘက်က ဘာတုန့်ပြန်မှုမှမရှိပါဘူး။ နိုင်ငံအတိုင်းအတာနဲ့ ကြည့်ပါက ရခိုင်ပြည်ဟာ စစ်တပ်က နိုင်ငံတော်အာဏာကို အာဏာသိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်း တည်ငြိမ် နေတဲ့ပြည်နယ်လည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ ကိုဗစ် ဒုတိယလှိုင်းကာလက သတင်းအချက်အလက်အလက်ရယူမှုကိုဖြတ်တောက်ခံ ထားခဲ့ရသလို  မြန်မာစစ်တပ်ရဲ့ အကြီးအကျယ်ထိုးစစ်ဆင်မှုတွေကြားမှာ ပြည်သူလူထုဟာ ခက်ခဲစွာဖြတ် သန်းခဲ့ရပေမယ့် ခုတစ်ကြိမ်လောက်ထိ လူသေမှုမရှိခဲ့သလို ကူးစက်သူဦးရေလည်း နည်းပါးခဲ့တာကိုတွေ့ရ ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းကို ရခိုင်ကစတင်တွေခဲ့ပေမယ့် ပြည်မဆရာဝန်တွေဟာ ချက်ချင်း ရခိုင်မာတာဝန် ထမ်းဆောင်ဖို့ ရောက်ရှိလာခဲ့ပြီး ကူညီပေးခဲ့ကြတာပါ။

လက်ရှိတတိယလှိုင်းအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်ကူးစက်မှုနှန်းဟာ ပိုမိုကြီးထွားလာနေသ လို နိုင်ငံရဲ့ကျန်းမာရေးစောင့် ရှောက်မှု ဟာလည်း အားရစရာမရှိသေးတာကို တွေ့ရပါတယ်။ နိုင်ငံဆင်းရဲမွေး တေမှုနဲ့ ပဋိပက္ခတွေကြားက ပြည်သူတွေဟာ ကိုဗစ်ရန်ကို ခုခုံဖို့ခက်ခဲနေဦးမှာ ဖြစ်ပေမယ့် စစ်ကောင်စီအနေ နဲ့ တော့သိသာတဲ့ ပြင်ဆင်မှု ကို လုံးဝမတွေ့ရဘဲ ပရဟိတသမားတွေနဲ့  မလုံလောက်တဲ့ ကျန်းမာရေးဝန် ထမ်းတွေကသာ အားသွန်ခွန်စိုက် ကြိုးစားပေးနေကြတာ ကိုတွေ့ရပါတယ်။

ကိုဗစ်တတိယလှိုင်းရဲ့ အဓိကတိုက်ခိုက်ခံရတဲ့ လူနာအများစုဟာ ခန္ဓာကိုယ်အတွင်း အောက်စီဂျင် ကျဆင်း လာစေပြီး  သေဆုံးသူများလာနေတာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာတော့ မြို့တိုင်းနီးပါးဟာ ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ အောက်စီဂျင်စက်ရုံတွေတည်ဆောက်ဖို့ ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။ ဒါဟာနိုင်ငံ တစ်ခုအတွက်တော့ ဦးဆောင်တာဝန်ယူမှု ကင်းမဲ့နေပြီဆိုတာကို ပြသတာဖြစ်သလို ကျန်းမာရေးစောင့် ရှောက်မှုတောင် လူထုအတွက် လုပ်မပေးနိုင်လောက်တဲ့အထိ ဆင်းရဲနေပြီဆိုတာကိုပြသနေတာလည်း ဖြစ် ပါတယ်။

နိုင်ငံဟာ ပိတ်ဆို့အရေးယူခံထားရတာကြောင့် ငွေကြေးအပါအဝင် တစ်ခြားသော ကမ္ဘာ့နိုင်ငံတွေရဲ့ အကူအ ညီလည်းပြတ်လပ်နေဆဲကာလပါ။ လူထုမှာရှိနေတဲ့ ငွေကြေးတစ်ချို့ကလည်း ဘဏ်လုပ်ငန်းမလည်ပတ်တာ ကြောင့် လုပ်ငန်းအားလုံးနီးပါက ရပ်နေတဲ့အခြေအနေဖြစ်ပါတယ်။ ဒီကာလမှာ ဆိုးဝါးတဲ့ ကပ်ရောဂါကိုရင် ဆိုင်ဖို့ ပြည်သူတွေအတွက် အလွန်ခက်ခဲစေမှာသေချာပါလိမ္မယ်။ ကိုဗစ်ဒုတိယလှိုင်းမှာ အမေရိကန်လို ကမ္ဘာ့ အင်အားကြီး အချမ်းသာဆုံးနိုင်ငံ ကိုတောင် လူသန်းချီသေစေခဲ့တာပါ။ ဒါကြောင့် ကျနော်တို့လိုဆင်းရဲတဲ့ နိုင်ငံ အနေနဲ့ မဖြစ်မနေလိုက်နာရမယ့် စည်းကမ်းတွေကိုချမှတ်ဖို့လိုအပ်သလို မရှိဆင်းရဲသားများအတွက်လည်း လိုအပ်တဲ့ အကူအညီတွေကို မဖြစ်မနေပံ့ပိုးပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒါကြောင့် ခုလိုပြင်ထန်တဲ့ ကူးစက်ရောဂါကိုဗစ်ကို ရင်ဆိုင်ဖို့ ပြည်သူတွေ ကို (Stay at home) တစ်ခုတည်း နဲ့မလုံလောက်သလို လက်ဆေးပါ အော်နေရုံနဲ့လည်းမလုံလောက်တော့ပါဘူး။ နိုင်ငံတော်အဆင့် ပရိုဂရမ်တွေ ချ မှတ်တာတွေ ၊ အလုပ်လက်မဲ့ စတေးဟုန်းတွေကို ကူညီပေးတာတွေကို  နိုင်ငံတော်အဆင့်အနေနဲ့ လုပ် ဆောင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒီနေ့သတင်းတစ်ခုအရ ရဲတပ်ဖွဲ့ဝင်ပေါင်းတစ်သောင်းကျော်ကို ကိုဗစ်ကူး စက်ခံထားရတယ်လို့ဆိုပါတယ်။ ဆေးရုံတွေအတွင်း အာစီဂျင် မလုံလောက်မှုတွေကြောင့် မသေသင့်ဘဲ သေ နေရတာတွေ၊ ရန်ကုန်သုဿန်တွေမှာ သင်္ဂြိုလ်မကုန်လို့ အလောင်းတွေ တောင်ပုံယာပုံဖြစ် နေရတာတွေဟာ  အလွန်ဆိုးရွားတဲ့ စီမံခန့်ခွဲမှုကိုပြသနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာတော့ ဒီနေ့ထိကိုဗစ်နဲ့သေဆုံးသူ တစ်လအတွင်း လူခြောက်ဆယ်ထိရှိလာပြီး ကူး စက်ခံထားရသူပေါင်း (၁၆၀၀) ကျော် ရှိနေပြီလို့ဆိုပါတယ်။ ကိုဗစ်ဟာ ကူးစက်မှုကိုမြန်ဆန်စေပြီး အသက် ကြီး ပိုင်းတွေက ကိုဗစ်တိုက်ခိုက်တာကို  ခံနိုင်ရည်နည်းပါးကြတာကိုတွေ့ရပါတယ်။ ကျနော် လေ့လာမိသလောက် ပတ်ဝန်းကျင်မှာတော့ အနံ့ပျောက်ပြီးအိမ်တွင်းပုန်း ကုသနေသူတွေများစွာရှိနေနိုင်ပါသေးတယ်။ ကိုဗစ် ကူးစက်မှုဟာ လက်ရှိအတိုင်းဆိုပါက ပိုမိုတိုးလာနိုင်ခြေရှိသလို လူတွေအနေဖြင့်လည်း ဆင်းရဲမွဲတေမှုကြားက ကိုဗစ်ရန် ကိုကာကွယ်ဖို့ ဘယ်လောက်ထိ ခုခံနိုင်မလဲဆိုတာ စိုးရိမ်စရာဖြစ်မှာပါ။

စစ်ကောင်စီအနေနဲ့ အခုထက်ပိုမိုပြင်ဆင်မှုတွေကို ပြင်ဆင်ဖို့လိုအပ်နေသေးပေမယ့် အုပ်ချုပ်ရေးယန္တရား ခိုင်မာမှုမရှိသေးတာကို တွေ့ရပါတယ်။ ကိုဗစ်တတိယလှိုင်းကိုသာ အချိန်တိုအတွင်း မတိုက်ထုတ်နိုင်ခဲ့ပါက နိုင်ငံ အတွင်း အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး အခက်အခဲကပိုမိုကြီးထွား လာနိုင်သလို သေပျောက်မှုနှုန်းကလည်း လက်ရှိကာလနဲ့နှိုင်းယှဉ်ပါက ပိုမိုဆိုးရွာသွားစေပါလိမ္မယ်။

ပြည်သူတော့အနေဖြင့်တော့ ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေကို မိမိအသိနဲ့ လိုက်နာဖို့လိုအပ်သလို ကိုဗစ် ကာလမှာချွေတာသုံးစွဲပြီး အငတ်ဘေးမဆိုက်ရအောင် အချင်းချင်းကူညီပေးနိုင်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ကိုဗစ်ကိုသာ ကောင်းစွာ မကာကွယ်နိုင်ခဲ့ဘူးဆိုပါက ဆိုးရွားတဲ့ နိုင်ငံရေးဖြစ်တည်မှုကနေ အငတ်ဘေးဆိုက်တဲ့အထိ ပြည်သူဘဝတွေ ကြုံတွေ့ရနိုင်တယ်လို့မြင်ပါတယ်။

ပြည်သူအားလုံး ( COVID-19 )ရန်က ကင်းဝေးပြီး ဘေးအန္တရာယ်အပေါင်းက ကင်းလွတ်နိုင်ကြပါစေ။

မင်းထီး ရေးသားသည်

ဗီဒီယိုများ