ခေတ်လေးခေတ် ရခိုင့်ဘုရင့်ဝတ်စားဆင်ယင်မှုများကို ၁၀ နှစ်ကျော်ကြာ လုပ်ကိုင်နေသူ

“အခုလိုမျိုး တိုက်ပုံဝတ်တယ် ဆံထုံးထုံးတယ်။ နားကပ်ဝတ်တယ်ဆိုတာကို အများကြီးရူတ်ချခဲ့တာတွေရှိတယ်။ ဘာလဲ ဒီလူက သူတယောက်တည်း ရခိုင်သားလား၊သူပဲရခိုင်လို့ ခံယူထားလား၊ ကျန်တဲ့ရခိုင်သားတွေက ဘာလဲ၊ ဘယ်လဲ ဆိုတာတွေ တိုက်ခိုက်ခဲ့တာတွေ အများကြီးရှိတယ်။”

By ခင်ဖုန်းသူသူဇော် 14 Jun 2021

DMG ၊ ဇွန် ၁၄

(Profile)

“အတွေးပေါ်တာက ဘယ်လိုပြောရမလဲ ကျနော်တို့ ရခိုင်မှာ ရခိုင့်ဘုရင်တွေရဲ့ ဝတ်စားဆင်ယင်မူတွေ တစ်ခုခုကို ဖော်ကျူးရမယ်ဆိုပြီး မဖော်ကျူးဘဲ တစ်ခါလာလည်း ဗမာပြည်က အဝတ်တွေနဲ့။ နောက်ပြီးတော့ ရှင်လောင်းဖြစ်ပြီးတော့မှ ကျက်သရေမရှိ မင်္ဂလာမရှိ၊ ဗလာခတ်တွေဝင်နေတယ်။ ဗလာခတ်တွေက မင်္ဂလာ မရှိ၊ အဲဒါတွေကို မြင်လာတော့ အတွေးလုံလာတယ်။ အဲဒါကြောင့် လုပ်ဖြစ်သွားတာပါ။ ”

သူကတော့ ရခိုင်ပြည် ပေါက်တောမြို့က အသက် ၆၇ နှစ်အဖိုးရှင် ဂနစိန်လို့ လူသိများတဲ့ ဦးခိုင်ဝဏ ဖြစ်ပါတယ်။

အဖိုးရှင်ဟာ ရခိုင်က ရှင်ပြုပွဲတွေမှာ ရှင်လောင်းတွေဝတ်ဆင်တဲ့ အဝတ်တန်ဆာတွေမှာ ဗမာပြည်ဘက်ကလာတဲ့ အဝတ်တွေဆိုရင် စလွယ်သိုင်းထားတာကို တွေ့မြင်ရတဲ့အတွက် အဲဒါတွေဟာ မိမိတို့ ရခိုင်ရိုးရာနဲ့ မကိုက်ညီတဲ့တွက် ရှေးရခိုင်ဘုရင်တွေရဲ့ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုတွေကို ဖေါ်ထုတ်တဲ့အနေနဲ့ လုပ်နေတာဖြစ်ပါတယ်။

အဖိုးသျှင် ဂနစိန်ကို အဖိုးသျှင် ပဝေသဏီခေါ်ပြီးတော့ အမည်ရင်းက ဦးခိုင်ဝဏဖြစ်ပါတယ်။ အဖိုးရှင်ဟာ အရင်က ရေဒီယိုပြင်တဲ့လုပ်ငန်းကို အသက်နှစ်ဆယ်ကျော်ကနေ အသက် ၅၀ ကျော်အထိ နှစ်ပေါင်း ၃၀ လောက် လုပ်ကိုင်ခဲ့ပါတယ်။

အသက် ၅၅ နှစ်လောက်မှာ အနားယူပြီးတော့ စာပေလောကထဲဝင်ပြီး အဖိုးရှင်ကလောင်နာမည်နဲ့ ကဗျာရေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် အခုချိန်မှာတော့ ရှင်ပြုပွဲမှာအသုံးပြုတဲ့ ကိုရင်လောင်း အဝတ်အစားတွေ လုပ်တဲ့လုပ်ငန်းနဲ့ မင်္ဂလာဆောင်တွေမှာ အသုံးပြုတဲ့ သတိုးသား၊ သတိုးသားသမီး ခေါင်းသျှောင်တွေ လုပ်တဲ့လုပ်ငန်းကို ပြောင်းလုပ်ကိုင်နေပါတယ်။ အခုအလုပ်ကို လုပ်နေတာဟာဆိုရင်ဖြင့် ၁၂ နှစ်ကျော်အထိ ရှိလာနေပါပြီ။

ဒါ့အပြင် ဒီပညာကို သင်ယူတဲ့အခါမှာလည်း ဆရာမရှိပါဘူး။ ဒါပေမယ့် တချို့လူတွေဆီက အမြင်ဖြင့်သာသင်ယူပြီးတော့ မိမိကိုယ်တိုင် ခေတ်လေးခတ်ဘုရင့်ဝတ်စားဆင်ယင်မှုမျိုးကို လေ့လာရှာဖွေ့ပြီးတော့ လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သူဟာ ရှင်ပြုပွဲတွေရှိတဲ့ အချိန်ဆို ပွဲလိုက်ပြီးတော့ ဝတ်စားဆင်ယင်ပေးတာတွေ လုပ်ပေးနေပါတယ်။ ငှားရမ်းခအနေနဲ့ အဝတ်တန်ဆာအစုံအလင်ပါတဲ့အတွက် မောင်ရှင်လောင်းတစ်ဦးဆိုရင် ၆ သောင်း၊ နှစ်ပါးဆိုရင် ခုနှစ်သောင်းခွဲစတဲ့ အချိုးချိုးနဲ့ ငှားပေးတာပါ။  

သူအနေနဲ့ ကိုယ်တိုင်ပွဲလိုက်ပြီးတော့ အဝတ်အစားတွေကို ဆင်ယင်ပေးတာတွေလည်း လုပ်တယ်လို့ ဆိုပါတယ်။

“မင်းဝတ်တန်ဆာ ခေတ်လေးခေတ်ပေါ့၊ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦး ခေတ်တွေရဲ့  အဝတ်အစားတွေကို ဖော်ကျူးပြီးတော့ ရှင်ပြုပွဲတွေမှာ ပွဲလိုက်ပေးနေတယ်။ ”
အဲဒီလို ပွဲလိုက်တဲ့အခါမှာ တချို့ပွဲတွေမှာဆိုရင် ကိုရင်လောင်းတွေကို ထီးတော်မိုးတဲ့လူတွေက သူတို့ရဲ့အဝတ်တန်ဆာတွေကို မဝတ်လိုဘူးလို့  ငြင်းဆိုတာနဲ့ ပတ်သတ်ပြီး အခက်အခဲကြုံတွေ့ရတာလည်း ရှိတယ်လို့ အဖိုးရှင်က ပြောပါတယ်။

တချို့ပွဲတွေမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ရော ဒါကို ဝတ်ဆိုရင် မဝတ်ရဲဘူး၊ ထီးဆောင်ဖို့ အတွက်လည်း ဒါကို ဝတ်ဖို့လို့လိုလား၊ ဝတ်ရမယ် မောင်ရင်းလောင်က ဘုရင်လေ၊ ဒါကို ဝတ်ရမယ်၊ ဒါဆောင်ရမယ် ဆိုတာကို ဒါကို မဆောင်လို့မရဘူးလား၊ မင်းမဆောင်ရင် မောင်ရင်လောင်းလည်း နေပူခံပြီးတော့ သွားပစေ၊ မလိုဆိုတော့မှ သူတို့က ဝတ်ပါမယ်။ အဲဒါဆိုရင်လည်း အဲဒီလိုမျိုး၊ မင်းတို့ဘာဖြစ်လို့လဲ မောင်ရင်တို့ ကိုယ့်တို့ ရိုးရာအင်္ကျီဝတ်မယ့်ဟာကို ဘယ်လောက်ရှက်နေကြသလဲ၊ မင်းတို့ သူများရိုးရာကို သူများဝတ်စားဆင်ယင်မှုကို အတုယူပြီး ဝတ်နေကြတာမှ ပိုပြီးတော့ ရှက်စရာကောင်းတယ်၊ ဒါက ရခိုင့်ဘုရင့်အစဉ်အလာက ဝတ်ခဲ့တဲ့အဝတ်စားတွေ၊ ငါတို့ ဝတ်ရမယ်ဆိုတဲ့ခံယူချက်ကို ခံယူဆိုပြီးပြောပေးရသေးတယ်။ ”

အခုချိန်မှာတော့ အဲဒီလို ဝတ်ဆင်ပေးတာနဲ့ ပတ်သတ်ပြီး လူငယ်တွေ လက်ခံပေးနေတာတွေလည်း ရှိလာတယ်လို့ အဖိုးရှင်ဂနစိန်ကပြောပါတယ်။ တဖက်မှာဆိုရင်လည်း အဖိုးသျှင်ဟာ နားအနည်းငယ်လေးတာ၊ မျက်လုံးမကောင်းတာတွေ စတဲ့ရောဂါအနည်းငယ် ရလာနေပါပြီ။

ဒါပေမဲ့ အဖိုးသျှင်ဟာ ရှင်ပြုရာသီဆိုရင် ရိုးရာအစဉ်အလာမပျက်စေဖို့ အလုပ်လုပ်ကိုင်နေပြီးတော့ သူရဲ့ ပုံမှန်အလုပ်တစ်ခုဖြစ်တဲ့ တရားထိုင်၊ ပုတီးစိပ့်တာကိုလည်း မပျက်မကွက် လုပ်တယ်လို့လည်းဆိုပါတယ်။

အဖိုးသျှင်ဆိုရင် အသက် ၂၀ ကျော် အရွယ်ကတည်းက တရားထိုင်တာ၊ ပုတီးစိပ့်တာတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရတယ်။ အခုဆိုရင် သူဟာ အဲဒီလိုမျိုး တရားထိုင်တာ၊ ပုတီးစိပ့်တာတွေကို နှစ်ပေါင်း လေးဆယ်ကျော်အထိ လုပ်လာနိုင်ခဲ့ပါတယ်။

အဖိုးသျှင်ဟာဆိုရင် အခုလုပ်နေတဲ့ မင်းဝတ်တန်ဆာအလုပ်နဲ့ပတ်သတ်ပြီး သူ့ပညာကို ဆက်လက်သင်ယူမယ့်လူ မရှိတာကြောင့် ဝမ်းနည်းမိတယ်လို့လည်း ပြောပါတယ်။

“သင်ပေးချင်တယ်။ ဘာကြောင့်လဲဆိုတော့ င့ါ့သေသွားရင် အမွေးအနှစ်လည်းပျောက်သွားမယ်။ သင်ပေးမယ် ဆိုပြီး facebook တွေကလည်း တိုက်တွန်းတယ်။ အဖိုးအခတစ်ကျပ်မှ မယူပဲသင်ပေးမယ်ဆိုပြီးခေါ်တယ်။ ဒါပေမဲ့ အဲဒါကို သင်နေကြတဲ့ စပ်ကြားမှာ သူတို့အနေနဲ့ ဝမ်းရေးမလုံဖို့ကြောက်တယ်အဲဒီလိုလည်း ရှိသေးတယ်။ အဲဒါကြောင်းလည်း အဖိုးရှင်ဝမ်းနည်းမိတယ် ”

တစ်ဖက်မှာလည်း အဖိုးရှင်ဟာ ရှေ့ခတ်လူတွေလို့ ဆံပင်ထုံးတာ၊ နားကပ်ဝတ်တာ၊ တိုက်ပုံအကျီဝတ်တာတွေနဲ့ ပန်းဖွာပုဆိုးဝတ်တာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင်  အခုလိုမျိုးဝတ်စားတာက မျိုးချစ်တာကြောင်း  ဝတ်စားဆင်ယင်တာဖြစ်တယ်လို့ အဖိုးရှင်က ပြောပါတယ်။

“အမျိုးချစ်တယ်ဆိုတာ ဘာသာအစဉ်အလာကိုလည်းချစ်ရမယ်၊ ကိုယ့်တို့ ရိုးရာယဉ်ကျေးမူတွေ မပမပျောက် ရအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရမယ်။အဲဒါကြောင့် ပါးစပ်က မျိုးချစ်ပါတယ် မျိုးချစ်ပါတယ်လို့ ပြောချင်သ လို့ပြော လူမျိုးတို့ရဲ့ လက္ခဏာ ရှိကိုရှိရမယ်။ ကိုယ့်ယဉ်ကျေးမူ ဝတ်စားဆင်ယင်မူကို ရှက်နေ လို့မရဘူး၊ ရှက်နေတာက မျိုးချစ်တာမဟုတ်ဘူး၊ ရိုးရာ ပျောက်ရင် ယဉ်ကျေးမူ ပျောက်တယ်။ ယဉ်ကျေးမူ ပျောက်ရင် လူမျိုးပါ ပျောက်တတ်တယ်။ ရိုးရာဝတ်စားဆင်ယင်မူ အစဉ်အလာယဉ်ကျေးမူတွေကို ထိန်းသိမ်းစောင့် ရှောက်နိုင်ဖို့လိုပါတယ်။”

အဖိုးရှင်ဟာ နားကပ်ကို ငယ်စဉ်ကတည်းက ဝတ်ဆင်ခဲ့ပြီးတော့ ဆယ်ကျော်သက်အရွယ်မှာတော့ နားကပ်တွေ ဝတ်ဆင်တာမျိုးမဟုတ်ဘဲ သာမန်လူများ ကဲ့သို့ နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် အသက် ၃၀ ကျော်လောက်မှာ ဆံထုံး ထုံးတာ၊ နားကပ်ဝတ်တာ၊ တိုက်ပုံအကျီ၊ ပန်းဖော်ပုဆိုးတွေကို ပြန်လည်ဝတ်ဆင်ခဲ့ပါတယ်။

ဆံပင်ထုံးတာက ရှေးယခင်ရခိုင်သားတွေမှာ အခုလိုမျိုးဝတ်စားဆင်ယင်နေခဲ့ပြီး နားကပ်ဝတ်တာလည်း ရှက်စရာမဟုတ်ဘူးလို့ အဖိုးရှင်ကပြောပါတယ်။  

“ဒီနားက တစ်ခုမှမရှိပဲဖြစ်နေတယ်။ ရှေ့အရင်ကဆိုရင် ယောကျာ်း၊မိန်းမတွေ အကုန်လုံးက နားမှာ နားကပ်မရှိဘူးဆိုရင် စိတ်ညစ်ခဲ့ရတာတွေရှိတယ်။ အရင်ကလူတွေဆိုရင် နားမှာနားကပ်မပါရင် အပြင်မထွက်ရဲ့ကြဘူး။ စာပေမှာလည်း တွေ့ရပါတယ်။ အရင်က ဆိုရင် နားပေါက်မရှိ၊ နားမထိုးရင် အရင်က ကဲ့ရဲ့ရခိုင်သားအချင်းချင်းကဲ့ရဲ့တာတွေရှိခဲ့တယ်။”

အခုလို ဆင်ယင်မူတွေနဲ့ အဖိုးရှင်ဟာ ထူးဆန်းနေခဲ့ပေမဲ့ အဖိုးသျှင်ရဲ့ အိမ်သူသက်ထားဖြစ်တဲ့ အဖွားမေသောင်းကြည့်နဲ့ အသက် ၃၀ အရွယ်လောက်မှာ ချစ်ကြိုက်ခဲ့ကြပြီးတော့ အခုအခါမှာတော့  အဖိုးသျှင်မှာ သမီးနှစ်ယောက်နဲ့အတူ နေထိုင်နေတာလည်းဖြစ်ပါတယ်။

အဖိုးသျှင်ရဲ့ ထူးဆန်းတဲ့အထုံးအဖွဲ့တွေကို အဖွားမေသောင်းကြည်အနေနဲ့ တစ်စုံတရာ ဝေဖန်တာမျိုးမရှိခဲ့တဲ့အပြင် အခုချိန်ထိ ပါရမီဖြည့်ဖက်အနေနဲ့ အဖွားမေသောင်းကြည်က အဖိုးသျှင်ကို ချစ်နေဆဲပါ။

“အခုလိုမျိုး တိုက်ပုံဝတ်တယ် ဆံထုံးထုံးတယ်။ နားကပ်ဝတ်တယ်ဆိုတာကို အများကြီးရူတ်ချခဲ့တာတွေရှိတယ်။ ဘာလဲ ဒီလူက သူတယောက်တည်း ရခိုင်သားလား၊သူပဲရခိုင်လို့ ခံယူထားလား၊ ကျန်တဲ့ရခိုင်သားတွေက ဘာလဲ၊ ဘယ်လဲ ဆိုတာတွေ တိုက်ခိုက်ခဲ့တာတွေ အများကြီးရှိတယ်။”

အဲဒီလို ကဲ့ရဲ့မူတွေကို အများကြီးခံနေရတဲ့အချိန်မှာ အဲဒီလိုဝတ်ဆင်မှုကို စွန့်လွှတ်ဖို့ အကြိမ်ကြိမ် စဉ်စားခဲ့တယ်လို့ အဖိုးရှင်က ပြောပါတယ်။ သို့ပေမဲ့ ဒါက ရှက်စရာတစ်ခုမဟုတ်ဘဲ ပြောနေတဲ့ လူတွေကသာ ရှက်စရာဖြစ်ပြီး ပြန်လည်ချေပခဲ့တာတွေကို လုပ်ခဲ့တယ်လို့ အဖိုးရှင်က ဆိုပြန်ပါတယ်။

“မင်းတို့ဆီက ငွေနဲ့ ဝတ်တာမဟုတ်ဘူး၊ ကိုယ့်ငွေနဲ့ ကိုယ့်ဝတ်တာဆိုပြီး ပြန်ပြောခဲ့ရတာတွေရှိတယ်။ နားကပ်တွေ ဝယ်ဖို့အတွက် မင်းတို့ဆီက ငွေပေးရလား၊ အခုလိုမျိုး တိုက်ပုံဝတ်ဖို့အတွက် မင်းတို့ဆီက ပိုက်ဆံတောင်းခဲ့သလား၊ ဒါမှမဟုတ် ချေးခဲ့လား၊ အဲဒီလိုမျိုး ပြန်မေးရတာရှိတယ်။ အဲဒီလိုမျိုး အများကြီးပြောခဲ့ ရတာရှိတယ် အတိုက်အခံနဲ့ အခက်အခဲတွေအများကြီးရှိခဲ့တယ်။”
တိုးတက်ပြောင်းလဲနေတဲ့ ဒီခေတ်ကြီးထဲမှာ တစ်ချို့သော ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာစဉ်တွေဟာ တိမ်မြုပ်ပျောက်ကွယ်နေပါပြီ။

#ခိုင်ဖုန်းသူသူဇော် ရေးသားသည်_Jun_2021

ဗီဒီယိုများ