စစ်ကောင်စီရဲ့ ၂၀၂၂ ငြိမ်းချမ်းရေးခြေလှမ်း ဘယ်အထိခရီးရောက်မလဲ

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ NCA မထိုးရသေးသည့် EAOs အပြင် နိုင်ငံရေးပါတီများနှင့်လည်း အကြိမ်ကြိမ်ဆွေးနွေးရန်ရှိနေကြောင်း ပြောလာသည်။

By ဂေါင် 03 Feb 2022

DMG ၊ ဖေဖေါ်ဝါရီ ၃

(ဆောင်းပါး)

မြန်မာ့ငြိမ်းချမ်းရေးအခင်းအကျင်းမှာ ယခင်က ပင်လုံကတိကဝတ်နှင့်တိုင်ပတ်ခဲ့ရသလို လက်ရှိတွင် NCA ကို မြင်လာရသည်။ ယင်း NCA ကလည်း ပင်လုံကိုကျော်လွန်ပြီး ခရီးမပေါက်နိုင်ဘဲ အငြင်းအခုန်တို့နှင့် ခရီးဆက်နေပြီး လတ်တလောတွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့မှာ ရှုပ်ထွေးနေတော့သည်။

ဤသို့အချိန်အခါအာဏာသိမ်းပြီး ၁ နှစ်ခန့်အကြာ ၂၀၂၂ နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးကို ခြေလှမ်းသစ်အဖြစ်လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်များမှာလည်း အောင်မြင်မည်ဟု ယုံကြည်ထားကြောင်း စစ်ကောင်စီက ရဲဝံ့စွာထုတ်ပြောလာသည်။

လက်ရှိတွင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ လွန်စွာရှုပ်ထွေးနေပြီး နေ့စဉ် သေနတ်သံ၊ တိုက်လေယာဉ်အသံတို့အပြင် စစ်မီးတောက်တို့အကြား နေရပ်စွန့်ခွာနေရသူတို့ နေ့စဉ်ထောင်ချီရှိနေသည်။ ယင်းကြောင့် စစ်ကောင်စီယုံကြည်ထားသည့် ၂၀၂၂ ငြိမ်းချမ်းရေးခြေလှမ်းသစ်မှာ အောင်မြင်နိုင်ပါ့မလားဟု မေးခွန်းထုတ်စရာရှိလာသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ NCA မထိုးရသေးသည့် EAOs အပြင် နိုင်ငံရေးပါတီများနှင့်လည်း အကြိမ်ကြိမ်ဆွေးနွေးရန်ရှိနေကြောင်း ပြောလာသည်။

“တွေ့ဆုံဆွေးနွေးရင်းကနေတဆင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်တာတွေ၊ နားလည်မှုရရှိတာတွေ ပထမအဆင့်ဖြစ်တဲ့ Bilateral ကိစ္စတွေ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ Gentleman agreement ကိစ္စတွေ တစတစဖြစ်ပေါ်လာနိုင်မယ်လို့ ၂၀၂၂ ခုအတွင်းမှာ ခြေလှမ်းတစ်ရပ်ကိုလှမ်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု မီဒီယာများကိုပြောသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့အထိ NCA လက်မှတ် ရေးထိုးထားသည့် EAOs (၁၀)ဖွဲ့နှင့် ၁၆ ကြိမ်၊ NCA လက်မှတ်မထိုးရသေးသည့် EAOs အဖွဲ့များနှင် ၉ ကြိမ်၊ ယင်းအပြင် နိုင်ငံရေးပါတီများနှင့် ၆ ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များနှင့် ၂ ကြိမ်၊ စုစုပေါင်း ၃၃ ကြိမ်တွေ့ဆုံခဲ့ကာ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နေမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်ပွဲတွင် ရှင်းပြခဲ့သည်။

စစ်ကောင်စီက ဆုပ်ကိုင်ထားတဲ့ NCA မူ

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ၂၀၂၂ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် “၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစတင်ရန် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ နံပါတ် ၄ အချက်မှာဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ကြောင်း” ပြောဆိုထားသည်။

ယင်းနံပါတ်(၄)အချက်မှာ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA ပါ သဘောတူညီချက်အတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်သွားမည်”ဟု ဖော်ပြထားသည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီသွားမည့် ငြိမ်းချမ်းရေးလမ်းမှာ NCA ကို အားလုံးအဖွဲ့ပါဝင်နိုင်ရေးမူကို စွဲကိုင်ထားခြင်းလည်းဖြစ်သည်။

သို့သော်လည်း NCA လမ်းကြောင်းမှာ လှုပ်၍မရသည့်အခြေအနေတွင် ရောက်ရှိနေသည်။ အကြောင်းမှာ NCA ရေးထိုးထားသည့် KNU၊ CNF၊ DKBA စသည့် အဖွဲ့အချို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေမှု အပါအဝင် NCA ထိုးထားသူတို့ကလည်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး လုံးဝဆွေးစရာအကြောင်းမရှိဟု ထုတ်ဖော်ပြောဆိုလာကြသည်။

NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဖဒိုစောတောနီးက “ကျနော်တို့ကို NCA အကြောင်းကိုလာပြောလည်း ဘာမှနားမထောင်နိုင်ဘူး။ ကျနော်တို့လည်း ကြုံတွေ့ခဲ့ရမှုပေါင်းများပြီ။ လက်ရှိအနေအထားအရ အာဏာသိမ်းလိုက်တဲ့အပေါ်မှာ NCA ဟာ လုံးဝအလုပ်မဖြစ်တော့ဘူး။ အလုပ်ဖြစ်စရာအကြောင်းလည်း မရှိတော့ဘူး” ဟု DMG နှင့်အင်တာဗျူးတွင် ပြတ်ပြတ်သားသားငြင်းဆိုထားသည်။

NCA သည် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင်ပဋိပက္ခများကိုချုပ်ငြိမ်းပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး၊ အာမခံချက်အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ရန်အထိရည်ရွယ်ပြီး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့မှာ RCSS၊ KNU၊ DKBA၊ KNU/KNLA-PC)၊ PNLO၊ ABSDF၊ ALP၊ CNF၊ NMSP နှင့် LDU စုစုပေါင်း ၁၀ ဖွဲ့ရှိနေသလို အခြားတဘက်တွင်လည်း NCA မထိုးရသေးသောအဖွဲ့များမှာ AA၊ UWSA၊ KIA၊ KNPP၊ RCSS/SSA၊ NDAA၊ TNLA၊ MNDAA စသည်ဖြင့် အင်အားကြီး(၈)ဖွဲ့နှင့် တခြားအင်အားနည်းသည့် လက်နက်ကိုင်အဖွဲ့ငယ်တချို့လည်း ရှိနေသးသည်။

သို့သော် NCA လက်မှတ်ရေးထိုးပြီးနောက် ယခု ၇ နှစ်ခန့်ကြာလာခဲ့သည့်တိုင် ပဋိပက္ခငြိမ်းအေးမသွားဘဲ နိုင်ငံတဝှမ်းတွင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနေပြီး ယခုအာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသား ဒေသများတွင်သာမက ဗမာတိုင်းရင်းသားများနေထိုင်ရာ ပြည်မအတွင်းပိုင်းတွင်ပါ တိုက်ပွဲများ ပိုမိုဖြစ်ပွားနေသည်ကို တွေ့ရသည်။

ယင်းကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းထားခြင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ရမည့် NCA- EAOs ရပ်တည်ချက် အပြောင်းအလဲများရှိနေခြင်းတို့ကိုလည်း တွေ့ရသည်။
NCA- EAOs (၁၀)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းကလည်း “အနာဂတ်ကာလ ငြိမ်းချမ်းရေးဖော်ဆောင်မှုဟာ ကျနော်တို့က NCA အနှစ်သာရကို အခြေခံထားတယ်ဆိုပေမယ့်လည်း NCA ရဲ့မူဘောင်အတိုင်း ရှေ့ဆက်အကောင်အထည်ဖော်ဖို့အတွက်တော့ တော်တော်လေး အခက်အခဲရှိနေပြီ”ဟု ရှုမြင်သည်။

ယင်းကြောင့် NCA လမ်းစဉ်ပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ EAOs များပါဝင်ရမည်ဖြစ်ပြီး လက်ရှိတွင် လွှတ်တော်မရှိတော့သည့်အတွက် နိုင်ငံရေးဆွေးနွေးမှု သဘောတူညီချက်များကို အတည်ပြုရန်နေရာ မရှိတော့ပေ။ ယင်းကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ရှိသေးသလားဟူ၍ပင် ထင်မှတ်စရာဖြစ်လာနေသည်။

စစ်ကောင်စီက EAOs တွေနဲ့ ငြိမ်းချမ်းရေးချဉ်းကပ်နေမှုဟာ PDF ကို အင်အားနည်းအောင်လုပ်ခြင်းလား

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစု(PDF) အပြတ်သတ်ချေမှုန်းရန်နှင့် တခြား EAOs အဖွဲ့တို့နှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေခြင်းတို့ကို လျှော့ချနိုင်ရန်အတွက် မြောက်ပိုင်းအင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကို စစ်ကောင်စီက ငြိမ်းချမ်းရေးလုပ်ငန်းချဉ်းကပ်မှုတို့ ရှိနေသည်။

ယင်းကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က NDAA အုပ်ချုပ်ရာ မိုင်းလားမြို့တွင် NCA မထိုးရသေးသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် EAOs များနှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်အဖွဲ့တို့ အလွတ်သဘောတွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

တွေ့ဆုံပွဲကို အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တို့ဖြစ်ကြသော “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ ရက္ခိုင့်တပ်တော်(AA)၊ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် မိုင်းလားအဖွဲ့(NDAA)တို့မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်။

ယင်းပွဲတွင် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လက်နက်ကိုင်ပဋိပက္ခများ လျော့ချရေး၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များကို အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

သို့သော် ယင်းတွေဆုံပွဲ၏ ထူူးခြားချက်တစ်ခုမှာ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုသွားလျှင် အလုပ်မဖြစ်၊ အဆင်မပြေကြောင်း ထိုတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် အဖွဲတစ်ခုက စစ်ကောင်စီတာဝန်ရှိသူတို့ကိုပြောဆိုခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ စစ်ကောင်စီဘက်ကတော့ ယင်းအကြောင်းအရာတို့ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ယင်းအပြင် စစ်ကောင်စီမျှော်မှန်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟူသောစကားရပ်တွင် လက်ရှိဗမာပြည်တော်လှန်ရေးအင်အားစုများဖြစ်ကြသော PDF ကိုတော့ ထည့်သွင်းစဉ်းထားခြင်းမရှိပေ။ NUG လက်အောက်ခံ PDF တို့မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့်အတွက် ဆွေးနွေးစရာမရှိဟု စစ်ကောင်စီက အတိအလင်းငြင်းဆန်ထားသည်။

ယင်းအချက်ကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများသာ ဆွေးနွေးလိုခြင်းမှာ လက်ရှိတော်လှန်ရေးအင်အားစုများဖြစ်ကြသော PDF တို့ မပါဝင်သည့်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခက်အခဲရှိမည်ဟုလည်း စဉ်းစားချက်တို့ရှိနေကြသည်။

ရခိုင့်နိုင်ငံရေးသမား ANP ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းအောင်ကျော်က “NCA လမ်းကြောင်းပဲ ဆက်သွားပြီး PDF ၊ NUG တို့ကိုမပါရ။ ဆိုတော့ တချို့ကလည်း NCA အဖွဲ့တွေနဲ့ PDF တွေလည်း ဆက်စပ်မှု ရှိနေတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ အဓိကငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခက်အခဲရှိနေမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ all Inclusion(အားလုံးပါဝင်ရေး)လိုမယ်။ သူမပါနဲ့ ငါမပါနဲ့ ကန့်သတ်ထားရင် ဆက်လက်ပြီး ရင်ဆိုင်တိုက်ပွဲတွေနဲ့ ပဋိပက္ခပဲကြီးထွားလာမယ်”ဟု သူ့၏အမြင်ကိုပြောသည်။

ဆက်စပ်ပြီး အခြားတဖက်၌လည်း NCA လက်မှတ်မထိုးရသေးသည့် EAOs အဖွဲ့တချို့တို့မှာလည်း နိုင်ငံရေး ရည်မှန်းချက်၊ တော်လှန်ရေးရည်မှန်းချက် ကွာခြားချက်တို့ရှိနေသည်ကို တွေ့ရသည်။ ထိုအချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ပြောဆိုနေကြသည်။

ထိုအကြောင်းအရာတို့မှာ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့တို့က တဘက်၊ NCA မထိုးရသေးသည့် UWSA၊ AA ၊ NDAA၊ KIA စသည့်တို့မှာလည်း NCA ကို စိတ်ဝင်စားမှုမရှိဘဲ တခြားသော နိုင်ငံရေး ရည်မှန်းချက်တို့ ရှိနေကြခြင်းဖြစ်သည်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာ ကျွန်တော်တို့ အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ အဓိကအချက်ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံမှာ ကျနော်တို့ ရခိုင်လူမျိုးတွေလိုချင်တဲ့ ကွန်ဖက်ဒရေးရှင်းအမျိုးအစား နိုင်ငံရေးနယ်ပယ် ရှိ/မရှိကို ကျနော်တို့ကြည့်ရမယ်”ဟု Asia Times နှင့်အင်တာဗျူးတွင် ပြောဆိုထားသည်။

စစ်ကောင်စီမျှော်မှန်းထားသည့် ၂၀၂၂ ငြိမ်းချမ်းရေးလမ်းစဉ်မှာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန်၊ တရားဝင်ဆွေးနွေးပွဲတို့ကိုလည်း လိုအပ်သလိုဆောင်ရွက်သွားရန်၊ အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရေးအတွက် Bilateral ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ယင်းမှတစ်ဆင့် NCA အရ တရားဝင်အစည်းအဝေးများနှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်သည်အထိ ညှိနှိုင်းဆောင်ရွက်သွားရန်တို့ဖြစ်သည်။

ယင်းကြောင့် စစ်ကောင်စီအနေဖြင့် NUG နှင့် PDF တို့ကို အပြတ်သတ်နှိမ်နင်းနိုင်ရန်နှင့် PDF တို့ကို ကူညီထောက်ပံ့ပေးနေသည့် EAOs ကိုထိန်းချုပ်နိုင်ရန်အတွက် ငြိမ်းချမ်းရေးလမ်းစဉ်သစ်ပေါ်လစီဖြင့် စစ်ရေးကိုလျှော့ချနိုင်ရေးအတွက် လမ်းကြောင်းလွှဲခြင်းဟုလည်း မှတ်ယူနိုင်သည်။

ထို့အတူ ဆက်စပ်ပြီး အာဆီယံနှင့် တခြားသောကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုကို ဖြေလျှော့ရန်နှင့် စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံရေးတည်ငြိမ်နေပြီဖြစ်ကြောင်း ငြိမ်းချမ်းရေး လမ်းကြောင်းများဖြင့်သွားနေကြောင်းလည်း ချပြချင်သည့်သဘောအဖြစ် တွေ့ရသည်။

ယင်းကြောင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ စစ်ကောင်စီအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းကို သွားရာတွင် တိုင်းရင်းသားဘက်မှ လက်ခံနိုင်လောက်သည့် မော်ဒန်မြင့် ဖက်ဒရယ်ပုံစံသစ်တစ်ခု ချပြနိုင်မှသာ EAOs တို့ကလည်း တွေ့ဆုံရန် စဉ်းစားလာနိုင်မည်လည်းဖြစ်သည်။

ထို့အပြင် တိုင်းရင်းသား EAOs အချင်းချင်း၊ ဗမာလက်နက်ကိုင်အင်အားစုများ အချင်းချင်းတွင် NCA ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ အဆင့်မြင့်ကောင်းမွန်သည့် ဖက်ဒရယ် Modern နှင့် ဖွဲ့စည်းပုံ အသစ်တစ်ခုရေးဆွဲထားရန်လိုအပ်ကြောင်း ရခိုင်နိုင်ရေးသမားတို့က ရှုမြင်ကြသည်။

“Modern မြင့်တဲ့ ဖက်ဒရယ်ပုံစံအသစ်နဲ့ EAO တွေချပြနိုင်တော့ မဆိုးဘူးပေါ့။ အဲဒါတောင်မှ ဖွဲ့စည်းပုံကို ပြန်လည်ရေးဆွဲနိုင်မှ တိုင်းရင်းသားတွေဘက်ကလည်း လက်ခံနိုင်မယ့် အနေအထားရှိပါတယ်”ဟု ရခိုင့်ဝါရင့် နိုင်ငံရေးသမားလည်းဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးဖေသန်းက DMG သို့ ပြောသည်။

လက်ရှိတွင် NUG ဘက်ကလည်း တိုင်းရင်းသားတို့ကို အခွင့်အရေးပေးမည်ဟု ပြောဆိုမှုများရှိသည့်အတွက် မြန်မာနိုင်ငံအတွက် အားလုံးလက်ခံနိုင်သည့် ဖွဲ့စည်းပုံအသစ်တစ်ခုရေးဆွဲထားမှ အဆင်ပြေမည်ဟုလည်း နိုင်ငံရေးသမားတို့က ပြောဆိုနေကြသည်။

ဦးဖေသန်းက “ဒီအချိန်မှာတော့ တိုင်းရင်းသားတွေနဲ့ NUG၊ NUCC တို့ လှုပ်ရှားနေတဲ့ အဖွဲ့အားလုံးနဲ့ ပေါင်းပြီးတော့ ဖွဲ့စည်းပုံဖက်ဒရယ်မော်ဒန်တစ်ခုကိုတော့ ရေးဆွဲထားဖို့လိုတယ်။ အဲဒီခါမှ စစ်တပ်နဲ့ စကားပြောရမှာဖြစ်တယ်”ဟု သုံးသပ်ထားသည်။

ဂေါင် - ရေးသားသည်။

ဗီဒီယိုများ