ရခိုင်မြေအိုးလုပ်ငန်း လုပ်ကိုင်သူနည်းပါးလာသဖြင့် ပျောက်ကွယ်လုနီးဖြစ်လာ

မြေအိုးလုပ်ငန်းကို ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် အဓိက လုပ်ကိုင်ခဲ့ကြသော်လည်း လက်ရှိတွင် အခက်အခဲအမျိုးမျိုးကြောင့် လုပ်ငန်းရပ်နားမှုများ ရှိလာနေသည်။ 

By Admin 07 Mar 2023

ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာမှ မြေအိုးလုပ်ငန်း လုပ်ကိုင်သူများကို တွေ့ရစဉ်။ 
ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာမှ မြေအိုးလုပ်ငန်း လုပ်ကိုင်သူများကို တွေ့ရစဉ်။ 

DMG ၊ မတ် ၇ 

ရခိုင်ပြည်အတွင်း မြေအိုးလုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်ကြမ်းရှားပါးခြင်း၊ ဈေးကောင်းမရရှိခြင်း၊ လုပ်သားများ နည်းပါးလာခြင်းတို့ကြောင့် လုပ်ငန်းရပ်နားကြသည်အထိ ရှိလာသဖြင့် ဒေသထွက်မြေအိုးလုပ်ငန်းများမှာ ပျောက်ကွယ်လုနီးပါးဖြစ်လာသည်ဟု မြေအိုးလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုကြသည်။

ပလတ်စတစ်ပစ္စည်းများ အစားထိုးဝင်ရောက်လာ၍ ဒေသထုတ် မြေအိုးလုပ်ငန်းများ မှေးမှိန်လာရသဖြင့် စားဝတ်နေရေး မဖူလုံမှုတို့ကြောင့် လုပ်ငန်းကို ရပ်နားလိုက်ရသည်ဟု မြေအိုးလုပ်ငန်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ လုပ်ကိုင်ခဲ့သည့် ရသေ့တောင်မြို့နယ်၊ ငတောက်တူကြီးကျေးရွာမှ ဒေါ်သိန်းမေချေက ပြောသည်။

“ပင်ပန်းလို့ မလုပ်တော့ဘူး။ အမြတ်ငွေလည်း မထွက်ဘူး။ စားဝတ်နေရေး မဖူလုံဘူး။ ပြီးရင် လုပ်သားလည်း ရှာမရဘူး။ အဲဒါကြောင့် အလုပ်ဆက်မလုပ်နိုင်တော့ဘဲ ရပ်လိုက်ရတယ်။ ပြီးတော့ မြေအိုးကို လူတွေ သိပ်မသုံးကြတော့ဘူး။ နိုင်ငံခြားက အစားထိုးကုန်စ္စည်းတွေ ဝင်လာတယ်။ သွပ်အိုးတွေ၊ ပလတ်စတစ်တွေပေါ့” ဟု သူက ပြောသည်။ 

ဒေသထွက်မြေအိုးများဖြစ်သည့် မီးဖို၊ စဉ့်အိုးကြီး၊ စဉ့်အိုးငယ်၊ သောက်ရေအိုး၊ အင်ဒုံ၊ ငရုပ်ထောင်းခွက်၊ ပန်းအိုး၊ ထမင်းအိုး၊ မင်္ဂလာအိုး၊ ဟင်းအိုး စသည့် အိုးအမျိုးအစားများကို ယခင်က ပုံမှန်ထုတ်လုပ်ခဲ့ရသည်။ 

သို့သော်လည်း နည်းပညာဖွံ့ဖြိုးလာမှုနှင့်အတူ လက်လုပ်မီးဖိုနေရာတွင် ဂတ်စ်မီးဖိုများ အစားထိုးဝင်လာခြင်း၊ စဉ့်အိုးကြီးနေရာများတွင် ပလတ်စတစ် ရေထည့်ဗူးကြီးများ သုံးလာခြင်းနှင့် သောက်ရေအိုးများ နေရာများတွင် ပလတ်စတစ် ရေသန့်ဘူးများ အစားထိုးဝင်လာသဖြင့် ဒေသထုတ် မြေအိုးလုပ်ငန်း မှေးမှိန်လာရခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် မြေအိုးလုပ်ငန်းကို ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် အဓိက လုပ်ကိုင်ခဲ့ကြသော်လည်း  လက်ရှိတွင် အခက်အခဲအမျိုးမျိုးကြောင့် အဆိုပါမြို့နယ်တို့မှ ကျေးရွာအချို့တွင်  မြေအိုးလုပ်ငန်းလုပ်ကိုင်ခြင်းကို ရပ်နားမှုများရှိလာနေသည်။ 

“ရွာကလူတွေက ဒီလုပ်ငန်းနဲ့ ဝင်ငွေသိပ်မကောင်းတော့ နိုင်ငံခြားတွေကို သွားကြတယ်။ အဲဒီတော့ လုပ်သားရှားလာတယ်။ လုပ်သားရှားလာတဲ့အတွက် မြေမှုန့်ကြိတ်မယ့်သူ မရှိဘူး။ သူများရွာက လုပ်သားခေါ်ဖို့ကလည်း ငွေအများကြီးပေးပြီး မငှားရမ်းနိုင်ဘူး။ ပြီးတော့ လုပ်ငန်းကျွမ်းကျင်မှုလည်း လိုအပ်တယ်”  ဟု မြေအိုးလုပ်ငန်းကို နှစ်ပေါင်း ၃၀ ကျော်ကြာ လုပ်ကိုင်လာသည့် ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာမှ ဦးထွန်းဝင်းက ပြောသည်။ 

မြေအိုးလုပ်ငန်းအတွက်လိုအပ်သည့် ကုန်ကြမ်းရှားပါးလာခြင်း၊ လုပ်သားရှားလာခြင်းတို့ကြောင့် ယခင်က တစ်လလျှင် မြေအိုးအလုံးအရေအတွက် ၆၀,၀၀၀ ခန့်ထွက်ရှိသော်လည်း လက်ရှိတွင် မြေအိုး ၂၀,၀၀၀ လောက်သာ ထုတ်လုပ်နိုင်တော့သည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိမှာ မြေအိုးလုပ်ငန်းလုပ်ကိုင်ရာ၌ အဓိကလိုအပ်သည့် မြေသားအရင့်အမာများ၊ မြေအိုးကို အရောင်တင်သည့် မြေနီမှုန့်များ ရှားပါးလာသည့်အတွက် မြေအိုးလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်တော့သလို မြေအိုးများမှာလည်း ဈေးကောင်းမရရှိသဖြင့် တွက်ခြေမကိုက်ဖြစ်နေရသည်ဟု မြေအိုးလုပ်ငန်းရှင်များက ပြောသည်။

“မြေအိုးက ဈေးကောင်းမရဘူး။ အဲဒါကြောင့် အမြတ်ငွေမထွက်ဘူး။ အရင်ကဆိုရင် တစ်လမှာ ကျမတို့အိမ်က (မြေအိုး) သုံးရာ၊ လေးရာလောက်ထွက်တယ်။ အခု နှစ်ရာတောင် မထွက်တော့ဘူး။ မြေအိုးလုပ်ဖို့အတွက် မြေသားအရင့်တွေကိုလည်း ရွာပြင်က ရှာယူရတယ်။ မြေနီမှုန့်ဆိုလည်း အရင်ကလို မဟုတ်ဘူး၊ ရှားလာတယ်။ တစ်ခါတစ်လေ မြေနီမှုန့်ရှာမရလို့ အုတ်နီခဲကို ကြေမွအောင်ထုပြီး သုံးလိုက်ရတာမျိုးတွေလည်း ရှိတယ်”  ဟု ရသေ့တောင်မြို့နယ်၊ ငတောက်တူကြီးကျေးရွာမှ မပေါက်လှက ပြောသည်။

မြေအိုးလုပ်ငန်းလုပ်ကိုင်ရာ၌ သောက်ရေအိုး အလုံး ၁၀၀ ကို ငွေကျပ် ၁၅၀,၀၀၀၊ မီးသွေးမီးဖို အလုံး ၁၀၀ ကို ငွေကျပ် ၆၀,၀၀၀ သာ ဈေးရရှိသည်ဟု လုပ်ငန်းရှင်များထံက သိရသည်။ ထိုကဲ့သို့ ဈေးကောင်းမရရှိခြင်းကြောင့် ရိုးရာမြေအိုးလုပ်ငန်းလုပ်ကိုင်သူ တဖြည်းဖြည်းနည်းပါးလာကာ နောက်ဆုံးမှာ လုံးဝ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေရသည်ဟု မြေအိုးလုပ်ငန်းရှင်များက ဆိုကြသည်။ 

“ဒီအလုပ်က စီးပွားရေးမဖြစ်ဘူး။ ဝင်ငွေနဲ့ ထွက်ငွေမမျှဘူး။ အရှုံးပေါ်တာတွေရှိတယ်။ ဒီအလုပ်ကို ပျောက်ကွယ်မသွားရအောင်၊ ပိုပြီးလုပ်ချင်လာအောင်၊ လူငယ်တွေက စိတ်ဝင်စားလာအောင် ဆိုရင်တော့ အစိုးရက ချေးငွေတွေ ထုတ်ပေးမယ်ဆိုရင် ဒီအလုပ်က ခိုင်ခန့်ပြီး လူငယ်တွေ ပိုပြီးတော့ စိတ်ဝင်စားလာပြီး ထိန်းသိမ်းလာကြလိမ့်မယ်လို့ မြင်တယ်” ဟု ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာမှ ဦးမောင်စိုးဝင်းက ပြောသည်။ 

လက်ရှိမှာ ရခိုင်ပြည်အတွင်း ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာ တစ်ခုတည်းတွင်သာ မြေအိုးလုပ်ငန်းကို သက်မွေးဝမ်းကျောင်းအဖြစ် အဓိက လုပ်ကိုင်လျက်ရှိကြပြီး ကျန်မြို့နယ်တို့တွင် မြေအိုးလုပ်ငန်းကို တပိုင်တနိုင်သာ လုပ်ကိုင်လျက်ရှိကြတော့ကြောင်း သိရသည်။ 

#R005

ဗီဒီယိုများ