၂၀၂၀ ရွေးကောက်ပွဲ ရခိုင်ပြည်နယ်မှာ ဘာတွေထူးခြားခဲ့သလဲ

ယခုတစ်ခေါက် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းမှာ ဘာတွေထူးခြားမှုတွေ ရှိခဲ့သလဲဆိုတာကို DMG က ရရှိထားသည့် အချက်အလက်များကို သတင်းထောက် မင်းထွန်းက စုစည်းတင်ပြပေးထားသည်။

14 Nov 2020

(Design - Chan Aye)

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကဲ့သို့ ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲကျင်းပခွင့်ရသော မြို့နယ်အချို့မှာ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်အားလုံးမှာ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သောကြောင့် တောင်ပိုင်းမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားပါတီများက ပြည်မအခြေစိုက်ပါတီများနှင့် အပြိုင်အဆိုင် မဲဆွယ်စည်းရုံးခဲ့ကြပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြသည်။

ယခုတစ်ခေါက် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းမှာ ဘာတွေထူးခြားမှုတွေ ရှိခဲ့သလဲဆိုတာကို DMG က ရရှိထားသည့် အချက်အလက်များကို သတင်းထောက် မင်းထွန်းက စုစည်းတင်ပြပေးထားသည်။

(၁) လူတစ်သန်းကျော် မဲပေးခွင့်မရခဲ့သော ရွေးကောက်ပွဲ

အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များကဲ့သို့ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သောကြောင့် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပခွင့်မရသော မဲဆန္ဒနယ်များတွင်နေထိုင်သူ လူဦးရေတစ်သန်းကျော် (တစ်ဆယ့်နှစ်သိန်းကျော်) မဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့ရပြီး ရွေးကောက်ပွဲနေ့ မရောက်မီကတည်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဝေဖန်မှုများ အများအပြား ပေါ်ထွက်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ မကျင်းပနိုင်ဟုဆိုကာ ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်(၉)ခုတို့တွင် မြို့လုံးကျွတ် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

ယင်းအထဲမှ ပေါက်တော၊ မောင်တောမြို့နယ်တို့တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းသလို တိုက်ပွဲများလည်း ဖြစ်ပွားမှုမရှိဘဲ ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းအပေါ် နိုင်ငံရေးပါတီများက UEC အား ဝေဖန်ခြင်းများ မြင့်တက်ခဲ့သည်။

ယင်းအပြင် စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄)အုပ်စု၊ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု (၄၉)စု၊ အမ်းမြို့နယ်မှ ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု (၂၅)စု၊ တောင်ကုတ်မြို့နယ်မှ ရပ်ကွက် (၁၀)ခု၊ ကျေးရွာအုပ်စု (၅၂)စုတို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပေ။

မာန်အောင်၊ ရမ်းဗြဲ၊ ဂွ၊ သံတွဲ (၄)မြို့နယ်တို့တွင်သာ မြို့နယ်လုံးကျွတ်အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

မြို့နယ်ရှစ်ခုတွင်သာ ရွေးကောက်ပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး မဲရုံပေါင်း ၇၅၅ ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ လေးသိန်းကျော်ရှိခဲ့သည်။

(၂) ရခိုင်အခြေစိုက်ပါတီ (၃)ခု ဝင်ရောက်ယှဉ်ပြိုင်ခြင်း

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အခြေစိုက်ပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ(AFP) စသည့် ရခိုင်ပါတီ (၃) ခု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ရခိုင်အမျိုးသားပါတီ(ANP) တစ်ခုတည်းသာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ANP ပါတီသည် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)တို့ ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ALD ပါတီသည် အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၇ ခုနှစ်တွင် ANP ပါတီမှခွဲထွက်ကြောင်း ကြေညာခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်ထံ ALD ပါတီကို အသစ်ပြန်လည် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ယခင် ANP ပါတီဥက္ကဋ္ဌဖြစ်သည့် ဒေါက်တာအေးမောင်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်အမျိုးသားပါတီ(ANP)မှ နုတ်ထွက်စာတင်ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ၎င်းဦးဆောင်သည့် AFP ပါတီကို တည်ထောင်ခွင့်လျှောက်ခဲ့သည်။

(၃) ALD ပါတီ ရှုံးနိမ့်ခဲ့သော ရွေးကောက်ပွဲ

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၆ မြို့နယ်မှ မဲဆန္ဒနယ်အားလုံးတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲဆန္ဒနယ်တစ်နေရာမှ အနိုင်မရရှိခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ပြောသည်။

ALD ပါတီအနေဖြင့် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊တောင်ကုတ်နှင့် သံတွဲမြို့နယ်များတွင် အမျိုးသားလွှတ်တော်တွင် (၄) နေရာ၊ ပြည်သူ့လွှတ်တော်တွင် (၆) နေရာနှင့် ပြည်နယ်လွှတ်တော်တွင် (၁၀) နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ALD ပါတီ ရှုံးနိမ့်ခဲ့သည့်မြို့နယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) တို့မှ အနိုင်ရရှိမှုများရှိခဲ့ကြောင်း သက်ဆိုင်ရာပါတီများထံမှ သိရသည်။

(၄) အောင်ပွဲရလဒ်မထွက်ခဲ့သော တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ

ရခိုင်ပြည်နယ်တွင် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း (၁၈) ဦးတွင် အနိုင်ရရှိသူမရှိကြောင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

ပြည်နယ်လွှတ်တော်နေရာအတွက် မာန်အောင်မြို့နယ်မှ (၃) ဦး၊ ရမ်းဗြဲမြို့နယ်မှ (၁) ဦး၊ အမ်းမြို့နယ်မှ (၂) ဦး၊ စစ်တွေမြို့မှ (၁) ဦး၊ ဂွမြို့နယ်မှ (၁) ဦး၊ တောင်ကုတ်မြို့နယ်မှ (၁) ဦးနှင့် သံတွဲမြို့နယ်မှ (၃) ဦး၊ စုစုပေါင်း ( ၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ယင်းအပြင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မာန်အောင်မြို့မှ (၂) ဦး၊ ဂွမြို့မှ (၁) ဦး၊ သံတွဲမြို့မှ (၁) ဦး၊ အမျိုးသားလွှတ်တော်နေရာအတွက် မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ် (၁၁) တွင် (၂) ဦး စုစုပေါင်း(၆)ဦးတို့မှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

(၅) NLD အောင်မြေအချို့တွင် ရခိုင်ပါတီများ အနိုင်ရရှိခြင်း

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အနိုင်ရခဲ့ပြီး NLD အမာခံနယ်မြေများဟု ခေါ်ဆိုခဲ့ကြသော တောင်ကုတ်မြို့နယ်နှင့် မာန်အောင်မြို့နယ်တို့မှ မဲဆန္ဒနယ်အားလုံးတွင် ယခုရွေးကောက်ပွဲ မဲရလဒ်များအရ ရခိုင်အမျိုးသားပါတီ(ANP) က အနိုင်ရသွားကြောင်း သိရသည်။

ANP ပါတီအနေဖြင့် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)တွင် (၄၆၃၃)မဲ၊ ပြည်သူ့လွှတ်တော်တွင်(၅၀၆၉)မဲ၊ အမျိုးသားလွှတ်တော်တွင်(၅၀၁၅)မဲဖြင့် မဲအများဆုံးရရှိကာ အနိုင်ရရှိသွားခြင်းဖြစ်သည်။

တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းအပြင် ANP ပါတီအနေဖြင့် မာန်အောင်မြို့နယ်မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၊ (၂) အပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် မဲရာကျော်ဖြင့် အနိုင်ရရှိကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

သို့သော်လည်း ယင်ခင်ရွေးကောက်ပွဲများတွင် NLD ပါတီအားကောင်းခဲ့သည့် ဂွ၊ သံတွဲမြို့နယ်တို့မှာတော့ ရခိုင်ပါတီများ အနိုင်ရရှိခြင်းမရှိဘဲ NLD ပါတီမှ အနိုင်ရရှိမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း အဆိုပါပါတီ၏ မဲရုံကိုယ်စားလှယ်များထံမှ သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဝင်ရောက်ယှဉ်ပြိုင်သည့် ဂွမြို့နယ်ရှိ ပြည်နယ်လွှတ်တော်အမှတ်(၁)၊ (၂)၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နေရာတို့တွင် NLD ပါတီမှ မဲအနိုင်ရရှိနေခြင်းဖြစ်သည်။

အလားတူ သံတွဲမြို့နယ်ရှိ ပြည်နယ်လွှတ်တော်အမှတ်(၁)၊(၂)၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နေရာတို့တွင် NLD ပါတီမှ မဲအသာစီးရနေကြောင်း သိရသည်။

ယင်းမြို့နယ်များတွင်လည်း ရခိုင်ပါတီများအနေဖြင့် ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင်လည်း အနိုင်ရရှိမှုမရှိခဲ့ပေ။

(၆) ရခိုင်ပြည်နယ်လွှတ်တော်ထဲက အမျိုးသမီးကိုယ်စားပြုမှု

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော်ထဲ၌ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် နေရာမရရှိခဲ့သော်လည်း နိုင်ငံရေးပါတီများမှ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ရလဒ်များအရ လာမည့်တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦး လွှတ်တော်တက်ရောက်ခွင့် ရှိလာမည်ဖြစ်သည်။

အဆိုပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာ ရခိုင်အမျိုးသားပါတီ(ANP)မှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် မာန်အောင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်တင်ရီနှင့် တောင်ကုတ်မြို့နယ် အမှတ်(၂)တွင် ယှဉ်ပြိုင်သည့် ဒေါ်ခင်မျိုးယဉ် တို့ဖြစ်ပြီး လက်ရှိမဲရလဒ်အရ အသာစီးရနေခြင်းဖြစ်သည်။

ယခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ရခိုင်အမျိုးသားပါတီမှ ၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီမှ ၁ ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၁ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၁ ဦး၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီမှ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၂ ဦး စုစုပေါင်းအမျိုးသမီးကိုယ်စားလှယ် (၁၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ဗီဒီယိုများ