အခက်အခဲတချို့ကြောင့် ရမ္မာဝတီ ရိုးရာလှေလှော်ပြိုင်ပွဲကို ယခုနှစ်တွင် မကျင်းပ

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် မေလအတွင်း နှစ်စဉ်ကျင်းပလေ့ရှိသော ရမ္မာဝတီ ရိုးရာလှေလှော်ပြိုင်ပွဲကို ယခုနှစ်တွင် အခက်အခဲတချို့ရှိ၍ မကျင်းပနိုင်ကြောင်း ရိုးရာလှေလှော်ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

By Admin 28 Apr 2023

အခက်အခဲတချို့ကြောင့် ရမ္မာဝတီ ရိုးရာလှေလှော်ပြိုင်ပွဲကို ယခုနှစ်တွင် မကျင်းပ

DMG ၊ ဧပြီ ၂၈

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် မေလအတွင်း နှစ်စဉ်ကျင်းပလေ့ရှိသော ရမ္မာဝတီ ရိုးရာလှေလှော်ပြိုင်ပွဲကို ယခုနှစ်တွင် အခက်အခဲတချို့ရှိ၍ မကျင်းပနိုင်ကြောင်း ရိုးရာလှေလှော်ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ယခုနှစ်တွင် ရိုးရာလှေလှော်ပြိုင်ပွဲ မကျင်းပခြင်းမှာ ဒေသအတွင်း လူငယ်များမရှိခြင်း၊ ငွေကြေးအခက်အခဲရှိခြင်းအပြင် လုံခြုံရေးအခြေအနေ စိုးရိမ်ရခြင်းတို့ကြောင့်ဖြစ်သည်ဟု ရိုးရာလှေလှော်ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ ဗဟိုကော်မတီဝင် ဦးထွန်းနိုင်ကပြောသည်။

“ဒီနှစ်က ငွေကြေးပိုင်းဆိုင်ရာတွေလည်း အခက်အခဲရှိတယ်။ ပြီးတော့ ရွာကလူငယ်တွေ အကုန်လုံးကလည်း နိုင်ငံခြားသွားတာတွေ များကြတယ်၊ စီးပွားရေး အဆင်မပြေကြတော့လေ။လှေလှော်မဲ့ သူတွေတောင် မရှိကြတော့ဘူး။ နောက်တစ်ခုက အခု နိုင်ငံရေးအခြေအနေအရ လုံခြုံရေးအခြေအနေကလည်း စိုးရိမ်ရတယ်။ အဲဒါကြောင့် မကျင်းပတာဖြစ်တာ”ဟု ၎င်းကဆိုသည်။

ယခင်နှစ်ကကျင်းပခဲ့သော ရမ္မာဝတီ ရိုးရာလှေလှော်ပြိုင်ပွဲကို ရမ်းဗြဲမြို့နယ်အပြင် မာန်အောင်၊ တောင်ကုတ် စသည့်မြို့နယ်များမှ လှေအစီးရေ ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

နှစ်စဉ်ကျင်းပနေသည့် ရိုးရာလှေလှော်ပြိုင်ပွဲကို ယခုနှစ်တွင် မကျင်းပနိုင်သည့်အပေါ် စိတ်မကောင်းဖြစ်သည်ဟု ယခင်နှစ်က ရိုးရာလှေလှော်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မာန်အောင်ဒေသခံ ကောင်းမြတ်ဇော်က ပြောသည်။

“ကျနော်တို့ ပြီးခဲ့တဲ့နှစ်က ဖိတ်ကြားခံရတဲ့အတွက် အားပေးအားမြှောက်နဲ့ သွားပြိုင်ခဲ့ကြတယ်၊ဒီနှစ်လည်း ပြိုင်ပွဲသွားဝင်ဖို့ လုပ်ထားတယ်။ နိုင်တယ်ရှုံးတယ်ဆိုတာက အဓိက မဟုတ်ဘူး၊ ကိုယ့်ရိုးရာကို တန်ဖိုးထားတယ်။ ကျင်းပပေးတဲ့မြို့နယ်ကို အားဖြည့်ပေးတဲ့သဘောပေါ့။ ဒီနှစ်မကျင်းပဖြစ်ဘူးဆိုတာကို ကြားရတော့ တစ်ကယ်စိတ်မကောင်းဖြစ်မိတယ်”ဟု ၎င်းကဆိုသည်။

ရမ်းဗြဲမြို့နယ်တွင် ရိုးရာလှေလှော်ပြိုင်ပွဲကို မြောက်ဦးခေတ်မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မကျင်းပခဲ့သည့် ရိုးရာလှေလှော်ပြိုင်ပွဲကို ၁၉၄၈ ခုနှစ်အရောက်တွင် ပြန်လည်ကျင်းပခဲ့သည်။

အဆိုပါ ရိုးရာလှေလှော်ပြိုင်ပွဲကို ၂၀၀၇ ခုနှစ်တွင်လည်း တစ်ကြိမ် ရပ်နားခဲ့ရပြီး ယင်းနောက် ကိုဗစ်ဖြစ်ပွားမှုကြောင့် ၃ နှစ်ဆက်တိုက် မကျင်းပနိုင်ခဲ့ဘဲ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့သည်။ ယခု ၂၀၂၃ ခုနှစ်တွင်လည်း အခက်အခဲအချို့ကြောင့် ရိုးရာလှေလှော်ပြိုင်ပွဲကို မကျင်းပရန် ဆုံးဖြတ်ထားခဲ့သည်။

ရမ်းဗြဲမြို့နယ်မှ ရမ္မာဝတီ ရိုးရာလှေလှော်ပြိုင်ပွဲသည် ရခိုင်ပြည်အတွင်း ထင်ရှားသော လှေလှော်ပြိုင်ပွဲတစ်ခုဖြစ်သည်။ လှေလှော်ပြိုင်ပွဲကို ရခိုင်ပြည်အတွင်းက ကျောက်တော်တောင် ဘုရားပွဲ၊ မြောက်ဦးမြို့မှ သျှစ်သောင်းဘုရားပွဲတို့တွင် ထည့်သွင်းကျင်းပလေ့ရှိသည်။

#F001

ဗီဒီယိုများ